Wednesday, April 1, 2015

ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့် ဇနီးဦးဆောင်သော ချစ်ကြည်ရေးအဖွဲ့ ကမ္ဘောဒီယားနိုင်ငံ အမျိုးသားပြတိုက်အတွင်း ကြည့်ရှုလေ့လာ


ဖနွမ်းပင်  ဧပြီ  
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့် ဇနီးတို့ ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ဗီယင်ကျန်းမြို့ရှိ THAT LUANG ဘုရားနှင့် WAT SISAKET ဘုရားတို့သို့ ဖူးမြော် ကြည်ညို၍ PHRAKEO Museum များသို့ သွားရောက်ကြည့်ရှုလေ့လာခဲ့ပြီး ဧည့်သည်တော်မှတ်တမ်း၌ လက်မှတ်ရေးထိုးကာ အလှူငွေများ ထည့်ဝင်လှူဒါန်းသည်။

ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့မှ ကမ္ဘော ဒီးယားနိုင်ငံသို့ ချစ်ကြည်ရေးခရီး ဆက်လက်ထွက်ခွာရာ ၀ပ်ထေးအပြည်ပြည်ဆိုင်ရာ လေဆိပ်၌ လာအိုနိုင်ငံ သမ္မတရုံးဝန်ကြီး မစ္စတာ ဖုန်ဆာဗတ် ဘိုဖာနှင့်ဇနီး၊ မြန်မာနိုင်ငံ ဆိုင်ရာ လာအိုသံအမတ်ကြီး၊ လာအိုနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် စစ်သံရုံးမှ တာဝန်ရှိ သူများက ပို့ဆောင်နှုတ်ဆက်ကြသည်။
ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ဗီယက်နမ်လေကြောင်း ခရီးစဉ်အမှတ် ၉၂၁ ဖြင့် ဆက်လက်ထွက်ခွာရာ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲတွင် ရောက်ရှိကြသည်။
ဒုတိယသမ္မတနှင့် ဇနီးနှင့်အဖွဲ့ဝင်များအား ဖနွမ်းပင်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကမ္ဘောဒီးယားနိုင်ငံ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး၊ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီး ဦးချိုထွန်းအောင်နှင့် ဇနီး၊ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာစစ်သံမှူး ဗိုလ်မှူးကြီး အောင်ကျော်ဦးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနသို့ မွန်းလွဲ ၃ နာရီခွဲတွင် ရောက်ရှိရာ ဒုတိယ၀န်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ၀န်ကြီး မစ္စတာ ဟော်နမ်ဟောင်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ပြီး ဒုတိယ၀န်ကြီးချုပ်နှင့် တွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယသမ္မတနှင့်အတူ ဒုတိယ၀န်ကြီး ဦးသန့်ကျော်၊ ဦးကျော်ကျော်ဝင်း၊ ဦးမော်သာထွေး၊ ဒေါ်စန္ဒာခင်၊ ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဦးစိုင်းနော်ခမ်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ကမ္ဘောဒီယားနိုင်ငံမှ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံအကြား  ချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်သွားရေး၊ ခရီးသွားလုပ်ငန်းကဏ္ဍ၊ ယဉ်ကျေးမှု ရှေးဟောင်းအမွေအနှစ်များ ထိန်းသိမ်းရေးကဏ္ဍနှင့် စွမ်းအင်ကဏ္ဍများတွင်  ပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံက သဘာပတိအဖြစ် တာဝန်ယူဆောင်ရွက် ရန်အလှည့်ကျသည့် စီအယ်လ်အမ်ဗွီနှင့် အက်ခ်မက်အဖွဲ့ဆိုင်ရာကိစ္စရပ်များ၊ မဲခေါင် မြစ်ကော်မရှင်ဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံပူးတွဲကော်မရှင် အစည်းအဝေးကျင်းပနိုင်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ချစ်ကြည်ရင်းနှီးစွာ ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ထို့နောက် ဒုတိယသမ္မတနှင့်ဇနီးတို့ ဦးဆောင်သည့်အဖွဲ့သည် ကမ္ဘောဒီးယား နိုင်ငံ အမျိုးသားပြတိုက်သို့ရောက်ရှိကြပြီး ပြတိုက်အတွင်း လှည့်လည်ကြည့်ရှုလေ့လာ ကြသည်။
ယင်းနောက် ဒုတိယသမ္မတသည် ဧည့်သည်တော်မှတ်တမ်းစာအုပ်၌ လက်မှတ် ရေးထိုးကာ အမှတ်တရလက်ဆောင်ပစ္စည်းအား ပေးအပ်ခဲ့သည်။
ယင်းနေ့ ညနေပိုင်းတွင် ဒုတိယသမ္မတနှင့်ဇနီးဦးဆောင်သောအဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယ၀န်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ၀န်ကြီး မစ္စတာ ဟော်နမ်ဟောင်က တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့ကြသည်။

No comments:

Post a Comment