နေပြည်တော် မေ ၂၆
အမျိုးသား လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန် အစည်းအဝေး
၅၂ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် အမျိုးသား လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ
တနင်္သာရီ တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁)မှ ဦးစိုးသက်၏ နိုင်ငံတော်အစိုးရနှင့် ငြိမ်းချမ်းရေး
ဖော်ဆောင်နေသော KNU အဖွဲ့အား ယင်းတို့၏ နယ်မြေအတွင်း လုပ်ဆောင်နေမှုများကို ဥပဒေနှင့်အညီ
ဆောင်ရွက်နိုင်ရန် အာဏာပိုင်အဖွဲ့များက ကူညီပူးပေါင်းထိန်းသိမ်း ကြပ်မတ် ဆောင်ရွက်ပေးရန်
အစီအစဉ်ရှိ၊ မရှိမေးခွန်းနှင့် စပ်လျဉ်း၍ သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်သိမ်းက
တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်လက်မှတ် ရေးထိုးပြီး
နှစ်ဖက်တပ်ဖွဲ့ဝင်များလိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများနှင့် ပူးတွဲစောင့်ကြည့် ကြီးကြပ်ရေး
ကော်မတီများ အသက်ဝင်လာပါက KNU အပါအဝင် ငြိမ်းချမ်းရေး ဖော်ဆောင်နေသော တိုင်းရင်းသား
လက်နက်ကိုင် အဖွဲ့အစည်းများ၏ လုပ်ဆောင်နေမှုများကို ဥပဒေနှင့်အညီ ပိုမို ထိရောက်စွာ
ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း။
KNU အဖွဲ့ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များသည် တပ်ဖွဲ့ဝင်များ၏
ငြိမ်းချမ်းရေး သဘောတူစာချုပ်အရ လိုက်နာရမည့် စည်းကမ်းများ၊ တပ်မတော်၏ ငြိမ်းချမ်းရေးမူဝါဒ
သဘော ထားအရ ဒို့တာဝန်အရေး(၃)ပါးနှင့် တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး အပိုင်းတွင်
မှားယွင်းစွာ လုပ်ဆောင်နေသည့် ကိစ္စရပ်များအပေါ်တွင် ဆက်ဆံရေး ရုံးမှတစ်ဆင့် ကန့်ကွက်အကြောင်းကြားစာ
များ ပေးပို့ အကြောင်းကြားခြင်းတို့ဖြင့် ထိန်းသိမ်းကြပ်မတ်လျက် ရှိပါကြောင်း၊ ဥပဒေဘောင်အတွင်းမှ
မူဝါဒများ ချမှတ်၍ ၎င်းတို့နယ်မြေအတွင်း ပြန်လည်အခြေချနေထိုင်နိုင်ရေး၊ ပြန်လည်ထူထောင်ရေး
လုပ်ငန်းများ အဖြစ် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်းဖြင့်
ပြောကြားသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဦးတင်မောင်ဝင်း၏
ရွှေလီ (၃) ရေအားလျှပ်စစ် စီမံကိန်းအား အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာတွင် ဘဏ္ဍာနှစ်အလိုက်
လိုအပ်သည့် ရန်ပုံငွေနှင့် အဓိကလိုအပ်သော တည်ဆောက်ရေး ပစ္စည်းများခွင့်ပြု ချထားပေးရာ၌
သင့်တင့်လုံလောက်စွာ တိုးမြှင့်ချထားပေးရန် အစီအစဉ်ရှိ၊ မရှိမေးခွန်းနှင့် စပ်လျဉ်း၍
လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမော်သာထွေးက ရွှေလီ(၃) စီမံကိန်းအကောင်အထည်ဖော်ရေးအတွက်
အဓိကအားဖြင့် ရန်ပုံငွေနှစ်စဉ်ပျမ်းမျှ ကျပ်ဘီလီယံ (၁၅၀)ခန့်လိုအပ်မည်ဖြစ်ရာ နိုင်ငံတော်ရန်ပုံငွေ
နှစ်စဉ်ခွဲဝေရရှိရန် အခက်အခဲရှိသည့်အတွက် ကမ္ဘာ့ဘဏ်အပါအဝင် အပြည်ပြည်ဆိုင်ရာ ငွေကြေး
အဖွဲ့အစည်းများထံမှ သက်သာသောအတိုးနှုန်းဖြင့် ချေးငွေရရှိရေးဆွေးနွေးလျက်ရှိသကဲ့သို့
ပြည်ပမှကျွမ်းကျင်သူ Developer များနှင့်လည်း အကောင်အထည်ဖော်မှုအပိုင်းအား ပူးပေါင်း
ဆောင်ရွက်ရန် ဆွေးနွေးညှိနှိုင်းလျက်ရှိရာ မကြာမီသဘောတူညီချက်များရရှိမည့် အခြေအနေသို့
ရောက်ရှိလာမည်ဖြစ်ပါကြောင်း။
ရွှေလီ(၃) ရေအားလျှပ်စစ်စီမံကိန်းအတွက် ကြီးမားသောစက်ကိရိယာများနှင့်
များပြားသော တည်ဆောက်ရေး ပစ္စည်းများ လုပ်ငန်းခွင်အရောက် ပို့ဆောင်နိုင်ရေး ဆောင်ရွက်ရာတွင်
တွင်းငယ်-မိုးမိတ်လမ်းပိုင်းမှာ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ယူထားသည့် အပိုင်းဖြစ်သည့်
အတွက် အဆိုပါလမ်းပိုင်းရှိ တံတားများနှင့် လမ်းများကို တန် (၆၀) ခံနိုင်ဝန်ရှိသည့်
တံတားများအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးပါရန် ညှိနှိုင်းဆောင်ရွက်ထားပြီး ဆောက်လုပ်ရေး
ဝန်ကြီးဌာနမှ လမ်း နှင့်တံတားများကို နှစ်အလိုက်ရရှိရန်ပုံငွေဖြင့် ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊
လုပ်ငန်းသဘာဝအရ ဌာန၏ အစီအစဉ်ဖြင့် ဆောင်ရွက်သင့်သည့် လမ်းတံတားဆိုင်ရာကိစ္စများကိုလည်း
ယာယီအစီအစဉ် ဖြင့် ခိုင်ခံ့အောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဖြင့် ဖြေကြားသည်။
ယင်းနောက် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးလှဆွေ၏
ယူကလစ်ပင် များစိုက်ပျိုးခြင်းနှင့် ပတ်သက်၍ အကျိုးနှင့်အပြစ်ကို ပြည်သူများသိရှိနိုင်ပါရန်
ပွင့်လင်းမြင်သာစွာ ချပြ ပေးရန်နှင့် ဆက်လက်စိုက်ပျိုးရန် သင့်/မသင့် သိရှိလိုခြင်းမေးခွန်းနှင့်
စပ်လျဉ်း၍ ပတ်ဝန်းကျင် ထိန်း သိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်က
ယူကလစ်သစ်မျိုးကို ၉ပေပန္နက်၊ တစ်ဧကလျှင် အပင်(၅၄၀)ဖြင့် စိုက်ပျိုးပါက (၅)နှစ်မြောက်တွင်
ယူကလစ်တစ်ပင်မှ သစ် (၇ ဒသမ ၈၁)ကုဗပေရရှိပြီး တစ်ဧကလျှင် ၈၀ ကုဗတန်ခန့်ရရှိမည်ဖြစ်ပါကြောင်း၊
ခေတ်မီနည်း ပညာများအရ တစ်သျှူးမျိုးပွားခြင်းနည်းဖြင့် ထုတ်လုပ်ထားသော ယူကလစ်စပ်မျိုး
ပျိုးပင်များဖြင့် စိုက်ပျိုးပါက ၃နှစ်မှ ၅နှစ်အတွင်း သစ်ပါးလွှာထုတ်လုပ်နိုင်ပြီး
စီးပွားရေးအကျိုးအမြတ် များစွာရရှိနိုင် ပါကြောင်း။
တိုးပွားလာသောလူဦးရေအတွက် ထင်း၊ မီးသွေး၊ တိုင်၊ မျော၊
သစ်နှင့် သစ်တောထွက် ပစ္စည်းလိုအပ်ချက်အား ကျန်ရှိသောသဘာဝတောများကိုမထိခိုက်စေဘဲ ဖြည့်ဆည်းပေးနိုင်ရန်၊
အပူပိုင်းလွင်တီးခေါင်ဒေသများ၊ အပင်ရှင်သန်ရန် အခက်အခဲရှိသောမြေညံ့နှင့် စားကျက်မြေများတွင်
သစ်တောအမြန် ပြန်လည်ဖြစ်ထွန်းလာပြီး သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်လာစေရန်နှင့်
နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင်စက်ရုံ၊ အလုပ်ရုံများအတွက် သစ်ကုန်ကြမ်းလိုအပ်ချက်ကို
အချိန်တိုအတွင်း အများဆုံးဖြည့်ဆည်းပေးနိုင်ရန်တို့အတွက် အကြီးမြန်၊ ဘက်စုံအသုံးဝင်သော
ယူကလစ်သစ်မျိုးအား စိုက်ပျိုးရန် လိုအပ်မည်ဖြစ်ပါကြောင်း။
ထိုသို့စိုက်ပျိုးရာတွင် ဒေသခံမျိုးရင်းသစ်ပင်များ ကောင်းစွာရှင်သန်ဖွံ့ဖြိုးနိုင်ခြင်းမရှိသည့်
တောင်တန်းဒေသ၊ ကုန်းမြင့်ဒေသ၊ ကမ်းခြေဒေသနှင့် အခြားမြေများတွင် အသုံးဝင်မှု၊ စီးပွားရေး
တွက်ခြေကိုက်မှုအပေါ်မူတည်ပြီး စိုက်ပျိုးသွားမည်ဖြစ်ပါကြောင်းနှင့် ယူကလစ်ပင်စိုက်ပျိုးခြင်း၏
အကျိုးနှင့်အပြစ်ကို ပြည်သူများပွင့်လင်းမြင်သာစွာ သိရှိနိုင်ရန်အတွက် ဟောပြောပွဲများ၊
သတင်း မီဒီယာများတွင် ရေးသားဖော်ပြခြင်းများ ပြုလုပ်လျက်ရှိပါကြောင်းဖြင့် ဖြေကြားသည်။

No comments:
Post a Comment