Friday, April 3, 2015

တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် လက်မှတ် ရေးထိုးနိုင်တော့မည်



နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြောကြားသည့် ရေဒီယိုမိန့်ခွန်း
(၃-၄-၂ဝ၁၅)

မိဘပြည်သူများခင်ဗျား
ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိ အခြေအနေများကို မိဘပြည်သူများထံ ရေဒီယိုမှ တစ်ဆင့် အသိပေးပြောကြားနေ ကျဖြစ်တဲ့အတိုင်း မတ်လအတွင်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုများကို ပြောကြားရခြင်း ဖြစ်ပါတယ်။
  
လွန်ခဲ့တဲ့ လေးနှစ်တာကာလကို ပြန်ပြောင်းကြည့်ရှုတဲ့အခါ နိုင်ငံရေး ဖြစ်ထွန်းမှုများထဲမှာ အဓိကကျတဲ့ ဖြစ်ထွန်းမှု ကတော့ ပြည်သူလူထု အနေနဲ့ နိုင်ငံရေးမှာ ပါဝင်ခွင့်ရခြင်းဆိုတဲ့ ပကတိအခြေအနေပဲဖြစ်ပါတယ်။ ဒီလို အခြေ အနေကို ရောက်ရှိဖို့အတွက် ကျွန်တော်တို့အားလုံးရဲ့ ဝိုင်းဝန်းကြိုးပမ်းမှုတွေနဲ့ တည်ဆောက်ခဲ့ရတယ် ဆိုတာက လည်း ငြင်းဆိုလို့မရတဲ့ အချက်ဖြစ်ပါတယ်။ ဒါကြောင့် ဒီကနေ့ ဖြစ်ထွန်းမှုများရဲ့ တန်ဖိုးမှန်ကို သိရှိပြီး နောက် တစ်ဆင့် တက်လှမ်းနိုင်ဖို့အတွက် အနာဂတ်ကိုမျှော်ပြီး ကြည့်ရှုနိုင်ရမှာ လည်းဖြစ်ပါတယ်။ နောက်ထပ်တစ်ဆင့်ကို တက်လှမ်းတယ် ဆိုရာမှာ ပြည်သူ အားလုံး လိုလားတဲ့၊ ပိုင်ဆိုင် လိုတဲ့၊ ဒီမိုကရေစီထွန်းကားတဲ့ လူ့အဖွဲ့အစည်းကို ရောက်ရှိရေး ဆိုတဲ့ မျှော်လင့် ချက်ကို အဆင့်ဆင့် တည်ဆောက်ခြင်း ဆိုတဲ့ နိုင်ငံရေးအနာဂတ်ကို ဖန်တီးခြင်းပဲဖြစ်ပါတယ်။
ဒီမျှော်လင့်ချက်ကို အဆင့်ဆင့် ဖန်တီးတဲ့အခါမှာ အဓိကကျတဲ့ နိုင်ငံရေးဖြစ်စဉ် ကတော့ ရွေးကောက်ပွဲနည်း လမ်းတွေ နဲ့ နိုင်ငံရေးအင်စတီကျူးရှင်းတွေကို ခိုင်မာအောင် တည်ဆောက်ခြင်းကသာလျှင် နည်းလမ်းမှန်ဖြစ် တယ်ဆို တာကို ရှုမြင်ပြီး ယုံကြည်ချက်အပြည့်နဲ့ တည်ဆောက်ကြရမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲ များဟာ လိုအပ်တဲ့ နိုင်ငံရေးဆိုင်ရာ အင်စတီ ကျူးရှင်းများ တည်ဆောက်ရေးဆိုတဲ့ လုပ်ငန်းစဉ်များရဲ့အစပြုဖြစ်စဉ် ပဲဖြစ်ပါတယ်။ အခု လက်ရှိအခြေအနေဟာ ဆိုရင်လည်း ရွေးကောက်ပွဲ အကြိုကာလများကို ရောက်ရှိနေပြီဖြစ် တဲ့အတွက် ပြည်သူလူထုအနေနဲ့ အထက်မှာ ကျွန်တော် ညွှန်းဆိုခဲ့တဲ့ ပြည်သူလူထု နိုင်ငံရေး တွင်ပါဝင် ခွင့်ရခြင်း ဆိုတာကို လက်လွှတ် ဆုံးရှုံးမှုမခံဘဲ နောက်တစ်ဆင့် တက်လှမ်းရမယ့် အဆင့်ဖြစ်တဲ့ ဒီမိုကရေစီ ထွန်းကား တဲ့လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်ဖို့ဆိုတဲ့ ရည်မှန်းချက်ကို မျက်ခြည်မပြတ်စေဘဲ ပြင်ဆင်ကြိုး ပမ်းဆောင် ရွက်ကြရမယ့် အချိန်ကာလပဲ ဖြစ်ပါတယ်။
တစ်နည်းအားဖြင့်ဆိုရရင် ဒီမိုကရေစီ အသွင် ကူးပြောင်းရေးကို ဆင်နွှဲကြတဲ့ နိုင်ငံတိုင်းကြုံတွေ့ ဖြတ်ကျော်ရ သလိုပဲ တိုင်းပြည်ရဲ့ လက်ရှိ ပကတိနိုင်ငံရေး အခြေအနေများအပေါ် လက်တွေ့ ကျကျရှုမြင်ပြီးတော့ ချောမွေ့ ညင်သာပြီး အောင်မြင်တဲ့ အသွင် ကူးပြောင်းရေးတစ်ရပ်ဖြစ်ရေး အတွက် အားလုံးက ဝိုင်းဝန်းကြိုးပမ်းကြရမယ့် အချိန်ကာလပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ လွတ်လပ်ရေးရပြီးတဲ့ ၁၉၄၈ ခုနှစ်ကတည်းက ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခတွေကို နှစ်ပေါင်းများစွာ ကြုံတွေ့လာခဲ့ရတာ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ အရှည်ကြာဆုံးနဲ့ အရှုပ်ထွေးဆုံး လက်နက်ကိုင် ပဋိပက္ခတစ်ခုအဖြစ် နိုင်ငံတကာ ပညာရှင်များကလည်း သုံးသပ်၊ လက်ခံထားကြပါတယ်။ စစ်မှန်ပြီး ရေရှည် တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး ရရှိဖို့ လျှောက် လှမ်းရတဲ့လမ်းဟာ အခက်အခဲပေါင်းများစွာရှိပြီး လွယ်ကူတဲ့ အဖြေဆိုတာလည်း မရှိပါဘူး။ သို့သော်လည်း ဒီကနေ့ အချိန်မှာတော့ ကာလရှည်ကြာ ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခတွေကို အဆုံး သတ်ရပ်စဲပြီး နိုင်ငံရေး အရ ဖြေရှင်းနိုင် ဖို့အတွက် အရေးအကြီးဆုံး မှတ်တိုင်တစ်ခုဖြစ်တဲ့ တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် စာချုပ်ကို လက်မှတ်ရေးထိုးနိုင်ဖို့အတွက် စာချုပ်ပါ အချက်အလက်များ အားလုံးကို သဘောတူညီမှု ရရှိသွားပြီ ဖြစ်ပါတယ်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်ပါ အချက်အလက် များအားလုံးကို ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့တို့ အပြန်အလှန် အတည်ပြုချက် ရယူပြီး သဘောတူညီထားကြောင်း ပဏာမအဆင့် လက်မှတ်ရေးထိုးပွဲကို ကျွန်တော်ကိုယ်တိုင် တက်ရောက် အသိအမှတ်ပြုခဲ့ပါတယ်။ ဒီလိုအောင်မြင်မှုတွေရရှိအောင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက ပါဝင်ဆွေးနွေးသူ ခေါင်းဆောင် တစ်ဦးချင်းစီအနေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲဖြစ်စဉ်များမှာ ပေါ်ပေါက်လာတဲ့ အခက်အခဲများကို စိတ်ရှည်သည်းခံမှု၊ အပြန်အလှန်နားလည် ယုံကြည်မှုနဲ့ လေးစားမှုတို့ကို အခြေခံပြီး ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် တာဝန် ကျေမှု များကိုလည်း လေးစား ဂုဏ်ယူမိကြောင်း ပြောကြားလိုပါတယ်။
များမကြာမီကာလ အနည်းငယ်အတွင်းမှာပဲ နှစ်ဖက်ဆွေးနွေးဖက်များ သဘောတူအတည်ပြုထားတဲ့ တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘော တူညီချက်ကို လက်မှတ်ရေးထိုးနိုင်တော့ မှာဖြစ်တဲ့ အကြောင်းလည်း ငြိမ်းချမ်း ရေးကို စိတ်ဆန္ဒပြင်းပြစွာ လိုလားတောင့်တနေကြတဲ့ ပြည်သူများထံသတင်း ကောင်းပါးလိုပါတယ်။
ခက်ခဲတဲ့အကျပ်အတည်းတွေကို ကျော်လွှားပြီး နိုင်ငံရေး ဆွေးနွေးပွဲတွေကို ဦးတည်တဲ့ ငြိမ်းချမ်းရေး လမ်းကြောင်းကြီးကို ဖွင့်လှစ်နိုင်ပြီ လည်းဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ ကိုးကန့်အရေးနဲ့ စပ်လျဉ်းပြီးတော့ အနည်းငယ် ပြောကြားလိုပါတယ်။ လက်ရှိအချိန်မှာ ကိုးကန့်ဒေသမှာ အရေးကြီးလုပ်ငန်း စဉ်အနေနဲ့ တည်ငြိမ် အေးချမ်းမှု ရရှိရေးကို အဓိကထား လုပ်ဆောင်နေတဲ့ အဆင့်ဖြစ်ပါတယ်။
ကျွန်တော်တို့ ကြိုးပမ်းတည်ဆောက်နေတဲ့ နိုင်ငံတော်သစ်မှာ တိုင်းရင်းသားများ၊ လူနည်းစုများရဲ့ အခွင့်အရေးကို အကာ အကွယ်ပေးဖို့ ဆိုတဲ့ ကိစ္စရပ်တွေကိုလည်း ဦးစားပေးလုပ်ငန်းစဉ်အဖြစ် ဆောင်ရွက်နေတာဖြစ်တဲ့ အတွက် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုး တိုးတက်မှုများ ရရှိအောင် အဆင့်ဆင့် ကြိုးပမ်းဆောင်ရွက်သွားရမှာပဲ ဖြစ်ပါတယ်။ အိမ်နီးချင်း နိုင်ငံတွေ သာမက ကမ္ဘာ့အင်အားကြီး နိုင်ငံများနဲ့ ဆက်ဆံရေးကောင်း ရှိဖို့ လိုအပ်နေတဲ့အချိန်မှာ ဒီလိုပဋိပက္ခ တွေကြောင့် ကျွန်တော်တို့နိုင်ငံရဲ့ မဟာဗျူဟာမြောက် ဆက်ဆံရေးကို အထိခိုက်ခံမှာ မဟုတ်ဘူးဆိုတာကို လည်း ပြောကြားလိုပါတယ်။
အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးအတွက် ဆန္ဒပြတဲ့နည်းလမ်းနဲ့ ကြိုးပမ်းတဲ့ ကိစ္စရပ်များမှာ စိတ်မကောင်းစရာ၊ ဝမ်းနည်းဖွယ်ရာ ကိစ္စရပ်တွေ များစွာဖြစ်ပွားခဲ့ရပါတယ်။ ဒီဖြစ်ရပ်တွေမှာ ကျွန်တော်တို့အားလုံး သင်ခန်းစာ တစ်ရပ်အနေနဲ့ ရယူဖော်ထုတ်နိုင်တာကတော့ ဒီမိုကရေစီရဲ့ ကျင့်စဉ် တစ်ရပ် ဖြစ်တဲ့ သည်းခံနိုင်စွမ်း ရှိခြင်းဆိုတာကို အနေဝေးခဲ့တဲ့အ ကျိုးဆက်တွေ ပဲဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကို သင်ခန်းစာယူပြီးတော့ အင်အားစု အားလုံးဟာ နောင် ကြုံတွေ့လာရမယ့်ဖြစ်စဉ်များမှာ ပိုမိုပြီးစည်း ကမ်းတကျ ဆောင်ရွက်နိုင်ဖို့အတွက် မိမိတို့ရဲ့ အရည်အသွေးတွေကို မြှင့်တင်ကြရမှာလည်း ဖြစ်ပါတယ်။
တစ်ဆက် တည်းမှာပဲ ဒီမိုကရေစီ ကျင့်စဉ်များအရ လွတ်လပ်စွာ လှုပ်ရှားဆောင်ရွက်မှုတွေကို အသိအမှတ်ပြုရ မှာဖြစ်တဲ့နည်းတူ တည်ဆဲဥပဒေတွေနဲ့ စည်းကမ်းများကို လေးစားလိုက်နာကြဖို့လည်း လိုအပ်မှာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ မတ်လအတွင်းက ဖြစ်ပွားခဲ့တဲ့ အောင်တံခွန်ရေယာဉ် နစ်မြုပ်ခဲ့တဲ့ ဝမ်းနည်းကြေကွဲ ဖွယ်ဖြစ်ရပ်နဲ့ ပတ်သက်ပြီးတော့ မိသားစုဝင်များ ဆုံးရှုံးခဲ့ရတဲ့ ကျန်ရစ်တဲ့ မိသားစုများနဲ့ ထပ်တူဝမ်းနည်း မိပါကြောင်း ပြောကြားလိုပါတယ်။ မည်သည့်အကြောင်းနဲ့ အခုလိုဖြစ်ရပ်ပေါ်ပေါက်ခဲ့ရသည်ဖြစ်စေ ဆုံးရှုံး နစ်နာ သွားရတဲ့ ပြည်သူများရဲ့ အသက်တွေဟာ အလွန် အမင်းနှမြောစရာ တန်ဖိုးတွေပဲ ဖြစ်ပါတယ်။ အစိုးရ ဌာနများ၊ ဝန်ထမ်း အဖွဲ့အစည်းများရဲ့ လိုအပ်ချက်၊ အားနည်း ချက်နဲ့ ပေါ့ဆမှုတွေကြောင့် နောက်နောင်မှာ အခုလို ဝမ်းနည်းစရာ ဖြစ်ရပ်တွေ ထပ်မံ မပေါ်ပေါက်စေဖို့အတွက် လိုအပ်တဲ့ စီမံဆောင် ရွက်မှုတွေ လုပ်ဆောင်ကြဖို့ အဆင့်ဆင့် ညွှန်ကြားထားပြီးလည်း ဖြစ်ပါတယ်။ လမ်းပန်း ဆက်သွယ်ရေးနဲ့ ကူးသန်း သွားလာရေးမှာ ပြည်သူများအနေနဲ့ လုံခြုံစိတ်ချစွာ သွားလာနိုင်ဖို့အတွက် လက်ရှိပေါ်ပေါက်နေတဲ့ အခြေခံ အဆောက်အအုံ စီမံခန့်ခွဲမှု၊ နည်းပညာဆိုင်ရာ အားနည်းချက်တွေကို အလျင်အမြန်ဖြည့်ဆည်း ဆောင်ရွက် သွားကြရမှာလည်း ဖြစ်ပါတယ်။
မတ်လအတွင်းမှာ တပ်မတော်နေ့ အခမ်းအနားကို နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ တိုင်းပြည်ရဲ့ လွတ်လပ်ရေး ကြိုးပမ်းမှုဖြစ်စဉ် အတွင်းမှာ အဓိကကျခဲ့တဲ့ ဖက်ဆစ်တိုက်ဖျက်ရေးနဲ့ အတူ ပေါ်ပေါက်လာတဲ့ မြန်မာ့တပ်မတော်ဟာ နှစ်ပေါင်း (၇ဝ) သက်တမ်းကို ရောက်ရှိ လာခဲ့ပြီဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံအတွက် အထူးသဖြင့် ကျွန်တော်တို့လို မဟာဗျူဟာ ကျတဲ့နေရာမှာတည်ရှိပြီး သေးငယ်တဲ့ နိုင်ငံငယ်တွေအတွက် ကျစ်လျစ်ပြီး အင်အားတောင့်တင်းတဲ့ တပ်မတော်တစ်ရပ်ဟာ မရှိမဖြစ် လိုအပ်တယ်ဆိုတာလည်း ဒီကနေ့ ကမ္ဘာ့အခြေအနေများနဲ့ ဒေသတွင်း အခြေအနေများက အခိုင်အမာ သက်သေထူလျက်ရှိပါတယ်။
ဒီကနေ့ မြန်မာ့တပ်မတော်အနေနဲ့ ကြိုးပမ်းဆောင်ရွက်နေတဲ့ ခေတ်မီ တပ်မတော်တစ်ရပ် တည်ဆောက်ရေးနဲ့ မူလတာဝန်ဖြစ်တဲ့ ပြည်ထောင်စု မပြိုကွဲရေး၊ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ရေး၊ သဘာဝ ဘေး အန္တရာယ်များ ပေါ်ပေါက်လာတဲ့အခါမှာ ပြည်သူလူထုတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်နိုင် ဖို့အတွက် ကယ်ဆယ်ရေး လုပ်ငန်းတွေကို အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရေးဆိုတဲ့ ကိစ္စရပ်များမှာ ပြည်သူ လူထုအနေနဲ့ ကြိုဆိုအားပေးမှုများ ပြုလုပ်ပေးကြရမှာလည်း ဖြစ်ပါတယ်။ ပြည်သူလူထုအနေနဲ့ မိမိတို့ရဲ့ အနာဂတ် ရည်မှန်းချက်ဖြစ်တဲ့ ဒီမိုကရေစီ ထွန်းကားတဲ့ လူ့အဖွဲ့အစည်း တည်ဆောက်ရေးဆိုတာကို မျက်ခြည် မပြတ်ဖို့ လိုအပ်ပါတယ် ဆိုတဲ့အချက်ကို ထပ်လောင်းပြောကြားလိုပါတယ်။ ဒါမှသာလျှင် မိမိတို့ အဓိကထား တည်ဆောက်နေတဲ့ နိုင်ငံတော်သစ် တစ်ရပ် ပေါ်ပေါက် လာမှာလည်း ဖြစ်ပါတယ်။
သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းပါးပြီး လူ့အဖွဲ့အစည်းအတွက် ရေရှည်မှာ အကျိုးဖြစ်ထွန်းမယ့် နေရောင်ခြည်စွမ်းအင်သုံး နည်းပညာတွေဟာ ဒီကနေ့ ကမ္ဘာမှာ အထူးအလေးပေး ပြောဆိုလာကြရပါတယ်။ နေရောင်ခြည် စွမ်းအင်ကို အသုံးပြုပြီး ပထမဆုံး ကမ္ဘာတစ်ပတ် လှည့်လည်မောင်းနှင်တဲ့ လေယာဉ်ရဲ့ အရှေ့တောင် အာရှရပ်နားစခန်း အဖြစ် မြန်မာနိုင်ငံ ကို ရွေးချယ်ခဲ့ပြီး မန္တလေးမြို့မှာ ခေတ္တ ဝင်ရောက် ရပ်နားခဲ့ပါတယ်။ ဒီလို ကမ္ဘာ့ခေတ် ရှေ့ပြေး နည်းပညာကို ကမ္ဘာသူ ကမ္ဘာသားများ အကြား မြှင့်တင်တဲ့နေရာမှာ မြန်မာနိုင်ငံက ထူးခြားစွာ ပါဝင်ခွင့်ရခဲ့တာကိုလည်း ဂုဏ်ယူဝမ်းမြောက်တဲ့ အတွက် ကျွန်တော်ကိုယ်တိုင် သွားရောက် လေ့လာပြီး အားပေးခဲ့ပါတယ်။
အထူးသဖြင့် ဂုဏ်ယူမိတာကတော့ မန္တလေးတိုင်းဒေသကြီးနဲ့ အခြားဒေသများက လူငယ်မျိုးဆက် သစ်များဟာ ဒီကနေ့ ကမ္ဘာမှာ အထူး အလေးပေး ပြောဆိုလာတဲ့ ခေတ်မီ သိပ္ပံနဲ့နည်းပညာဆိုင်ရာ အခွင့် အလမ်းကောင်း တစ်ခုကို ကိုယ်တိုင်ကိုယ်ကျ လေ့ လာ ခွင့်ရခဲ့ခြင်းပဲဖြစ်ပါတယ်။
များမကြာမီရက်ပိုင်း အတွင်းမှာ မြန်မာနိုင်ငံသားအားလုံး ပါဝင်နွှဲ ပျော်ကြတဲ့ မြန်မာတို့ရဲ့ရိုးရာ အတာသ င်္ကြန်ပွဲတော်ကို ရောက်ရှိ လာတော့မှာ ဖြစ်ပါတယ်။ နှစ်သစ်ကူး အခါသမယမှာ ပြည်သူများအားလုံး အတာသ င်္ကြန်ကို နွှဲပျော်ရင်း မင်္ဂလာအပေါင်းနဲ့ပြည့်စုံ တဲ့နှစ် သစ်ဖြစ်စေဖို့လည်း ဆုမွန်ကောင်း တောင်းအပ် ပါတယ်။ မိမိတို့နိုင်ငံ သားအားလုံးရဲ့ အမျိုးသားရေး လက္ခဏာများထဲက တစ်ခုဖြစ်တဲ့ သင်္ကြန်ပွဲတော်ကို အကျည်း တန်စေမယ့် ပျော်ပါးမှု မျိုးအစား နိုင်ငံသားများအကြား ချစ်ခင်ရင်းနှီးမှုများကို တိုးပွားစေမယ့်၊ နိုင်ငံတကာက လာရောက် လည်ပတ်ကြတဲ့ ခရီးသွားတွေ အမြင်မှာလည်း ပျော်ရွှင်မှုနဲ့ စည်းကမ်းရှိမှုကို ထင်ဟပ်ပြီး မြန်မာနိုင်ငံ ရဲ့ပုံရိပ်ကို ကောင်းမွန် စေမယ့် ပွဲတော်တစ်ရပ်ဖြစ်အောင် နိုင်ငံသား တာဝန်တစ်ရပ်အနေနဲ့ ခံယူပြီး ပျော်ရွှင်စွာ ဆင်နွှဲကြပါလို့လည်း တိုက်တွန်း ပြောကြားအပ်ပါတယ်။
ကျွန်တော့်အနေနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးရအောင်၊ ပြည်သူများရဲ့ လူမှု စီးပွားဘဝများ ပြန်လည်ဖွံ့ဖြိုး တိုးတက်လာအောင်၊ ကျွန်တော်တို့ရဲ့ မျိုးဆက်သစ် လူငယ်တွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်တွေ ဖန်တီး ပေးနိုင်ဖို့ တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက် ရှိတဲ့အကြောင်း ပြေကြားရင်း နိဂုံးချုပ်ပါတယ်။
မိဘပြည်သူများ ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ။

No comments:

Post a Comment