Friday, August 14, 2015

ဆည်တွေကြောင့် ရေမကြီးပါ


အင်တာနက်လူမှု ကွန်ရက်များကြောင့် ပြည်သူအများ သိသင့်သိထိုက် သောသတင်းတွေ ပညာပေးမှုတွေ လျင်မြန်လာ တာကို ကြိုဆိုပါသည်။ သို့သော်လည်း မှန်သည့်သတင်း၊ မမှန်သည့် သတင်း၊ လှုံ့ဆော်သည့် သတင်း၊ အထင် အမြင် လွဲမှားနိုင်သည့် သတင်း၊ ပုဂ္ဂိုလ်ရေး အပုပ်ချ စော်ကားသည့် သတင်းများကြောင့် အင်တာနက်ဖေ့စ်ဘုတ်ခ်ကို ဖွင့်ကြည့်ချင်စိတ်ကုန်ခန်း သည့် အထိ ဖြစ်မိသည်။ ကောင်းမွန်တိုးတက်သော နည်းပညာရပ်ကို အပြုသဘော မသုံးဘဲ အဖျက်သဘောတစ်လွဲအသုံး ချနေသူများ သထက်များလာလျှင် ရင်လေးစရာ၊ ရင်မအေးစရာဖြစ်လာတော့မည်။ ယခုလည်း အသိပညာ နုနယ် သေးသူ လူတစ်စုကို သွေးထိုးနေသော ဖေ့စ်ဘုတ်ခ်ပေါ်မှ သတင်းတစ်ပုဒ်ကို ဖတ်လိုက်မိသည်။

မိမိတို့နိုင်ငံတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၄)ခုရှိသည့်အနက် တနင်္သာရီတိုင်းဒေသကြီးနှင့် ကယားပြည်နယ် မှအပ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရေကြီးရေလျှံဖြစ်နေသည်မှာ အားလုံးအသိဖြစ် သည်။ နိုင်ငံ တော်က ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့ကို သဘာဝဘေးအန္တရာယ်ကျရောက် ရာ ဒေသဖြစ်ကြောင်း ကြေညာခဲ့ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကူညီကယ်ဆယ် ထောက်ပံ့ရေးလုပ်ငန်းများကို အားသွန်ခွန်စိုက်ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်အပါအဝင် နိုင်ငံတစ်ဝန်းမှ စေတနာရှင်များက ရေဘေးဒဏ်ခံ ရသည့် ပြည်သူများထံအရောက် တွေ့ဆုံအားပေးကူညီစောင့်ရှောက်နေသည် ကို သတင်းစာများနှင့်၊ တီဗွီဖန်သားပြင် တွင် တွေ့ရမည်ဖြစ်သည်။ ပါတီ အဖွဲ့ အစည်းများ၊ အနုပညာသည်များ၊ လုပ်ငန်းရှင်များနှင့် ပြည်သူများ စသည်ဖြင့် ပြည် တွင်းပြည် ပ အလွှာပေါင်းစုံမှ ကိုယ်တိုင်သော်လည်းကောင်း၊ အကျိုးဆောင် များဖြင့်သော်လည်းကောင်း လှူကြတန်းကြ ကူညီကြမှုများကို အားရကျေနပ်ဖွယ် မြင်တွေ့ရသည်။ နိုင်ငံတကာ အကူအညီများလည်း ရောက်ရှိလာပြီသဖြင့် ကူညီကယ်ဆယ်ရေးမှသည် ပြန်လည်တည်ဆောက်ရေးအတွက် အားတက် ဖွယ်ရာပင် ဖြစ်သည်။

တစ်လောက အင်တာနက်ဖေ့စ်ဘုတ်ခ်ပေါ်တွင် ''မြန်မာတစ်နိုင်ငံလုံး ရေကြီးရေလျှံတာဟာ ဆည်တွေ ကြောင့်''ဟူသော အထောက်အထားမဲ့စကား ကို ကြားမိသည်။ ''little knowledge is dangerous'' ''ဗဟုသုတ နည်းပါး လွန်းက အန္တရာယ်ဖြစ်သည်''ဟု အတိုချုပ် မှတ်သားဖူးပါသည်။ ထိုသို့သော ဗဟုသုတနည်းပါး သူတချို့က ဖေ့စ်ဘုတ်ခ်ပေါ် တင်လာသော Post ကို ဖတ်ရှု ရသူအချို့က ဟုတ်နိုးနိုးထင်ယောင် ထင်မှားဖြစ်မည်ကို စိုးရိမ်မိသည်။
မြန်မာနိုင်ငံ၏ ပထဝီအနေအထားအရနိုင်ငံ၏အထက်ပိုင်း၊ အလယ်ပိုင်း၊ အောက်ပိုင်းဒေသများတွင် မိုးရွာသွန်းမှု၊ မိုးရေချိန်လက်မ မတူညီကြပေ။ မိုးများသောဒေသ၊ မိုးနည်းသောဒေသ၊ သမမျှတသောဒေသဟူ၍ ရှိရာ နေရာဒေသအား လုံးနီးပါးသည် စိုက်ပျိုးရေးကို အခြေခံ၍ လုပ်ကိုင်စားသောက် နေရသောနိုင်ငံဖြစ်သည်။ နှစ်ကာလအလိုက် မိုးများခြင်း၊ မိုးနည်းခြင်း၊ မိုးခေါင်ခြင်း ကြုံတွေ့ကြတတ်ရာ စိုက်ပျိုးရေးကိုမှီခိုနေကြရသော နိုင်ငံသား များအတွက် အလိုအပ်ဆုံးမှာ ''အောင်ရေ'' ဖြစ်သည်။ ထို့ကြောင့် မိုးနည်း ရေရှားရပ်ဝန်း ဒေသပြည်သူများက '' ရွှေကိုမလို၊ ငွေကိုမ လို၊ ရေကိုသာ လိုသည်''ဟူ၍ တမ်းတတတ်ကြပါသည်။ ရေမလိုလျှင် ထိန်းထားပြီး ရေလိုလျှင်ထုတ်ပေးရသော ''ဆည်'' ဆိုသည်မှာ နိုင်ငံအတွက် မရှိ မဖြစ် အားကိုး အားထားရာဖြစ်ပါသည်။
အတိတ်သမိုင်းကို ပြန်ကြည့်လျှင် မင်းမြတ်အနော်ရထာလက်ထက် အစဉ် အဆက် ''ဒါယကာကြည်ရွှင် သာသနာစည်ပင်'' အောင် လယ်တွင်းကိုးခရိုင် အပါအဝင် နိုင်ငံအဝန်း မင်းအဆက်ဆက် တည်ဆောက်ခဲ့သည့် ဆည်ရေကို သောက်၍ စည်ပင်ဖွံ့ဖြိုးခဲ့ကြရသည်။ မြန်မာ့တောင်သူလယ်သမားဘဝနှင့် ဆည်မြောင်းချောင်း ကန်သည် ခွဲ၍မရအောင် အထောက် အကူဖြစ်ခဲ့သည်မှာ မည်သူမျှ မငြင်းနိုင်ပါ။
ဆည်များကို စတင်တည်ဆောက်စဉ်ကပင် ပညာရှင်များက ရေပေးဝေ မည့် လယ်ယာမြေဧက၊ နှစ်စဉ်ရေဝင်ရောက်မှု ဆည်အမြင့်၊ အကျယ်အဝန်း တို့ကိုတွက်ချက်ပြီး တည်ဆောက်ကြရခြင်းဖြစ်သည်။ ထို့အပြင်ဆည်ကြီးမကျိုး မပေါက်အောင် ''ရေပိုလွှဲ'' ဆိုသည်ကို ထည့်သွင်းတည်ဆောက်ရသည်။ ပိုလျှံ သည့်ရေကို ရေပိုလွှဲမှတစ် ဆင့် မြစ်ချောင်းထဲသို့ စေလွှတ်ခြင်း သည် လုပ်ရိုး လုပ်စဉ်သာဖြစ်သည်။ မိုးများလျှင် ဆည်ကပင်မိုးရေကို ထိန်းနိုင်ပါသေး သည်။
ယခုနှစ်တွင် တစ်နိုင်ငံလုံး မိုးရွာသွန်းမှု အလွန်များခဲ့သည်။ ကိုမန် (KOMEN) မုန်တိုင်းအရှိန်ကြောင့်လည်း တိုက်ဆိုင်မှုဖြစ်ကာ မိုးများခဲ့ခြင်း ဖြစ်သည်။ တောင်ပေါ်မြေပြန့်မကျန် တစ်နိုင်ငံလုံး ရေကြီးရေလျှံခြင်းသည် ''ဆည်'' တွေ တည်ဆောက်ခြင်းကြောင့် ဟု မျက်စိမှိတ် စွပ်စွဲပြစ်တင်နေသူ တချို့ကို အတိအလင်း ကန့်ကွက်စကား ဆိုလိုက်ပါသည်။ ''ဆည်ရေသောက်ပြီး မြေကြီး မှရွှေသီးကြရသည်၊ တောင်သူလယ်သမားကြီး များကလည်း ထိုသို့ မဆင်မခြင်ပြောသည်ကို ကြားသိပါက စိတ်မကောင်းဖြစ်ကြမည်သာဖြစ် သည်။'' ဆည်ရေမှ လျှပ်စစ်မီးများ ရရှိခံစားကြသူများကလည်း ဆည်တွေ ကိုအားကိုးကြသည်။ ရှိမှဖြစ်မည်။
တောင်သူလယ်လုပ်သူတို့ အသုံးပြုရန် တည်ဆောက်ထားသောဆည်များကို ထိန်းသိမ်းစောင့်ရှောက်ကြရမည် သာဖြစ်သည်။ ဆည်များကြောင့် ရေကြီး ခြင်းမဟုတ်ပါ။ သစ်ပင်သစ်တောပြုန်းတီး၍ မြေဆီလွှာခန်းခြောက် ရေတိုက်စား၍ သစ်ပင်တွေက ရေကို မထိန်း သိမ်းနိုင်တော့၍ ချောင်းတွေ မြောင်းတွေ ရေတွေလျှံသည်ဟု ဆိုနိုင်ကြပါသည်။ ပြည်သူအကျိုးပြု ဆည်မြောင်းတွေကိုတော့ ရန်မရှာကြပါနဲ့ဟု အားကိုးနေကြရမည်ဖြစ်သည့် လယ်ယာတောင်သူတို့၏ ကိုယ်စား ပြောကြား လိုပါသည်။
စိန်လှိုင်ဗိုလ်

No comments:

Post a Comment