တက္ကသိုလ် လေ့ကျင့်ရေးတပ် UTC များတွင်
သင်ကြားပေးနေသော စစ်ပညာသည် တက္ကသိုလ် ကျောင်းဆရာ များနှင့် ကျောင်းသားများအတွက် ဘာသာရပ်တစ်ခု
ဖြစ်သကဲ့သို့ နိုင်ငံတော်၏ အရေးပေါ်အခြေအနေမျိုးတွင် လေ့ကျင့်ပြီးသားအဆိုပါတက္ကသိုလ်
ကျောင်းသားတပ်ကိုအရန်အင်အားအဖြစ် စုဆောင်းထားနိုင်ရေးအတွက် ဖွဲ့စည်းထားခြင်း ဖြစ်သည်ဟု
မန္တလေးတက္ကသိုလ် အမှတ်(၂) လေ့ကျင့်ရေးတပ်မှ တပ်ရေးဗိုလ်ကြီး မင်းဝင်းမွန် က ပြောသည်။
''အဲဒီအပြင်တက္ကသိုလ် ကျောင်းသားတွေကို
နိုင်ငံရဲ့ပြည်သူ့စစ်မဟာဗျူဟာ ကျင့်သုံးနည်းကို နားလည်စေရေးနဲ့ တက္ကသိုလ်ကျောင်းသားတွေဟာ
တပ်မတော်မှာ အရည်အချင်းရှိတဲ့ အရာရှိ၊ အရာခံ အကြပ်တပ်သားများ အဖြစ် ပါဝင်ထမ်းဆောင်လာနိုင်ဖို့အတွက်
လိုအပ်တဲ့ စစ်ပညာတွေ သင်ကြားပေးရန်ဆိုတဲ့ ရည်ရွယ်ချက် တွေလည်း ပါဝင်ပါတယ်''ဟု ၎င်းက ပြောသည်။
ထို့ပြင်နိုင်ငံတော် ကာကွယ်ရေးသည် နိုင်ငံသားတိုင်းတွင်
တာဝန်ရှိသည်ဆိုသည့် စိတ်ဓာတ်မျိုး ရှိလာစေရန် UTC ကို ဖွဲ့စည်းရခြင်းဖြစ်ကြောင်းလည်း
ဖြည့်စွက် ရှင်းပြသည်။
မြန်မာနိုင်ငံတွင် တက္ကသိုလ် အရန်လေ့ကျင့်ရေးတပ်များကို
၁၉၂၂ ခုနှစ် ကတည်းက ရန်ကုန်တက္ကသိုလ်တွင် စတင်ဖွဲ့စည်းနိုင်ခဲ့ပြီး မန္တလေး တက္ကသိုလ်တွင်မူ
၁၉၅၂ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် အရာရှိတစ်ဦး စစ်သည် ၂၉ဦး၊ အပျော်တမ်းတပ်ဖွဲ့ဝင်
ကျောင်းသားတပ်ခွဲ တစ်ခွဲ (၆၄)ဦးပါတို့ဖြင့် စတင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
စတင်ဖွဲ့စည်းစဉ်က (တက္ကသိုလ်အရန် တပ်ရင်း/မန္တလေး)
ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၆၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်တွင်အမှတ်(၂)တက္ကသိုလ် အရန်တပ်ရင်း
မန္တလေးဟု ပြောင်းလဲဖွဲ့စည်းခဲ့ကာ ၁၉၆၉ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်တွင် အမှတ်(၂)တက္ကသိုလ်လေ့ကျင့်ရင်းတပ်
မန္တလေးဟု အမည်ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။
မန္တလေး UTC ၏ စခန်းချ လေ့ကျင့်မှုကို ၁၉၅၄
ခုနှစ်မှ ၁၉၆၈ ခုနှစ်အထိ ၃၁ ကြိမ်ပြုလုပ်နိုင်ခဲ့ပြီး ၁၉၅၈၊ ၁၉၅၉၊ ၁၉၆၂၊ ၁၉၆၄ နှင့်
၁၉၇၅ ခုနှစ်တို့တွင် မပြုလုပ်နိုင်ခဲ့ကြောင်းနှင့် ၁၉၈၆ ခုနှစ်အထိ စခန်းချ တပ်ဖွဲ့ဝင်
ကျောင်းသား အင်အား ၁ဝ၄၂၆ ဦး ရှိကြောင်း သိရသည်။
၁၉၈၇ ခုနှစ်တွင်ရပ်နားခဲ့ရသည့် မန္တလေး
UTC ကို ၂ဝ၁၂-၂ဝ၁၃ ပညာသင်နှစ်တွင် ပြန်လည် ဖွဲ့စည်းနိုင်ခဲ့ရာ ယခု ၂ဝ၁၄-၂ဝ၁၅ ခုနှစ်အထိ
သုံးနှစ်တာ ကာလအတွင်း စခန်းချတပ်ဖွဲ့ဝင် ကျောင်းသားအင်အား ၂၄ဝ ခန့် ရှိနေပြီ ဖြစ်ကြောင်း
တပ်ရေးဗိုလ်ကြီးက ပြောသည်။
ယခု ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်ကို ၂ဝ၁၅ ခုနှစ်ဖေဖော်ဝါရီ
၉ရက်တွင် အင်းဝ (၉) အဆောင်တွင် ဖွင့်လှစ်ခဲ့ရာ မန္တလေးတက္ကသိုလ်မှ ခြောက်ဦး၊ မန္တလေးနိုင်ငံခြား
ဘာသာတက္ကသိုလ်မှ ၁ဝ ဦး၊ ရတနာပုံ တက္ကသိုလ်မှ ၈၈ ဦးနှင့် မန္တလာကောလိပ်မှ ၂၄ ဦး စုစုပေါင်း
၁၂၈ ဦး တက်ရောက်ခဲ့ကြသည်။
တက္ကသိုလ်လေ့ကျင့်ရေးတပ်တွင် သင်ကြားပေးမှုများနှင့်
ပတ်သက်ပြီး''အခြေခံသင်တန်းကို ပထမနှစ်ဝက်နှင့် ဒုတိယနှစ်ဝက်ဆိုပြီး နှစ်ဆင့်ခွဲထားပါတယ်။
ပထမနှစ်ဝက်မှာ အခြေခံလက်နက်ငယ်နဲ့ စစ်ရေးပြသင်တန်း ရှေးဦး လူနာပြုစုနည်းတွေ သင်ကြားပေးပြီး
စစ်ရေးဗျူဟာ အနေနဲ့ တစ်ယောက်ချင်းစစ်ရေး ကျွမ်းကျင်မှုနဲ့ အဖွဲ့လိုက် ကျွမ်းကျင်မှုတွေ
သင်တန်းပေးတာပါ။
အဲဒီအခြေခံ အဆင့်မှာက တပ်သားကြီး အဆင့်(သို့)
တပ်စိတ်မှူး အဆင့်အထိ တိုက်ပွဲဝင်နိုင်အောင် လေ့ကျင့် ပေးပါတယ်။ တန်းမြင့် သင်တန်းမှာတော့
အခြေခံစစ်ရေးပြ လက်နက်သင်တန်း၊ အင်ဂျင်နီယာ ဘာသာရပ်နဲ့ အထူး စစ်ဆင်ရေးနည်း ပညာရပ်တွေ
ပါလာပါတယ်။
စခန်းချလေ့ကျင့်မှု အနေနဲ့ကတော့ စစ်သားတစ်ယောက်လို
တောတောင်ထဲမှာ နေထိုင်စားသောက်နိုင်တဲ့ ဘဝကို သိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ပါ'' ဟု ၎င်းက
ဆိုသည်။
သင်တန်းကာလမှာ ပထမနှစ်ဝက်တွင် ဖေဖော်ဝါရီ
၉ ရက် မှ ၂၇ ရက်အထိ ဒုတိယနှစ်ဝက်တွင် ဇွန် ၁၆ ရက်မှ သြဂုတ် ၂၈ ရက်အထိ ဖြစ်ပြီး တစ်ပတ်လျှင်သုံးရက်
တက်ရောက်ရမည်ဖြစ်ပြီး တစ်နေ့လျှင် သင်ကြားချိန်
နှစ်ချိန်နှုန်းဖြင့် တစ်ချိန်လျှင် မိနစ် ၄ဝ ဖြစ်ကာ သင်တန်းသား ၅ဝ လျှင် သင်တန်းနည်းပြ တစ်ဦးနှုန်းဖြင့် သတ်မှတ် သင်ကြားပေးကာ အောက်တိုဘာလတွင် ရက်သတ္တပတ် လေးပတ်စခန်းချ လေ့ကျင့်မည်ဖြစ်ပြီး သင်တန်းဆင်း လက်မှတ်များလည်း ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။
နှစ်ချိန်နှုန်းဖြင့် တစ်ချိန်လျှင် မိနစ် ၄ဝ ဖြစ်ကာ သင်တန်းသား ၅ဝ လျှင် သင်တန်းနည်းပြ တစ်ဦးနှုန်းဖြင့် သတ်မှတ် သင်ကြားပေးကာ အောက်တိုဘာလတွင် ရက်သတ္တပတ် လေးပတ်စခန်းချ လေ့ကျင့်မည်ဖြစ်ပြီး သင်တန်းဆင်း လက်မှတ်များလည်း ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။
တပ်ဖွဲ့ဝင် ကျောင်းဆရာများကိုလည်း ပြန်တမ်းဝင်
အရာရှိများအဖြစ် ခန့်အပ်နိုင်ကြောင်းနှင့် တပ်ဖွဲ့ဝင် ကျောင်းဆရာ ကျောင်းသားများ၏ ခံစားခွင့်များအနေဖြင့်
သင်တန်း ကာလအတွင်း ခရီးစရိတ် ၂မိုင်မှ ၃မိုင် အတွင်း ၂ဝဝကျပ် ၃မိုင်မှ ၅မိုင်အတွင်း
၃ဝဝ ကျပ်၊ ၅မိုင်မှ ၇မိုင်အတွင်း ၄ဝဝ ကျပ်၊ ၇မိုင်အထက် ၅ဝဝ ကျပ် ရရှိမည်ဖြစ်သည်။
''ဒီသတ်မှတ်ချက်တွေက သာမန်သင်တန်းချိန်
ခံစားမှုပါ။ ဒါ့အပြင် သာမန်သင်တန်းချိန်မှာ စစ်ဝတ်တန်ဆာ ပလာ ခုနစ်မျိုးကိုလည်း ခံစားခွင့်ရှိမှာ
ဖြစ်ပါတယ်။ စခန်းချ လေ့ကျင့်ချိန် အတွင်းမှာ စစ်သားတစ်ယောက်လို လစာနဲ့ရိက္ခာ ထောက်ပံ့ကြေးတွေ
ခံစားရမှာပါ။ စစ်ဝတ်တန်ဆာအနေနဲ့ ၂၁ မျိုး ထုတ်ပေးထားပါတယ်'' ဟု ၎င်းက ဆက်လက် ပြောကြားသည်။
ပြန်လည်ဖွင့်လှစ်ခဲ့သည် သုံးနှစ်တာ ကာလအတွင်း မန္တလေးတက္ကသိုလ် အမှတ်(၂) လေ့ကျင့်ရေး
တပ်တွင် တက်ရောက်ခဲ့သော တပ်ဖွဲ့ဝင် ကျောင်းသားစာရင်းများအရ ၂ဝ၁၃ ခုနှစ်တွင် ၆ဝ၊ ၂ဝ၁၄
ခုနှစ်တွင် ၉၈ဦးနှင့် ယခု ၂ဝ၁၅ ခုနှစ်တွင် ၁၂၈ဦး တက်ရောက်ခဲ့သောကြောင့် စိတ်ဝင်စားမှု
ပိုမိုရှိလာကြောင်းနှင့် နောင်နှစ်များတွင်လည်း UTC ကျောင်းသားဦးရေ တိုးလာဖွယ်ရှိကြောင်း
မန္တလေး တက္ကသိုလ် အသိုင်းအဝိုင်းက သုံးသပ်ထားကြသည်။
No comments:
Post a Comment