Thursday, May 28, 2015

အာရှပစိဖိတ်ဒေသဆိုင်ရာ ရုပ်သံလွှင့်လုပ်ငန်းများ အဖွဲ့အစည်း (ABU) ၏ အာရှရေဒီယို ညီလာခံ စတင်





ရန်ကုန် မေ ၂၈
 
အာရှပစိဖိတ် ဒေသဆိုင်ရာ ရုပ်သံလွှင့်လုပ်ငန်းများ အဖွဲ့အစည်း (Asia-Pacific Broadcasting Union-ABU) ၏ တတိယအကြိမ်မြောက် အာရှရေဒီယိုညီလာခံ (၂၀၁၅) (Radio Asia-2015 Conference) ဖွင့်ပွဲအခမ်း အနားကို ယနေ့ မွန်းလွဲ (၂) နာရီတွင်   ရန်ကုန်မြို့ ဆူးလေ ရှန်ဂရီလာ ဟိုတယ်၌ ကျင်းပသည်။ 

ဖွင့်ပွဲအခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က မြန်မာနိုင်ငံ၏ ပြပြင်ပြောင်းလဲရေး လုပ်ငန်း စဉ်များတွင် မီဒီယာပြုပြင်ပြောင်းလဲရေး လုပ်ငန်း များပါဝင်ပြီး ကောင်းမွန်သော မီဒီယာပတ်ဝန်းကျင် ဖြစ်ထွန်းရေးအတွက် ယူနက်စကိုနှင့် ဂျာမနီနိုင်ငံမှ FES စသည့် နိုင်ငံတကာဖွံ့ဖြိုးမှု အဖွဲ့အစည်းများနှင့် ၂၀၀၈ ခုနှစ်ကတည်းက ပူးပေါင်းဆောင် ရွက်ခဲ့ပါကြောင်း၊    ယင်းလုပ်ငန်းစဉ်များတွင်  ရုပ်မြင်သံကြားနှင့် အသံလွှင့် ခြင်းဆိုင်ရာ ဥပဒေရေးဆွဲပြီး အတည်ပြုပြ ဌာန်းနိုင်ရေး စီစဉ်ဆောင်ရွက်နေမှု သည်လည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ အကျိုးဆက်အနေဖြင့် ရုပ်သံထုတ်လွှင့်မှု ကဏ္ဍ ပြုပြင် ပြောင်းလဲမှု များတွင် အများပြည်သူ ဝန်ဆောင်မှု အသံလွှင့်ဌာနများ၊  ပုဂ္ဂလိက အသံလွှင့်ဌာန များနှင့် လူထုအခြေပြု အသံလွှင့် ဌာနများ တိုးတက်ဖြစ်ပေါ်လာမည်ဟု ယုံကြည်ပါကြောင်း။ 

ဖွံ့ဖြိုးဆဲ နိုင်ငံတစ်ခုဖြစ်သော မြန်မာနိုင်ငံအနေဖြင့် အသံလွှင့် မီဒီယာသည် သတင်း အချက်အလက်များ ရယူရန် အရေးကြီးသော အစိတ်အပိုင်း တစ်ခုအဖြစ်ရှိနေသေးကြောင်း၊ ၂၀၁၂ ခုနှစ်က ပြည်သူလူထု၏ မီဒီယာများမှ သတင်း အချက် အလက် ရယူမှုသည် တစ်နိုင်ငံလုံး၏ ၁၄ ဒသမ ၈ ရာခိုင်နှုန်းရှိခဲ့ရာမှ ပြုပြင် ပြောင်းလဲမှုများ စတင်ပြီး နှစ်နှစ်အကြာ ၂၀၁၄ ခုနှစ်တွင် ၄၄ ဒသမ ၁ ရာခိုင်နှုန်းသို့ တိုးတက်လာခဲ့ကြောင်း၊ 

မိုဘိုင်းလ်ဖုန်းဖြင့် သတင်း အချက်အလက် ရယူမှုတွင် ၂၀၁၀ ခုနှစ်က နိုင်ငံ့ လူဦးရေ၏ လေးပုံတစ်ပုံသာ ရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် လူဦးရေ၏ ၄၄ ရာခိုင်နှုန်း ကျော်အထိ တိုးတက်လာကာ လာမည့်နှစ်တွင်  မိုဘိုင်းဖုန်းသုံးစွဲမှုသည် လူဦးရေ၏ ၇၅ ရာခိုင်နှုန်း အထိ လွှမ်းခြုံသွားမည်ဟု ယူဆကြောင်း၊ ထို့အတူ ၂၀၁၁ ခုနှစ်က အင်တာနက်အသုံးပြုသူ သုံးသိန်းသာ ရှိခဲ့သော်လည်း ယနေ့အချိန်တွင် ၁၇ သန်းခန့် ရှိနေပြီ ဖြစ်ကြောင်း၊  သတင်း အချက်အလက် ခေတ်ဖြစ်သည်နှင့်အညီ အသံထုတ်လွှင့် တင်ဆက်ခြင်းကို  နည်းပညာ အသုံးပြုကာ ရေရှည်ရပ်တည် သွားနိုင်ရေးအတွက် နိုင်ငံတကာ အသံလွှင့် သတင်း ဌာနများ၏ ပြုပြင် ပြောင်းလဲမှု အတွေ့အကြုံများကို အာရှ ရေဒီယိုညီလာခံတွင် မျှဝေသွားနိုင်မည် ဟု မျှော်လင့် ပါကြောင်း ပြောကြားသည်။

ထို့နောက် ABU အတွင်းရေးမှူး Dr. Javad Mottaghi က နှုတ်ခွန်းဆက် စကား ပြောကြားသည်။ 

ညီလာခံတွင် ကဏ္ဍအလိုက် ဆွေးနွေးပွဲ များပါဝင်ပြီး အသံလွှင့်လုပ်ငန်းများ၏ အနာဂတ် အလားအလာ၊ အသံလွှင့်မီဒီယာ၏ စွမ်းအားဖန်တီးခြင်း၊ ရေဒီယိုအသံလွှင့်ခြင်းကို ဘက်စုံသုံး မီဒီယာအသွင် ပြောင်းလဲခြင်း၊  အာရှပစိဖိတ်ဒေသတွင်း ဒီဂျစ်တယ်ရေ ဒီယို အကောင်အထည် ဖော်နိုင်မှုများ၊ ပြိုင်ဆိုင်မှုများသော ဈေးကွက် များတွင် လမ်းသစ်ထွင်ခြင်း၊ လူမှုမီဒီယာများနှင့် ရေဒီယို များ၏ အခန်းကဏ္ဍနှင့် ရေဒီယိုအသံလွှင့်လုပ်ငန်း၏ အနာဂတ် မျိုးဆက် စသည့် ခေါင်းစဉ်များဖြင့်  နိုင်ငံတကာနှင့် ပြည်တွင်း မီဒီယာအဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးကြမည်ဖြစ်ပြီး ညီလာခံကို မေ(၃၀) ရက်အထိ သုံးရက်ကြာ ကျင်းပသွားမည် ဖြစ်သည်။ 

အဆိုပါညီလာခံကို ၂၀၁၂ ခုနှစ်တွင် ကိုရီးယားနိုင်ငံ၊ ၂၀၁၄ ခုနှစ်တွင် သီရိလင်္ကာ နိုင်ငံတို့၌ ကျင်းပခဲ့ပြီး ယခုနှစ်တွင် တတိယ အကြိမ် အာရှရေဒီယို ညီလာခံ အဖြစ် အာရှပစိဖိတ် ရုပ်သံလွှင့် လုပ်ငန်းများအဖွဲ့အစည်း နှင့် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားတို့ ပူးပေါင်း၍  မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခြင်း ဖြစ်သည်။ 

အာရှရေဒီယိုညီလာခံတွင် မလေးရှား၊ ဩစတြေးလျ၊ အမေရိကန်၊ ပါကစ္စတန်၊ အင်ဒိုနီးရှား၊ ဂျာမနီ၊ ဗြိတိန်၊ ထိုင်း၊ ဂျပန်၊ ဘင်္ဂလားဒေရှ့်၊ အိန္ဒိယ၊ တရုတ်၊ အာဖဂန် နစ္စတန်၊ ရိုမေးနီးယား၊ ဟောင်ကောင်၊ စင်္ကာပူ စသည့် နိုင်ငံများ ပါဝင်ပြီး နိုင်ငံပေါင်း (၂၆) နိုင်ငံမှ ကိုယ်စားလှယ် (၉၆) ဦးနှင့် ပြည်တွင်းမီဒီယာများမှ ကိုယ်စားလှယ် (၁၂၀) တက်ရောက်ကြကြောင်းသိရသည်။

ညီလာခံ ကျင်းပစဉ် ကာလအတွင်း အာရှပစိဖိတ်ဒေသဆိုင်ရာ ရုပ်သံလွှင့်လုပ်ငန်းများ အဖွဲ့အစည်း၏ ရေဒီယိုသီချင်းပွဲတော် ကို မေ(၂၉)ရက်တွင် ရန်ကုန်မြို့ အမျိုးသား ကဇာတ်ရုံတွင် ကျင်းပသွားမည်ဖြစ်ကာ  ABU အဖွဲ့ဝင်နိုင်ငံများအနက် နိုင်ငံပေါင်း (၁၀) နိုင်ငံမှ ဂီတ အနုပညာရှင်များ ပါဝင်ဖျော်ဖြေကြမည်ဖြစ်သည်။ 

အဆိုပါ ပွဲတော်ကို အာရှ-ပစိဖိတ်ဒေသတွင်း နိုင်ငံများ၏ မတူကွဲပြားသော ယဉ်ကျေးမှု၊ အမြင်ရှုထောင့်များ၊  အလေးထား တန်ဖိုးထားမှုနှင့် အပြန်အလှန် နားလည်မှု တို့ကို မြှင့်တင်ဖော်ဆောင်နိုင်ရန်၊ ဒေသတွင်း ရေဒီယို ထုတ်လွှင့်မှု နည်းပညာ၊ အသံလွှင့် အစီအစဉ် ၊ အကြောင်းအရာပိုင်းဆိုင်ရာ အတွေ့အကြုံ၊ ဗဟုသုတများကို ဖလှယ်မျှဝေနိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်သည်။  

ရေဒီယိုသီချင်းပွဲတော်တွင် နိုင်ငံတကာမှ တက်သစ်စ ဂီတအနုပညာရှင်များနှင့် မြန်မာနိုင်ငံမှ ဇော်ပိုင်၊ နီနီခင်ဇော်၊ အမွန်း စသည့် ဂီတ အနုပညာရှင်များလည်း ပါဝင် ဖျော်ဖြေမည် ဖြစ်ပြီး ပြည်တွင်းပြည်ပ ဂီတအနုပညာရှင်များ၏ သီဆို ဖျော်ဖြေမှုများကို မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား Entertainment Channel တွင် တိုက်ရိုက်ထုတ်လွှင့် တင်ဆက်သွားမည်ဖြစ်ကာ MRTV Web Portal မှလည်း ဖမ်းယူ နားဆင် နိုင်ကြောင်း သိရသည်။

No comments:

Post a Comment