Saturday, April 4, 2015

လယ်ဝေးမြို့နယ် အေလာမြို့ မိုဃ်းကောင်းမြို့ဦး စေတီတော်နှင့် အာယုပုည စေတီတော်တို့အား ရွှေထီးတော်တင် မဟာမင်္ဂလာ အခမ်းအနားကျင်းပ



နေပြည်တော် ဧပြီ ၃
နေပြည်တော် လယ်ဝေးမြို့နယ် အေလာမြို့ရှိ ဂိုဏ်းထောက် ကျောင်းတိုက် ဝတ္ထုကံတော်တွင် ဥာဏ်တော် ၂၃ တောင်ရှိ မိုဃ်းကောင်းမြို့ဦး စေတီတော်နှင့် ဥာဏ်တော် ၂၁ တောင်ရှိ အာယုပုညစေတီတော်တို့ အား ရွှေထီးတော်တင်၊ ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်း အနားအား ယနေ့နံနက်ပိုင်းတွင် ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော် သြဝါဒါစရိယဆရာတော် နေပြည်တော် ပျဉ်းမနားမြို့ မဟာဝိသုတာရာမ ဈေးကုန်း ကျောင်းတိုက် ပဓာန နာယက၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ ကဝိသာရအမှူးပြုသော သံဃာတော် များ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးဝေ လွင်၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်းနှင့် ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ အရာရှိ၊ စစ်သည်၊ မိသားစု များ၊ အလှူရှင်များ၊ ဖိတ်ကြားထားသူ များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဧည့်ပရိသတ်များက ပျဉ်းမနားမြို့ မဟာဝိသုတာရာမ ဈေးကုန်း ကျောင်းတိုက် ဆရာတော်ထံမှ ကိုးပါးသီလ ခံယူ ဆောက်တည်ကြပြီး သံဃာတော်များက မေတ္တသုတ်နှင့် ပရိတ်တရားတော်များကို ရွတ်ပွား သရဇ္ဈာယ် ချီးမြှင့်တော်မူကြသည်။
ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီး အမှူးပြုသော အလှူရှင်များက ဆရာတော်၊ သံဃာတော်များထံ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်များကို ဆက်ကပ် လှူဒါန်းကြပြီး ပျဉ်းမနားမြို့မင်္ဂလာ ဇေယျုံ ပါဠိတက္က သိုလ် ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဝိမလဗုဒ္ဓိထံမှ လှူဒါန်းမှုအစုစု တို့အတွက် အနုမောဒနာတရား နာကြားကာ ရေစက်သွန်းချ အမျှပေး ဝေကြသည်။
ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အလှူရှင် များသည် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော် ဘုံအဆင့်များကို ပင့်ဆောင်၍ စေတီတော်များကို လက်ယာရစ် သုံးကြိမ် လှည့်လည်ပူဇော်ကြ သည်။
ထို့နောက် မိုဃ်းကောင်းမြို့ဦး စေတီတော်၌ ရွှေထီးတော်ဘုံ အဆင့်ဆင့်၊ ငှက်မြတ်နားတော်နှင့် ရတနာစိန်ဖူးတော်တို့အား မင်္ဂလာ ရထားပျံဖြင့် အစီအစဉ်အတိုင်း တင်လှူပူဇော်ကြသည်။
ဆက်လက်၍ ရွှေထီးတော်ဘုံ အဆင့်ဆင့်၊ ငှက်မြတ်နားတော်နှင့် ရတနာ စိန်ဖူးတော်တို့အား မိုဃ်း ကောင်းမြို့ဦး စေတီတော်မှ တစ်ဆင့် အာယုပုည စေတီတော် ငြမ်းထက်သို့ ပင့်ဆောင်၍ အစီအစဉ်အတိုင်း ဆက်လက် တင်လှူပူဇော်ကြသည်။
အဆိုပါ စေတီတော်များအား စိန်ဖူးတော် တင်လှူ ပူဇော်ပြီးသော အခါ အရံစေတီတော် ရှစ်ဆူကို ရွှေထီးတော်များ တင်လှူပူဇော် ကြသည်။
ဆက်လက်ပြီး သံဃာတော်အရှင် သူမြတ်များက စေတီတော်များအား ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက် သွန်းတော်မူကြသည်။
ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အလှူရှင်များက သံဃာတော် အရှင်သူမြတ်များ အား နေ့ဆွမ်း ဆက်ကပ် လှူဒါန်း ကြသည်။
အခမ်းအနားအပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီး၊ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများသည် သက်တော် ၉၆ နှစ်ရှိ သက်တော်ရှည် ဂိုဏ်းထောက် ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ကောဝိဒအား ဖူးမြော် ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်း ခဲ့ကြသည်။

No comments:

Post a Comment