Sunday, March 29, 2015

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း မန္တလေးမြို့တည်နန်းတည် သမိုင်းဝင်သတ္တဋ္ဌာန အဆောင်တော်များဖွင့်ပွဲ မဟာမင်္ဂလာ အခမ်းအနားသို့ တက်ရောက်








မန္တလေး  မတ်  ၂၉
မန္တလေးမြို့တွင်ရောက်ရှိနေသော ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းနှင့်ဇနီး ဒေါ်နန်းရွှေမှုံတို့သည် ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၊ ဒေါက်တာသန်းအောင်၊ ဦးစိုးဝင်း၊ တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးရဲမြင့်၊ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ကျော်ညွန့်၊ ဦးသန်းဆွေ၊ တိုင်းဒေသကြီး ၀န်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေး  မြို့တည်နန်းတည် သမိုင်းဝင် သတ္တဋ္ဌာန အဆောင်တော်များ ဖွင့်ပွဲမဟာမင်္ဂလာ အခမ်းအနားသို့  တက်ရောက်ချီးမြှင့်သည်။

အစီအစဉ်အရ တိုင်းဒေသကြီးဝန်ကြီးချုပ်က သမိုင်းဝင်သတ္တဋ္ဌာန အဆောင်တော် များတည်ရှိရာ ရတနာပုံမုခ်ဦး အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ပြည်ထောင်စုဝန်ကြီးများက မုခ်ဦးအား အမွှေးနံ့သာရည်များ ပက်ဖြန်းကြသည်။
မုခ်ဦးအားဖွင့်လှစ်စဉ် တိုင်းဒေသကြီးဝန်ကြီးများ၊ အလှူရှင်မိသားစုများနှင့် တာဝန်ရှိသူများက ပိဋကတ်တိုက် တော်ကြီးနှင့် ပိဋကတ်အုတ်ကျောင်းတော်အ၀င်မုခ်ဦး၊ မဟာပဋ္ဌာန်း ဟောရွှေသိမ်တော်ကြီးနှင့် အ၀င်မုခ်ဦး၊ သုဓမ္မာဇရပ်တော်ကြီးနှင့် အ၀င်မုခ်ဦး၊ သာသနာပိုင် ဆရာတော်ကြီးများသီတင်းသုံးတော်မူရာ သုဓမ္မာရွှေကျောင်း တော်ကြီးနှင့်အ၀င် မုခ်ဦး၊ ရတနာပုံ မြို့တည်နန်းတည်ကုသိုလ်ရှင် မင်းတုန်းမင်းတရားကြီးနှင့် မြောက်နန်းစံ မိဘုရားကြီး စင်္ကြာဒေ၀ီတို့၏ ဗိမာန်တော် ကြီးနှင့် အ၀င်မုခ်ဦး၊ မန္တလေး မြို့တည်နန်းတည် ရတနာပုံ ကျောက်စာ တိုင်နှင့် အ၀င်မုခ်ဦး၊ စနုဆောင်(၂)ဆောင်မုခ်ဦး၊ ကျောက်တော်ကြီး မြတ်စွာဘုရား မုခ်ဦးများအား  ဖဲကြိုးဖြတ် ဖွင့်လှစ်ကြသည်။
ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်အဓိပတိ ဒေါက်တာအရှင်ဉာဏိဿရ အမှူးပြုသည့် ဆရာတော် သံဃာတော်များ၊ ဒုတိယသမ္မတနှင့် ဇနီးနှင့်အဖွဲ့ဝင်များ၊ အလှူရှင်များသည် မဟာဗောဓိပင် အားစိုက်ပျိုးပြီး အမွှေးနံ့သာရည်များ၊ ရေစင် ရေသန့်များ သွန်းလောင်း ပူဇော်ကြသည်။
ယင်းနောက် မန္တလေးမြို့တည် နန်းတည် သမိုင်းဝင်သတ္တဋ္ဌာန အဆောင်တော်များအား လှည့်လည်ကြည့်ရှုသည်။ ထို့နောက် ယာယီမဏ္ဍပ်၌ နိုင်ငံတော်သြ၀ါဒါ စရိယ၊ ဘုရားကြီးတိုက် လယ်ပေါ်ကျောင်း ဆရာတော် ဘဒ္ဒန္တ ကာရုညထံမှ ကိုးပါးသီလခံ ယူဆောက်တည်ကြပြီး နိုင်ငံတော်သြ၀ါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက သက်တော်ရှည် ၀ါဆိုကျောင်း ဆရာတော်ကြီး ဘဒ္ဒန္တ အဂ္ဃိယ၊  နိုင်ငံတော်သြ၀ါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကသက်တော်ရှည်မြတောင်ကျောင်းတိုက် သာသနပါလ ရွှေဝါ၀င်း ကျောင်းဆရာတော်ကြီး ဘဒ္ဒန္တ သာသနာဘိဝံသ၊ သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်အဓိပတိ ဒေါက်တာအရှင် ဉာဏိဿရတို့ထံမှ သြ၀ါဒကထာနာယူကြသည်။
ယင်းနောက် အလှူရှင် သီရိသုဓမ္မမဏိဇောတဓရ ဒေါက်တာ သုဓမ္မာဦးကျော်ဝင်းက မန္တလေးမြို့ တည်နန်းတည် သမိုင်းဝင် သတ္တဋ္ဌာန အဆောက်အဦများလှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြလျှောက်ထားသည်။
ထို့နောက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့်ဇနီး၊ ပြည်ထောင်စု ၀န်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယ ၀န်ကြီးများနှင့် တာဝန်ရှိသူများက အခမ်းအနားသို့ ကြွရောက်တော်မူလာကြသည့် ဆရာတော် သံဃာတော် များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ မြတောင်ကျောင်းတိုက်သာသနပါလ ရွှေဝါ၀င်းကျောင်း ဆရာတော် ဘဒ္ဒန္တ သာသနာဘိဝံသထံမှ အနုမောဒနာ တရားနာယူကြည်ညိုပြီး ဆရာတော် သံဃာတော်များအား သာသနာပိုင်ဆရာတော်ကြီးများ သီတင်းသုံးတော်မှုရာ သုဓမ္မာရွှေကျောင်းတော်ကြီး၌ နေ့ဆွမ်း ဆက်ကပ်သည်။
ကုန်းဘောင်မင်းဆက် ဘုရင်တစ်ပါးဖြစ်သည့် မင်းတုန်းမင်းတရားကြီးသည် ရတနာပုံ မန္တလေးမြို့တည်နန်းတည် သတ္တဋ္ဌာန များဖြစ်သည့် မဟာလောကမာရဇိန် ကုသိုလ်တော် ဘုရားကြီး၊ မဟာအတုလဝေယံအတုမရှိ ကျောင်းတော်ကြီး၊ မဟာပဋ္ဌာန်း ဟောရွှေသိမ်တော်ကြီး၊ သုဓမ္မာရွှေဇရပ်တော်ကြီး၊ ပိဋကတ်တိုက်တော်ကြီး၊ မန္တလေး မြို့ရိုးနှင့် ကျုံးတော် လေးဘက်လေးတန် တို့အား မြန်မာသက္ကရာဇ် ၁၂၂၁ ခုနှစ် ကဆုန်လပြည့်ကျော် ၆ ရက်တွင် တစ်ပြိုင်တည်းပန္နက်တော်တင်တည်ဆောက်ခဲ့ပြီး မြန်မာသက္ကရာဇ် ၁၂၂၃ ခုနှစ် ဒုတိယ ၀ါဆိုလဆန်း ၁၃ ရက်တွင် ရေစက်သွန်းချ လှူဒါန်းခဲ့သည်။
ခရစ်သက္ကရာဇ် ၁၉၃၉ - ၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်ကာလအတွင်း အဆိုပါ သတ္တဋ္ဌာနများမှာ မီးလောင်ပျက်စီး ခဲ့သည့်အတွက် ခေတ်အဆက်ဆက်အစိုးရများက နန်းမြို့ရိုး၊ ကျုံးတော်၊ လောကမာရဇိန် ကုသိုလ်တော် ဘုရားကြီးနှင့် မဟာအတုလဝေယံ ကျောင်းတော်ကြီး တို့ကိုပြုပြင်ခဲ့ပြီး မပြည်မစုံဖြစ်ခဲ့ရာ အလှူရှင် သီရိသုဓမ္မမဏိ ဇောတဓရ ဒေါက်တာ သုဓမ္မာ ဦးကျော်ဝင်းနှင့် ဇနီး သုဓမ္မသိ င်္ဂီ ဒေါ်မြင့်မြင့်သန်းမိသားစုတို့က အလှူငွေကျပ် သိန်းပေါင်း ငါးသောင်းသုံးထောင် တစ်ရာကျော် အကုန်ကျခံ၍ ပြည့်စုံအောင် ပြန်လည်ပြုပြင် တည်ဆောက် လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
မွန်းလွဲ ၁၂ နာရီခွဲတွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် အဖွဲ့ဝင်များသည် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (မန္တလေး) သို့ ရောက်ရှိပြီး မန္တလေးမြို့ပေါ်ရှိ ဆေးဘက် ဆိုင်ရာတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ သွားဘက်ဆိုင်ရာဆေး တက္ကသိုလ်မှ ပါမောက္ခ၊ ဌာနမှူးများ၊ သင်ကြားရေးဆိုင်ရာ ဆရာဆရာမများ၊ ၀န်ထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲအခမ်းအနားတွင် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (မန္တလေး) ခေတ္တပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာ ဒေါ်ဆန်းဆန်းဝင်းက သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (မန္တလေး) ဆိုင်ရာအချက်အလက်များအား ရှင်းလင်း တင်ပြသည်။
ထို့နောက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက အမှာစကားပြောကြားရာတွင်  သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (မန္တလေး) ၏ အခြေအနေအရပ်ရပ်နှင့် လိုအပ်သည်များကို ဖြည့်ဆည်းပေးနိုင်ရန် လာရောက်ခြင်း ဖြစ်ပါကြောင်း၊ သင်ကြားမွေးထုတ်ပေးသည့် ကျောင်းသူ/ ကျောင်းသားများ၏ အရည်အသွေး အရည်အချင်းများသည် ဤတက္ကသိုလ်၏ ပုံရိပ်များပင် ဖြစ်ပါကြောင်း၊ ပါမောက္ခချုပ်မှ အစပြု၍ ၀န်ထမ်းများအဆုံး စည်းလုံးညီညွတ်မှုရှိမှသာ သွားဘက် ဆိုင်ရာဆေးတက္ကသိုလ်၏ အဆင့်အတန်းမြင့်မားလာမည်ဖြစ်ပါကြောင်း၊ ဤတက္ကသိုလ်ရှိ ဆရာ/ဆရာမများအဆင့်ဆင့်  ၀န်ထမ်းများအတွက် ၀န်ထမ်းအိမ်ရာ လျှပ်စစ်မီး၊ ရေလိုအပ်ချက်များ လုံလောက်စွာရရှိရေး၊  ၀န်ထမ်းများ၏ လူမှုစီးပွားပြည့်စုံ ရေးသည် ကျန်းမာရေးကဏ္ဍ မြှင့်တင်ရာ၌ တစ်ဖက် တစ်လမ်းမှ အထောက်အကူပြုစေနိုင်မည်ဖြစ်ပါ ကြောင်း၊ နိုင်ငံတော်မှ လည်း ကျန်းမာရေးကဏ္ဍမြင့်တင်မှု အနေဖြင့် ကျန်းမာရေးဝန်ကြီးဌာန ၀န်ထမ်းများခန့်ထားရာတွင် ရာနှုန်းပြည့်ခန့်ထား ခွင့်ပြုခဲ့ပါကြောင်း၊ သင်ထောက်ကူ ပစ္စည်းများ ပြည့်စုံစွာ ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ အရေအတွက် ရော အရည်အသွေးပါ ပြည့်ဝသည့် ကျောင်းသူ/ ကျောင်းသားများ ပေါ်ထွန်းလာစေရန် သင်ကြားပြသပေးကြရ မည်ဖြစ်ပါ ကြောင်း၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်အနေဖြင့် သွားဘက်ဆိုင်ရာ ဆေးပညာ စွမ်းအားဖြင့် ကျန်းမာ သန်စွမ်းသည့် ပြည်သူများ မွေးထုတ်ရာတွင် တစ်တပ်တစ်အား အထောက်အကူပြု ကြမည်ဖြစ်ပါကြောင်း၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်အား အရည်အသွေး ပြည့်စုံသည့် နိုင်ငံတကာအဆင့် ဖြစ်ရေးအတွက် ၀ိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် ဒုတိယသမ္မတသည် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(မန္တလေး) ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ် ရေးထိုးပြီး သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (မန္တလေး) အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။

သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(မန္တလေး)ကို ၁၉၉၈ ခုနှစ် အောက်တိုဘာ ၁ရက် တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၉၉ ခုနှစ် နိုဝင်ဘာ ၂၉တွင် ဆေးတက္ကသိုလ်(မန္တလေး)နှင့် တွဲဖက်၍ ပညာသင်ကြားပေးခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဒီဇင်ဘာ ၁၁ရက်မှ စတင်၍ ယခုလက်ရှိ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၁)ရပ်ကွက် ၆၂ လမ်းရှိ သွားဘက် ဆိုင်ရာ ဆေးတက္ကသိုလ် (မန္တလေး) တွင် သွားဘက်ဆိုင်ရာ ဆေးပညာများအား ဆက်လက်သင်ကြား လျက်ရှိသည်။

No comments:

Post a Comment