နေပြည်တော် ဧပြီ ၂
နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့များအကြား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်မူကြမ်းကို
နှစ်ဖက် သဘောတူ ညှိနှိုင်းပြုစု ရေးဆွဲပြီးစီးကြောင်း အတည်ပြုချက်အား မတ် ၃၁ ရက်တွင်
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းဗဟိုဌာန
(MPC) ၌ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံးဆိုင်ရာ
အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့မှ အဖွဲ့ဝင်များ လက်မှတ် ရေးထိုးနိုင်ခဲ့ခြင်းအပေါ်
ဥရောပသမဂ္ဂ၊ ဂျပန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဌာန၊ နော်ဝေနိုင်ငံခြားရေး ဝန်ကြီးဌာနနှင့်
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဗီဂျေနမ်ဘီးယားတို့က မတ် ၃၁ ရက်တွင်
ကြေညာချက်များ ထုတ်ပြန်ခဲ့ကြသည်။
ဥရောပသမဂ္ဂ
ဥရောပသမဂ္ဂနှင့် မြန်မာနိုင်ငံဆိုင်ရာ
ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ သံရုံးများ၏ ကြေညာချက်တွင် နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသား
လက်နက်ကိုင် အဖွဲ့အစည်းများအကြား (၇)ကြိမ်မြောက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအား အောင်မြင်စွာ
အဆုံးသတ်နိုင်မှုအပေါ် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ မစ်ရှင်အကြီးအကဲများက ကြိုဆိုကြောင်း၊
ဥရောပသမဂ္ဂ အနေဖြင့် ငြိမ်းချမ်း ရေးဆွေးနွေးပွဲ စတင်စဉ် ကတည်းကပင် ငွေကြေး အရသော်လည်းကောင်း၊
နိုင်ငံရေးအရ သော်လည်းကောင်း ပံ့ပိုးမှု ပြုခဲ့သည်ဖြစ်ရာ မိမိတို့အနေဖြင့် ဤသဘောတူညီချက်
မူကြမ်းသည် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် သမိုင်းမှတ်တိုင် တစ်ခုဖြစ်လာမည်ဟု
မျှော်လင့်ကြောင်း၊ ဥရောပသမဂ္ဂသည် တိုင်းရင်း သားအဖွဲ့အစည်းများအပါအဝင် အဖွဲ့အစည်းများတွက်
ညီတူညီမျှ အကူအညီပေးရန် ကြိုးပမ်းခဲ့ကြောင်း၊ စိန်ခေါ် မှုများနှင့် စိုးရိမ်မှုများ ရှိနေသည်ဟု
သဘော ပေါက်လင့် ကစား နှစ်ဖက်စလုံးအနေဖြင့် လက်နက်ကိုင်ပဋိပက္ခများ အစား ယခုကဲ့သို့ တွေ့ဆုံဆွေးနွေး
မှုများဖြင့် မကျေနပ် ချက်များ ဖြေရှင်းရန်လိုအပ်သည်ဟု သဘောပေါက် ကြောင်း၊ ကျွန်ုပ်တို့အနေဖြင့်
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ်မူကြမ်းအား လာမည့်ရက် သတ္တပတ်များ အတွင်း
လက်မှတ်ရေး ထိုးနိုင်မည်ဟု မျှော်လင့် ထားပြီး နိုင်ငံရေးဆွေးနွေးပွဲ ပူးတွဲမူဘောင်ဆိုင်ရာ
လူတိုင်းပါဝင်သော လုပ်ငန်းများကို စတင်တွေ့ရတော့ မည်ဟု မျှော်လင့်ကြောင်း၊ ဥရောပ သမဂ္ဂအနေဖြင့်
နှစ်ဖက်အဖွဲ့ အစည်းများအကြား ဆယ်စုနှစ် များစွာကြာခဲ့သည့် လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေးအတွက်
ဘုံရည်မှန်းချက်များကို အောင်မြင်စေရန် ဆက်လက်ပံ့ပိုး ရန်နှင့် မြန်မာပြည်သူ များ၏ ကောင်းမွန်သော
အနာဂတ်အတွက် အခြေခံအုတ်မြစ်ကို ဖော်ဆောင်ပေးရန် အသင့် ရှိကြောင်းဖြင့် ဖော်ပြထားသည်။
ဂျပန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန
ဂျပန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန၏
ကြေညာချက်တွင် ဤ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်ကို မြန်မာနိုင်ငံ၌ အမျိုးသားပြန်လည်
ရင်ကြားစေ့ရေးအတွက် အောင်မြင်မှုရရှိရန် အရေးပါသော ခြေလှမ်းတစ်ရပ်အဖြစ် ပကတိ စိတ်ထား အမှန်ဖြင့်
ကြိုဆိုကြောင်း၊ ဂျပန်အစိုးရသည် ဂျပန်အစိုးရ၏ အထူးသံ တမန်မစ္စတာ ဆာဆာကာဝါနှင့် အတူ မြန်မာ
အစိုးရ နှင့် တိုင်းရင်းသားလူနည်းစုများအကြား အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက်
အောင်မြင်ရေးလုပ်ငန်းစဉ်ကို နည်းလမ်း အမျိုးမျိုးဖြင့် ထောက်ပံ့ပေးလျက် ရှိကြောင်း၊
ပြီးခဲ့သည့်နှစ် ဇန်နဝါရီလတွင် ဂျပန်နိုင်ငံက ၅ နှစ်တာ ကာလအတွင်း ဂျပန်ယန်းငွေ ၁ဝ ဘီလီယံ
ထောက်ပံ့မည့်အစီအစဉ်ကို ကြေညာခဲ့ပြီး ပဋိပက္ခဖြစ်ပွား ရာနယ်မြေများရှိ ပြည်သူများ၏ သက်မွေး
ဝမ်းကျောင်း လုပ်ငန်းများ တိုးတက်လာစေရန်ကိုလည်း ကြိုးပမ်းအားထုတ် လျက်ရှိကြောင်း၊
ဤသဘော တူညီစာချုပ်၏ ရလဒ်တစ်ခုအဖြစ် ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ပါ လက်မှတ်ရေးထိုးမှုကို
မဆိုင်းမတွ ဖြစ်ပေါ်လာမည်ဖြစ်ပြီး တိုင်းရင်းသား လူနည်းစုနယ်မြေများ အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းလုံး
ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ဦးတည်လာစေမည်ဟု ဂျပန်နိုင်ငံက ခိုင်ခိုင်မာမာ မျှော်လင့်ကြောင်း၊
ဂျပန်နိုင်ငံသည် ဒုတိယကမ္ဘာ စစ်နောက်ပိုင်း နှစ်ပေါင်း ၇ဝ ကြာ ငြိမ်းချမ်းသော လမ်းကြောင်းကို
လျှောက်လှမ်းပြီးနောက် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတွက် ထောက်ပံ့မှုများကို
ဆက် လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြင့် ဖော်ပြထားသည်။
နော်ဝေနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန
နော်ဝေနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏
ထုတ်ပြန်ချက်တွင် ယခုကဲ့သို့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက်မူကြမ်းကို
လက်မှတ် ရေးထိုးနိုင်ခဲ့ခြင်းသည် သမိုင်းဝင်မှတ်တိုင်တစ်ခုဖြစ်သကဲ့သို့ နိုင်ငံအတွင်း
ပဋိပက္ခကို ငြိမ်းချမ်းသောနည်းဖြင့် အဖြေရှာရာတွင် အရေးပါသော ခြေလှမ်းတစ်ရပ်လည်း ဖြစ်သည်ဟု
နော်ဝေနိုင်ငံခြားရေး ဝန်ကြီး Borge Brende က ပြောကြားခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင်
ရေရှည် တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးတစ်ရပ် တည်ဆောက်မှုမ လုပ်ဆောင်မီ ဖြေရှင်းရန်
လိုအပ်နေသေးသည့် စိန်ခေါ်မှုများမှာ ရှုပ်ထွေးပွေ လီလှကြောင်း၊ ယခု သဘောတူညီချက် စာချုပ်မူကြမ်းသည်
အလွှာပေါင်းစုံ ပါဝင်သည့် နိုင်ငံရေး ဆွေးနွေးပွဲတစ်ရပ်အတွက် ကနဦးခြေလှမ်းဖြစ်ကြောင်း၊
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ဖြစ်ပွားသည့် ပဋိပက္ခကို နိုင်ငံရေးနည်းဖြင့်
အဖြေရှာခြင်းသည် မြန်မာနိုင်ငံတွင် အကောင် အထည်ဖော် ဆောင်ရွက်နေသော ဒီမိုကရေစီ လုပ်ငန်းစဉ်အတွက်
အရေးကြီးသော ဆောင်ရွက်ချက် တစ်ရပ်ဖြစ်ကြောင်း၊ အပစ်အခတ် ရပ်စဲရေးမူကြမ်းအပေါ် သဘောတူညီချက်
ရရှိခြင်းသည် နိုင်ငံတော်အတွင်း တရားမျှတပြီး ရေရှည် တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေးတစ်ရပ်ရရှိရန်
ကြိုးပမ်းအားထုတ်မှုများကို ဖြစ်ပေါ်စေမည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း၊ နော်ဝေ အစိုးရအနေဖြင့်
ယင်းကြိုးပမ်း အားထုတ်မှုများအပေါ် ကူညီပံ့ပိုး သွားမည်ဖြစ်ကြောင်း၊ နော်ဝေအစိုးရသည်
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ ညီချက်ရရှိရန်နှင့် နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်နိုင်ရန် သက်ဆိုင်ရာအဖွဲ့များ၏ ကြိုးပမ်းမှုကို ၂ဝ၁၂
ခုနှစ်ကတည်းက ကူညီပံ့ပိုး ခဲ့ကြောင်းဖြင့် ဖော်ပြပါရှိသည်။
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်
ဗီဂျေနမ်ဘီးယား
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်
ဗီဂျေနမ်ဘီးယား၏ ထုတ်ပြန်ချက်တွင် ယခုကဲ့သို့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ
သဘောတူညီချက်မူကြမ်းကို လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းသည် နိုင်ငံရေးနှင့် စစ်ရေးဆိုင်ရာ အရေးကိစ္စများ
ဖြေရှင်းနိုင်ရေးအတွက် ဆွေးနွေးပွဲများကို ကျယ်ပြန့်စွာ ကျင်းပနိုင်ရန် ပထမခြေလှမ်းဖြစ်ပြီး
မြန်မာနိုင်ငံ အတွက် ပြည်သူ အားလုံးပါဝင်ပြီး သဟဇာတဖြစ်သည့် အနာဂတ်ကို ဖော်ဆောင်ပေး
မည်ဖြစ်ကြောင်းဖြင့် ဖော်ပြထားကြောင်း သိရှိရသည်။

No comments:
Post a Comment