Sunday, June 28, 2015

သဘာဝအလှရှုခင်းများဖြင့် ပုံဖော်ထားသည့် 'ရင်တွင်းရေးပြဿနာများ' ဇာတ်ကား ပြင်ဦးလွင်၌ ရိုက်ကူး


မန္တလေး ဇွန် ၂၇
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ပြသသွားရန် ဇာတ်လမ်းတွဲ အဖြစ် စီစဉ်ရိုက်ကူးလျက်ရှိသည့် ''ရင်တွင်းရေးပြဿနာများ''ဇာတ်ကား ဇာတ်ဝင်ခန်းများကို ဇွန်လ တတိယ ပတ်အတွင်းက ပြင်ဦးလွင်မြို့နယ် အင်းလျားကျေးရွာ၊ သင်္ဂတုံကျေးရွာများ အနီးတစ်ဝိုက်တွင် ရိုက်ကူးလျက် ရှိကြောင်း သိရသည်။
အဆိုပါ ရုပ်သံဇာတ်လမ်းတွဲကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် အတူ ဇာဂနာ (ခ
) ဦးသူရတို့ ပူးပေါင်း စီစဉ်ကာ ဒါရိုက်တာဟိန်းစိုးက ရိုက်ကူးနေခြင်းဖြစ်သည်။ အဓိက သရုပ်ဆောင်များအဖြစ် နိုင်းနိုင်းနှင့် သဉ္ဇာ ဝင့်ကျော်တို့ ပါဝင်သရုပ်ဆောင် ထားပြီး တောင်ပေါ်ကျေးလက်ဒေသက သဘာဝအလှရှုခင်းများနှင့် ပုံဖော် ရိုက်ကူးလျက်ရှိသည်။
ဇာတ်ကားအတွက် ဇာတ်လမ်းနှင့် ဇာတ်ညွှန်းရေးသားသူ ဆရာမ မယ်မင်းဘုံက ''အရင်က ရုပ်ရှင် ဇာတ်ကား တွေအတွက် ဇာတ်လမ်း ဇာတ်ညွှန်းတွေ ရေးပေးခဲ့ဖူး ပါတယ်။ အခုလို ဇာတ်လမ်းတွဲ ဇာတ်ကား အတွက် ဒါပထမဦးဆုံးရေးပေးခဲ့ရတာ ဖြစ်ပြီး မြန်မာ့ရုပ်မြင် သံကြားနဲ့လည်း ပထမဦးဆုံး ပူးပေါင်းရိုက်ကူးတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းက မိနစ် ၄ဝစာ၊ အပိုင်း ၁၅ ပိုင်းဖြစ်တဲ့ အတွက် ဇာတ်ကား ကြည့်တဲ့ ပရိသတ် တွေ ငြီးငွေ့မသွားအောင် ဇာတ်ရှိန် အနိမ့်အမြင့်တွေကို ဖန်တီးထားပါ တယ်။ ဇာတ်ကားရဲ့ အစပိုင်း၊ အလယ်ပိုင်း၊ အဆုံးပိုင်းတွေကို တစ်ခန်းနဲ့တစ်ခန်း အချိတ်အဆက် မိအောင် ဇာတ်ညွှန်းကို အထူး ဂရုတစိုက်နဲ့ ရေးသားထားပါတယ်။
ဇာတ်ဝင်ခန်းတွေကို ဒါရိုက်တာ ဟိန်းစိုးနဲ့ သရုပ်ဆောင်တွေက အကောင်းဆုံး သရုပ်ဆောင်ရိုက်ကူး နေတာကို တွေ့ရလို့ ပြသတဲ့အခါမှာ ပရိသတ်တွေ ကျေနပ်အားရလိမ့်မယ် လို့ မျှော်လင့်ပါတယ်'' ဟု ပြော သည်။
အဆိုပါ ဇာတ်ကားရိုက်ကူးလျက် ရှိသော ပြင်ဦးလွင်မြို့နယ် အင်းလျား၊ သင်္ဂတုံကျေးရွာများနှင့်ပတ်ဝန်းကျင် ကျေးရွာများတွင် ရေမြေရာသီဥတု သာယာကောင်းမွန်ပြီး သဘာဝရှုခင်း များနှင့် လှပသောဒေသဖြစ်ကာ သွား လာရေးလွယ်ကူသဖြင့် မြန်မာ့ရုပ်ရှင် လောကသားများ ကျေးလက်သဘာဝ အလှရိုက်ကွင်းများကို မကြာခဏ လာရောက်ရိုက်ကူးလေ့ ရှိသော ဒေသ ဖြစ်ကြောင်း ဒေသခံတစ်ဦးထံမှ သိရ သည်။
တင်မောင်၊အောင်သူရ
(မန်းကိုယ်ပွား)

No comments:

Post a Comment