Friday, April 3, 2015

ပြည်ထောင်စု လွှတ်တော် (၃၈)ရက်မြောက်နေ့ အစည်းအဝေး ကျင်းပ



နေပြည်တော် ဧပြီ 
ပြည်ထောင်စု လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၃၈)ရက်မြောက်နေ့ကို ယနေ့မွန်းလွဲ (၁)နာရီတွင် ကျင်းပသည်။

အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့သော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များ ထပ်မံ ခန့်အပ် တာဝန်ပေးရန် ကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်က သဘောတူကြောင်း ကြေညာခဲ့သည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့ သဘော ကွဲလွဲသည့် မြန်မာ့ ဆိပ်ကမ်း အာဏာပိုင် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ တစ်ပိုဒ်ချင်းစီအလိုက် ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုခဲ့သည်။
ထို့နောက် နိုင်ငံတော် သမ္မတရုံးက ပြည်ထောင်စု လွှတ်တော်၌ မှတ်တမ်း တင်နိုင်ရန်ပေးပို့ သည့် ကချင်ပြည်နယ်အတွင်းရှိ မိုးညှင်းခရိုင် မိုးကောင်း မြို့နယ် ရပ်ကွက် ၄ ရပ်ကွက်၊ ကျေးရွာ အုပ်စု တစ်အုပ်စုနှင့် ကျေးရွာ ၂ ရွာ တိုးချဲ့ဖွဲ့စည်းခြင်း၊ ကျေးရွာအုပ်စု ၄ အုပ်စုနှင့် ကျေးရွာ ၃၁ ရွာ ပယ်ဖျက်ခြင်း၊ ကျေးရွာအုပ်စု တစ်အုပ်စုကို အမည် ပြောင်းလဲ ပြင်ဆင် ဖွဲ့စည်းခြင်းနှင့် နမ္မတီး ကျေးရွာအုပ်စုကို ရပ်ကွက် ၄ ရပ်ကွက် ပါဝင်သော နမ္မတီးမြို့အဖြစ် အဆင့် တိုးမြှင့်ဖွဲ့စည်းခြင်း၊ ချင်းပြည်နယ် ဟားခါးခရိုင် ထန်တလန်မြို့နယ် ကျေးရွာ ၁၂ ရွာတိုးချဲ့ဖွဲ့စည်း၍ ကျေးရွာ တစ်ရွာ ပယ်ဖျက်ခြင်းနှင့် ဟားခါးမြို့နယ်တွင် ကျေးရွာ ၈ ရွာတိုးချဲ့ဖွဲ့စည်း၍ ကျေးရွာ တစ်ရွာ ပယ်ဖျက်ခြင်း။
စစ်ကိုင်း တိုင်းဒေသကြီး အတွင်း ရွှေဘိုခရိုင်ကို ရွှေဘို၊ ဝက်လက်၊ ခင်ဦး၊ ဒီပဲယင်း၊ ကန့်ဘလူ၊ ကျွန်းလှ၊ တန့်ဆည်နှင့် ရေဦးမြို့နယ်တို့ဖြင့် ဖွဲ့စည်းထားရာမှ ရွှေဘို၊ ဝက်လက်၊ ခင်ဦးနှင့် ဒီပဲယင်း မြို့နယ် ၄ မြို့နယ်ကို ရွှေဘိုခရိုင်ဟူ၍ လည်းကောင်း၊ ကန့်ဘလူ၊ ကျွန်းလှ၊ တန့်ဆည်နှင့် ရေဦး မြို့နယ် ၄ မြို့နယ်ကို ကန့်ဘလူခရိုင်ဟူ၍ လည်းကောင်း ခရိုင် ၂ ခရိုင်အဖြစ် တိုးချဲ့ပြင်ဆင် ဖွဲ့စည်းခြင်းနှင့် တန့်ဆည်မြို့နယ် စိန်နန်းကျေးရွာ အုပ်စုအတွင်း ရန်ကင်းတောင် ကျေးရွာတစ်ရွာ တိုးချဲ့ ပြင်ဆင်ဖွဲ့စည်းခြင်း၊ ပဲခူးတိုင်းဒေသကြီး အတွင်း ပဲခူးခရိုင် ညောင်လေးပင်မြို့နယ် ပိန်းဇလုပ် ကျေးရွာအုပ်စုအား ရပ်ကွက် ၂ ရပ်ကွက်ပါဝင်သော ပိန်းဇလုပ်မြို့အဖြစ် တိုးချဲ့ ပြင်ဆင် ဖွဲ့စည်းခြင်း။
မကွေး တိုင်းဒေသကြီး အတွင်း မင်းဘူးခရိုင် စလင်းမြို့နယ်တွင် ဆင်ဖြူကျွန်းမြို့၊ ပခုက္ကူခရိုင် ပခုက္ကူမြို့နယ်တွင် ကမ္မမြို့နှင့် ဂန့်ဂေါခရိုင် ဂန့်ဂေါမြို့နယ်တွင် ကျောမြို့တို့ကို တိုးချဲ့ပြင်ဆင်ဖွဲ့စည်း ခြင်း၊ မန္တလေး တိုင်းဒေသကြီး အတွင်း မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် ထွန်းသာကျေးရွာ အုပ်စုမှ သမုန်းကိုင်းကျေးရွာနှင့် လက်ပံသာ ကျေးရွာအုပ်စုမှ မြောက်ကျွန်း ကျေးရွာတို့ကို ပယ်ဖျက်ခြင်းနှင့် တောင်သာမြို့နယ် ခြုံကြီးကျေးရွာ အုပ်စုကို သာယာကြီးကျေးရွာအုပ်စု အဖြစ် လည်းကောင်း၊ နွားပြင်းကျေးရွာ အုပ်စုကို နန်းမြင့်ကျေးရွာအုပ်စု အဖြစ်လည်းကောင်း၊ ရုံးစဉ်ကြီးကျေးရွာအုပ်စုကို ရုံးစည်ကြီး ကျေးရွာအုပ်စုအဖြစ် လည်းကောင်း၊ ကန်ပေါက် ကျေးရွာအုပ်စုကို ကန်သာယာ ကျေးရွာ အုပ်စုနှင့် လိပ်ကုန်း ကျေးရွာအုပ်စုကို သာယာအေး ကျေးရွာအုပ်စုအဖြစ် အမည်ပြောင်းလဲ ပြင်ဆင် ဖွဲ့စည်းခြင်း။
မွန်ပြည်နယ် မော်လမြိုင်ခရိုင် သံဖြူဇရပ်မြို့နယ် အတွင်းရှိ ဖောင်စိန်ကျေးရွာအုပ်စု၏ မူလ မြေဧရိယာ ၁၂၂၇၂ ဧကအနက် ၉၄၂ ဧကကို ဖောင်စိန်ရပ်ကွက် အဖြစ် ပြင်ဆင်ဖွဲ့စည်း၍ ကျန်ဧက ၁၁၃၃၀ ကို ဝဲကလီကျေးရွာအုပ်စု ဝဲကလီကျေးရွာ အတွင်းသို့ ထည့်သွင်း ပြင်ဆင်ဖွဲ့စည်းခြင်း၊ ရခိုင်ပြည်နယ် မြောက်ဦးခရိုင် မြေပုံမြို့နယ် အတွင်းရှိ ကျွန်းသာယာ ကျေးရွာအုပ်စုကို ကျွန်းသာယာ ကျေးရွာအုပ်စုနှင့် ငပသုန်ကျေးရွာအုပ်စု အဖြစ် တိုးချဲ့ပြင်ဆင် ဖွဲ့စည်းခြင်းတို့ကို လွှတ်တော်က မှတ်တမ်းတင်ခဲ့သည်။
တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ် တင့်ဆန်းက ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့အကြား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) မူကြမ်း အောင်မြင်စွာ လက်မှတ် ရေးထိုးနိုင်ခဲ့ပါကြောင်း၊ ယခု ဆောင်ရွက်ချက်များသည် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး အတွက် တန်ဖိုး မဖြတ်နိုင်သည့် အောင်မြင်မှု ဖြစ်ပါကြောင်းနှင့် ငြိမ်းချမ်းရေးသည် ပြည်သူများ၏ လိုလားချက်၊ ဆန္ဒနှင့် မျှော်လင့်ချက်များ ဖြစ်သဖြင့် ငြိမ်းချမ်းရေး ရရှိရန် ပါဝင် ဆောင်ကြဉ်း ပေးကြသူများ အားလုံးကိုလည်း ပြည်သူများ အနေဖြင့် ကြိုဆို ထောက်ခံကြမည် ဖြစ်ပါကြောင်း။
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အနေဖြင့် (၆၈)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို တက်ရောက်ရန် ရောက်ရှိလာကြသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များအား မြန်မာ ကွန်ဗင်းရှင်း ဗဟိုဌာနတွင် ဖေဖော်ဝါရီ (၁၂)ရက်နေ့တွင် တွေ့ဆုံခဲ့ပြီး “ယနေ့မိမိတို့ တိုင်းပြည် အတွက် အလိုအပ်ဆုံးမှာ ပြည်တွင်း ငြိမ်းချမ်းရေးပင် ဖြစ်ကြောင်း၊ ပြည်သူများ၏ ဆန္ဒနှင့် လိုလား တောင့်တမှုများမှာလည်း ငြိမ်းချမ်းရေးပင် ဖြစ်ကြောင်း၊ အခက်အခဲများ၊ စိန်ခေါ်မှုများ အမျိုးမျိုးရှိ နေသော်လည်း ငြိမ်းချမ်းရေး ရယူလိုသော သဘောထားမှာ အဖွဲ့အစည်း အသီးသီးတွင် ရှိနေသာ တူညီသည့် အချက်ဖြစ်ကြောင်း” ပြောကြားခဲ့ပါကြောင်း၊ ငြိမ်းချမ်းရေး လက်မှတ် ရေးထိုးနိုင်ခဲ့ခြင်း အပေါ် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများမှလည်း ဝမ်းမြောက် ဂုဏ်ယူကြောင်းနှင့် ဆက်လက် ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ကြေညာချက်များ ထုတ်ပြန်ခဲ့ပါကြောင်း။
ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်း အသီးသီး၊ လူပုဂ္ဂိုလ် အသီးသီးတို့၏ ထုတ်ပြန် ကြေညာချက်များကို ကြည့်ခြင်းအားဖြင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု၏ အရေးပါမှုကို တွေ့ရမှာ ဖြစ်ပါကြောင်း၊ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်များအား ဆောလျင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှသာ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး တည်ဆောက်မှုများ အချိန်တိုကာလ အတွင်း အောင်မြင်မည် ဖြစ်ပါကြောင်း၊ ထိုသို့ အောင်မြင်ရန် ဆောင်ရွက်ရာတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့တို့ အပြင် နိုင်ငံသား အားလုံးကပါ ပူးပေါင်း ပါဝင်ဆောင်ရွက်မှသာ ပိုမို အောင်မြင်မည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ “ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့တို့၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ်မူကြမ်းကို နှစ်ဘက် သဘောတူ ညှိနှိုင်းပြုစုရေးဆွဲပြီး အောင်မြင်စွာ အတည်ပြု လက်မှတ် ရေးထိုးနိုင်ခဲ့ခြင်း အပေါ် ပြည်ထောင်စု လွှတ်တော်က ကြိုဆို ထောက်ခံပါကြောင်းနှင့် ပါဝင် ဆောင်ရွက်ခဲ့သည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း အားလုံးကို ဂုဏ်ပြု မှတ်တမ်းတင်ရန် ပြည်ထောင်စု လွှတ်တော်သို့ တိုက်တွန်းကြောင်း” အရေးကြီးအဆိုကို  တင်သွင်းရာ လွှတ်တော်က အတည်ပြု မှတ်တမ်းတင်ခဲ့သည်။

No comments:

Post a Comment