Wednesday, April 1, 2015

ထောင်စုနှစ်ပန်းတိုင်အရောက်လှမ်းလျှောက်မည့် ရေကြည်တစ်ပေါက်

ဒေါက်တာအောင်စိုး(ခ) အောင်ကျော်မိုး အငြိမ်းစားပြည်နယ်ဆေးရုံအုပ်ကြီး
ကမ္ဘာတစ်ဝန်း နှစ်စဉ်လူပေါင်း၂ ဒသမ ၅ ဘီလီယံခန့်သည် ဝမ်းလျှော၊ ဝမ်းပျက်ရောဂါ ခံစားလျက်ရှိရာ အဓိက အကြောင်းရင်းများက မသန့်ရှင်း သော သောက်ရေ၊ မပီပြင်သော ပတ်ဝန်းကျင်သန့်ရှင်းမှုစနစ်နှင့် မမှန်ကန်သော တစ်ကိုယ်ရေ ကျန်းမာရေးအမူအကျင့်၊ ဓလေ့စရိုက်များပင်ဖြစ်ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံ၌ ကျန်းမာရေး ဝန်ကြီးဌာန
လက်အောက်၊ ဆေးသုတေသန ဦးစီးဌာနများသည် မိတ်ဖက် အဖွဲ့ အစည်းဌာနများနှင့် ဆက်နွှယ်ကာ ပြည်သူ့အကျိုးပြု သုတေသနလုပ်ငန်းအများအပြားကို ဆောင်ရွက် လျက်ရှိရာ သန့်ရှင်းသော သောက်ရေရရှိရေးဆိုင်ရာ သုတေသနများလည်း အပါအဝင်ဖြစ်သည်။
၂ဝ၁၄ ခုနှစ်တွင် ကျင်းပခဲ့သည့် (၄၂)ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံတွင် တင်သွင်းဖတ်ကြားခဲ့သည့် သုတေသနစာတမ်းတစ်ခုအရ မြို့တော်ရန်ကုန်၏ ဆင်ခြေဖုံးမြို့နယ်တစ်ခု ဖြစ်သည့် မြောက် ဒဂုံမြို့နယ်ရှိ ရပ်ကွက်အချို့၌ ဝမ်းနှင့်ပတ်သက်သော ရောဂါဖြစ်ပွားမှုနှုန်း မြင့်မားနေသဖြင့် သုတေသီများ အိမ်တိုင်ရာရောက် ကွင်းဆင်းသုတေသန ပြုလုပ်ခဲ့ကြောင်း ဖော်ပြပါရှိသည်။ မြန်မာနိုင်ငံ ဆေးသုတေသန ဦးစီးဌာ (အောက်မြန်မာပြည်)မှ သုတေသီများ အဖွဲ့သည် ထိုမြို့နယ်အတွင်းရှိ ရပ်ကွက် နှစ်ခု အား ရွေးချယ်ကာ ၂ဝ၁၂ ခုနှစ် ဒီဇင် ဘာလမှ ၂ဝ၁၃ ခုနှစ် သြဂုတ်လအတွင်း သောက်ရေတွင် ရောဂါပိုးပါရှိမှု ကို ရှာဖွေလေ့လာခဲ့သည်။
စမ်းသပ်ခံအိမ်ထောင်စု အများစုမှာ သောက်ရေနှင့်သုံးရေကို သီးခြား မခွဲထားဘဲ ရောနှောသိုလှောင် သုံးစွဲကြသည် ကို တွေ့ရှိခဲ့သည်။ အိမ်ထောင်စု အသီးသီး၏ သောက်ရေနမူနာများကိုရယူကာ ဆေးသုတေသန ဦးစီးဌာနရှိ ပိုးမွှားဗေဒ ဓာတ်ခွဲခန်း၌ ဓာတ်ခွဲစမ်းသပ်ခဲ့သည်။ သောက်ရေနမူနာ ၁၃၇ ခုကို ဓာတ်ခွဲစမ်းသပ် ကြည့်ရာ အူလမ်းကြောင်း၌နေလေ့ရှိသော Coliform ဗက်တီးရီးယားပိုး ၁၃ဝ ( ၉၄ ဒသမ ၉ ရာခိုင်နှုန်း- ၁၃ဝ/၁၃၇)၊ မစင်ထဲ တွင်ရှိတတ်သော Foecal Coliform ဗက်တီးရီးယားရောဂါပိုး ၁၂၈ (၉၃ ဒသမ ၄ ရာခိုင်နှုန်း ၁၂၈/ ၁၃၇)ပါရှိကြောင်း တွေ့ရှိရပါသည်။
ထိုအထဲမှ Escherichia coli ပါရှိမှု (၄၅ ဒသမ ၃ ရာခိုင်နှုန်း ၅၈/ ၁၂၈)ရှိကြောင်း တွေ့ရပြန်သည်။ အထက်ဖော်ပြပါ သုတေသနရလဒ်က အိမ်ထောင်စုအများစု၏ သောက်ရေများတွင် မစင်ရောယှက်ပါဝင် နေကြောင်း ဖော်ညွှန်းလျက် ရှိသည်။ ဆေးသုတေသနဦးစီးဌာန(အောက်မြန်မာပြည်)၏ ထိုကဲ့သို့သော လက်တွေ့ကျသည့် လေ့လာမှုရလဒ်များ သည် နောင်ပြည်သူ့ ကျန်းမာရေးစီမံချက်များ ဖြည့်စွက်ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက် ရာ၌ အထောက် အကူပြုမည့်အပြင် သောက်ရေနှင့် ပတ်သက်၍ ကျန်းမာရေး အတွက် စိန်ခေါ်မှုများကို လျော့ပါးစေမည့် ''သောက်ရေ သန့်ရှင်းစေမှုနှင့် ကျန်းမာရေးအတွက် လုံခြုံစိတ်ချရသော အိမ်သုံးသောက်ရေ သိုလှောင်မှု အစီအစဉ် ''(Intervention programmes for Household Drinking Water Treatment and Safe Storage-HWTS Strategies) အောင်မြင်ရေး ကိုလည်း တစ်ဖက်တစ်လမ်းမှ အကျိုးပြုမည်ဟု ယုံကြည်ရပေ သည်။
ကုလသမဂ္ဂထောင်စုနှစ် ဖွံ့ဖြိုးမှုရည်မှန်းချက် ပန်းတိုင်အမှတ်စဉ်(၇)အရ ရေကောင်းရေသန့်ရရှိမှုနှင့် အညစ် အကြေး စနစ်တကျစွန့်ပစ်သိမ်းဆည်း မှု လစ်ဟင်းခြင်းကို ၂ဝ၁၅ ခုနှစ်တွင် ၁၉၉ဝ ပြည့်နှစ် ကိန်းဂဏန်း၏ ထက်ဝက်သို့လျှော့ချရန် လျာထားကြောင်း ပြည်သူအများစုက သိရှိပြီး ဖြစ်သည်။ တစ်နည်းဆိုသော် ၂ဝ၁၅ ခုနှစ်တွင် လူသန်းပေါင်း ၇၅ဝဝ အား ရေကောင်းရေသန့်ရရှိစေရန် ကုလ သမဂ္ဂထောင်စုနှစ် ရည်မှန်းချက်(၇)က ရည်ရွယ်ထားခြင်းဖြစ်သည်။ ထိုရည်မှန်းချက် ပန်းတိုင်သို့ ချီတက်ရာ၌ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အထက်တွင် ဖော်ပြခဲ့သည့် HWTS အစီအစဉ် ကို အစပျိုး ဆောင်ရွက်ခဲ့သည်။
၂ဝ၁ဝ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ရန်ကုန်မြို့ ကုန်သည်ကြီး များဟိုတယ် (လက်ရှိ ဆူးလေရှန် ဂရီလာဟိုတယ်)၌ ကျင်းပခဲ့သည့် ''ရေ နှင့်ဝမ်းပျက်ရောဂါ'' Water and diarrhoea ပညာပေးအခမ်းအနား အစီ အစဉ်တွင် အိုင်ယာလန်နိုင်ငံ Medentech Ltd.မှ Mr. Michael Gately ၏ ပြောကြားချက်အရ ရေကောင်း ရေသန့် ရရှိသုံးစွဲရေးသည် ဖွံ့ဖြိုးဆဲနိုင်ငံ များသာမက ဖွံ့ဖြိုးပြီး နိုင်ငံများ အတွက်ပါ အခက်အခဲ ပြဿနာတစ်ရပ် ဖြစ်ကြောင်း အမေရိကန်နိုင်ငံတွင် နေထိုင်သူများ၏ ၁ဝ ရာခိုင်နှုန်းမှ ၂ဝ ရာခိုင်နှုန်းခန့်သာ အိမ်တွင်းရေသန့်စင်စနစ် (Home Water Treatment System) ကို သုံးစွဲကြောင်း၊ အမေရိကန်နိုင်ငံ သမ္မတ နေထိုင်သည့် ဝါရှင်တန် မြို့တော်တွင်ပင် အိမ်တိုင်းစေ့သောက်သုံး ရေအား ပိုးမွှားကင်းစင်အောင် မလုပ်နိုင်သေးကြောင်း၊ အိုင်ယာလန်နိုင်ငံ၏ စတုတ္ထအကြီးဆုံးမြို့တွင်ပင် မကြာသေးမီက မသန့်ရှင်းသော ရေကြောင့် ရောဂါ ကူးစက်ပျံ့နှံ့မှု ဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။
ကမ္ဘာကြီးပူနွေးလာမှုအပါအဝင် အကြောင်းကြောင်းကြောင့် ရေထု ညစ်ညမ်းမှုများဖြစ်ပေါ်လာရာမှ မြို့ပြနေလူထု သာမက ကျေးလက်နေလူထု ပါ ရောဂါဘယပေါင်းစုံနှင့် ရင်ဆိုင်လာရပေသည်။ သာဓကအားဖြင့် မြို့ကြီး ပြကြီး များနှင့် ကျေးလက်တော ရွာများတွင် ယခင်က ရာသီဥတုမှန်ကန်၍ ရေစီးရေလာအလုံ အလောက်ရှိခဲ့စဉ် က မြစ်ကြီးချောင်းကြီးများသည် အညစ် အကြေး သန့်စင်ဖယ်ရှားပေးနိုင်သည့် အကောင်းဆုံး သဘာဝသန့်စင် စက်ကြီးများသဖွယ် ရှိခဲ့သည်ဟု ပညာရှင်များက ဆိုထားသည်။ သို့ရာတွင် ရေဆိုးမြောင်းများ ချွတ်ယွင်းလာခြင်း၊ ရာသီဥတုပြောင်းလဲမှုကြောင့် မြစ်ကြီး ချောင်းကြီးများ တိမ်ကောခန်းခြောက် သေးငယ်လာခြင်းတို့ကြောင့် လူများ၏ အညစ်အကြေးများကို သန့်စင်ပေးနိုင်စွမ်းအားနည်းလာရာ ရေမှ တစ်ဆင့် ပျံ့နှံ့တတ်သည့် ကူးစက်ရောဂါများ၏ဒဏ်ကို မလွဲမသွေ ပိုမိုခံစားလာကြ ရသည်ဟု Global Water Issue 2010 စာအုပ်တွင် ဖော်ပြပါရှိကြောင်း မှတ်သားခဲ့ရသည်။ အကျိုးဆက်အဖြစ် လူသန်းပေါင်းများစွာ သေကျေပျက်စီးရုံ သာမက ကျန်းမာရေးနှင့်ညီ ညွတ်သော ရေကောင်းရေ သန့်ရရှိရန်၊ ဆေးဝါး ကုသရန်၊ ရောဂါကာကွယ်ရန်နှင့် အညစ်အကြေးများကို သန့်စင်ဖယ်ရှား ရန် ငွေကုန်ကြေးကျများပြား သည်မှာ မျက်ဝါး ထင်ထင်ပင်။ ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်အရ ကမ္ဘာတွင် နှစ်စဉ် ကလေးသူငယ် ၁ ဒသမ ၅ သန်း ခန့်သည် ဝမ်းလျှောဝမ်းပျက်ရောဂါကြောင့် သေဆုံးလျက်ရှိကြောင်း သိရ သည်။
ကမ္ဘာ့လူဦးရေ၏ ၁၈ ရာခိုင်နှုန်းနှင့် ညီမျှသည့် လူသန်းပေါင်း ၁၁ဝဝ ခန့်သည် သန့်ရှင်းသောရေမရရှိကြပေ။ ဝမ်းလျှောဝမ်းပျက်ဖြစ်ရခြင်း၏ အကြောင်းရင်းအများအပြားရှိကြရာမှ ရေကောင်းရေသန့်မရရှိခြင်းသည် လည်း အရေးပါသည့် အကြောင်းရင်းတစ်ရပ်ဖြစ်နေပေသည်။ ကမ္ဘာအနှံ့ နှစ်စဉ် လူသန်းပေါင်း ၄ဝဝဝ ခန့်သည် ဝမ်းလျှောဝမ်းပျက်ဝေဒနာကို မိမိသက်တမ်း၌ တစ်ကြိမ်မဟုတ် တစ်ကြိမ်ခံစားရပြီး ယင်းတို့အနက် ၁ ဒသမ ၂ သန်းကျော်မှာ ရေကောင်းရေသန့် မရရှိခြင်းကြောင့် ဖြစ်ကြောင်း၊ ထိုဝမ်းလျှောဝမ်းပျက်ဖြစ်ပွားသူ သန်း ၄ဝဝဝ ခန့်အနက်မှ ၃ ဒသမ ၅ သန်းခန့်သည် သေကျေပျက်စီးလျက်ရှိကြောင်း မှတ်သားခဲ့ရသည်မှာ စိတ် မချမ်း မြေ့စရာပင်။
မသန့်ရှင်းသော သောက်သုံးရေကြောင့် ဖြစ်ပေါ်လျက်ရှိသော လူမှုရေး၊ စီးပွားရေးပြဿနာများသည်လည်း ကျန်းမာရေးဆိုင် ရာပြဿနာများနှင့် ရင်ပေါင်တန်းလျက်ရှိနေပေသည်။ ဥပမာ-ကမ္ဘာအနှံ့ဆေးရုံများတွင် တက်ရောက် ကုသမှုခံယူသူ လူနာဦးရေ၏ ထက်ဝက်ခန့်သည် ရေမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ ကြောင့် ဖြစ်ကြောင်း၊ ဆေးရုံတက်ရခြင်းကြောင့် အလုပ် အကိုင်ပျက် ကွက်ခြင်း၊ စီးပွားရေး ကျဆင်းခြင်း၊ မိသားစုဝင်ငွေ လျော့ပါးခြင်း၊ စိတ်ဓာတ်ကျဆင်းခြင်း၊ လူထုတစ်ရပ်လုံး ဝင်ငွေထိခိုက်ခြင်း၊ ကျောင်းတက် ပျက်ကွက်ခြင်း စသည့် လူမှုစီးပွားပြဿနာများ ဖြစ်ပေါ်နေ သကဲ့သို့ ကလေးငယ်များတွင် အူလမ်းကြောင်း တစ်လျှောက် အာဟာရစုပ်ယူ နိုင်မှုလျော့ပါး၍ ကိုယ်ခံစွမ်းအား ကျဆင်းခြင်း၊ အာဟာရချို့တဲ့ခြင်း၊ ဖွံ့ဖြိုးမှု နှေးကွေးခြင်း စသည့် ကျန်းမာရေးဆိုင်ရာ အနိဋ္ဌာရုံများလည်း အထင်အရှား ပင်ဖြစ်နေသည်။
ဝမ်းနှင့်ပတ်သက်သော ရောဂါပိုးများကင်းရှင်းပြီး သန့်ရှင်းစိတ်ချရသော ရေရရှိရေးအတွက် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာ ရင်းနှီးမြှုပ်နှံရုံဖြင့် အမေရိကန်ဒေါ်လာ ၆ဝ ဖိုးခန့် ကုန်ကျစရိတ်သက်သာစေနိုင်ကြောင်း၊ ကျန်းမာရေးဆိုင်ရာ ဘောဂဗေဒ ကျွမ်းကျင်သူများ၏ တွက်ချက်မှုအရ သိရှိ ရသည်။
ကာလဝမ်းရောဂါ၊ ဝမ်းလျှောဝမ်းပျက်ရောဂါ၊ ဝမ်းကိုက်ရောဂါ၊ အူရောင် ငန်းဖျားရောဂါ၊ သန်ကောင်ကပ်စွဲ ခြင်းရောဂါ၊ အသည်းရောင်အသားဝါ ရောဂါ၊ ပိုလီယိုအကြောသေရောဂါ စသည်များ မဖြစ်ပွားအောင် ပြည်သူလူထု တစ်ရပ်လုံး လက်တွဲပါဝင်လှုပ်ရှားဆောင်ရွက်ရန် လိုအပ်ပေသည်။
တစ်ကိုယ် ရေကျန်းမာရေး၊ လက်ဆေးခြင်းအပါအဝင် သန့်လေးသန့်၊ ပတ်ဝန်းကျင် ကျန်းမာရေး၏ အစိတ် အပိုင်းတစ်ခုဖြစ်သည့် ပိုးမွှားကင်းစင်ပြီး သန့်ရှင်း လုံခြုံစိတ်ချရသော သောက်ရေသုံးစွဲရေးကို အလေးထား ဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်ရင်း မြန်မာနိုင်ငံ ဆေးသုတေသန ဦးစီးဌာနများ၏ ပြည်သူ့အကျိုးပြု လုပ်ဆောင်ချက်များကို ဂုဏ်ပြုရေးသား တင်ပြလိုက်ပါ သည်။

No comments:

Post a Comment