နေပြည်တော်၊ ဖေဖော်ဝါရီ ၎
မြန်မာ - စင်ကာပူ သံတမန် ဆက်ဆံရေး နှစ်(၅၀)
ပြည့်မြောက်သော ကာလ ဖြစ်သကဲ့သို့ စင်ကာပူနိုင်ငံ
လွတ်လပ်ရေး နှစ် (၅၀)ပြည့် ရွှေရတု ကာလတွင်
တွေ့ဆုံရသဖြင့် စင်ကာပူနိုင်ငံ အတွက် ဆုမွန်ကောင်း ပို့သပါကြောင်း၊ မြန်မာနိုင်ငံ၏
ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းမှု ကာလမှာ သက်တမ်း နုနယ်သေး ပါကြောင်း၊
တပ်မတော် အနေဖြင့်လည်း တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် တိုင်းရင်းသား
လက်နက်ကိုင် အဖွဲ့များနှင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးတို့တွင် ပူးပေါင်းပါဝင်၍ ကြိုးပမ်း လုပ်ဆောင် နေပါကြောင်းဖြင့်
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ နံနက် ၉ နာရီတွင်
နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ စင်ကာပူ သမ္မတနိုင်ငံ ဂုဏ်ထူးဆောင် ဝါရင့်ဝန်ကြီး
Mr. Goh
Chok Tong အား လက်ခံ တွေ့ဆုံရာတွင်
ဆွေးနွေး ပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အတူ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး
ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ
တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး စင်ကာပူ သမ္မတနိုင်ငံ ဂုဏ်ထူးဆောင် ဝါရင့်ဝန်ကြီး
Mr. Goh
Chok Tong နှင့်အတူ မြန်မာနိုင်ငံ
ဆိုင်ရာ စင်ကာပူနိုင်ငံ သံအမတ်ကြီး Mr. Robert Chua နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က လက်ရှိ လျှောက်လှမ်းလျက်
ရှိသော ဒီမိုကရေစီ လမ်းကြောင်းသည် ပြည်သူက ရွေးချယ်ထားခြင်း ဖြစ်၍ ခိုင်မြဲစေရန် တပ်မတော်
အနေဖြင့် အတတ်နိုင်ဆုံး ကြိုးပမ်း လုပ်ဆောင်နေကြောင်း၊ နိုင်ငံတော် သမ္မတ၏ လုပ်ဆောင်ချက်များ
အောင်မြင်စေရန်လည်း ထောက်ခံ ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ
အခြေခံဥပဒေသည် လက်ရှိ လျှောက်လှမ်း နေသည့် ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်း အတွက် အလွှာ
အသီးသီးမှ ကိုယ်စားလှယ်များ ပါဝင် ရေးဆွဲထားခြင်း ဖြစ်သောကြောင့် ပြင်ဆင်ရန် လိုအပ်ပါက
ဥပဒေနှင့်အညီ လုပ်ဆောင်ရန် လိုကြောင်း၊ ဒီမိုကရေစီခေတ်တွင် လူတိုင်းသည် ဥပဒေနှင့်အညီ
ပြုမူ နေထိုင် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ တပ်မတော်၏ စီးပွားရေး လုပ်ငန်းများသည်
တပ်မတော်သား မိသားစုဝင်များ၊ စစ်မှုထမ်း ဟောင်းများ၏ သက်သာ ချောင်ချိရေး၊ လူမှုရေး လုပ်ငန်းများ
အတွက် အဓိက လုပ်ဆောင်နေခြင်း ဖြစ်သလို တစ်ဖက်မှလည်း အမြတ် ရရှိရေးထက် တိုင်းပြည်၏ ကုန်ထုတ်လုပ်မှု၊
စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကိုပါ အထောက် အကူပြုရန် စဉ်းစား လုပ်ဆောင်နေခြင်း ဖြစ်ပြီး
သင့်လျော်သည့် အချိန်တွင် အများပိုင် စီးပွားရေး လုပ်ငန်းများ အဖြစ် ဆောင်ရွက် သွားရန်
ရှိကြောင်း ဆွေးနွေး ပြောကြားသည်။
Mr. Goh Chok
Tong က မြန်မာနိုင်ငံ ဒီမိုကရေစီ လျှောက်လှမ်းမှုတွင် တပ်မတော် အနေဖြင့် အရေးကြီးသည့်
အခန်းကဏ္ဍမှ ပါဝင် ဆောင်ရွက်နေမှု၊ နိုင်ငံတော် တည်ငြိမ်ရေးနှင့် လုံခြုံရေးတို့တွင် တပ်မတော်၏
မရှိမဖြစ် အရေးပါမှုတို့အား သိရှိ နားလည်ပါကြောင်း၊
ပြည်သူများ အနေဖြင့် ဒီမိုကရေစီ အတွေ့အကြုံ
နည်းပါးပြီး စမ်းသပ်ကာလ ဖြစ်နေခြင်းကြောင့် လွှတ်တော်တွင် တပ်မတော်သား ကိုယ်စားလှယ်များ ရှိနေခြင်းသည် မြန်မာနိုင်ငံရေး အခြေအနေကို တည်ငြိမ်
စေပါကြောင်း၊ ရေရှည် ကာလ နိုင်ငံတည်ငြိမ် အေးချမ်းမှုများ ရရှိလာပါက လျှော့ချ သွားသင့်ပါကြောင်း၊
နိုင်ငံဖွံ့ဖြိုး တိုးတက်မှု အတွက် သယံဇာတ အပေါ် အမှီပြုနေရခြင်းထက် ကုန်ထုတ်လုပ်ငန်း၊
ခရီးသွား လုပ်ငန်း၊ ဝန်ဆောင်မှု လုပ်ငန်း စသည့် စီးပွားရေး လုပ်ငန်းများ ပိုမိုဖွံ့ဖြိုး
တိုးတက်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော် ထူထောင်ရေး လုပ်ငန်းများ များစွာ လုပ်ဆောင် နေရသည့် အတွက် နိုင်ငံတော် ဘတ်ဂျတ်သည် အရေးကြီးသဖြင့် လိုအပ်ချက်
ပြည့်စုံစွာ မရနိုင် ကြောင်း၊ မိမိ ရည်မှန်းချက် လုပ်ငန်း တာဝန်များကို ထိရောက်စွာ
လုပ်ဆောင်ရန် လိုအပ်သည်ကိုလည်း စာနာပါကြောင်း၊ နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား ဆက်ဆံရေး
အထူး ကောင်းမွန်လျက် ရှိပြီး ဆက်လက် တိုးမြှင့် ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်းဖြင့်
ပြန်လည် ဆွေးနွေး ပြောကြားသည်။
ထို့နောက် နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား
ဆက်ဆံရေး တိုးမြှင့် ဆောင်ရွက်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များအား
ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေး ကြသည်။
တွေ့ဆုံပွဲအပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်
စင်ကာပူ သမ္မတနိုင်ငံ ဂုဏ်ထူးဆောင် ဝါရင့်ဝန်ကြီးတို့သည် အဖွဲ့ဝင်များနှင့် အတူ အမှတ်တရ
စုပေါင်း ဓာတ်ပုံရိုက်ခဲ့ကြသည်။
Mr. Goh Chok
Tong သည် စင်ကာပူ ဝန်ကြီးချုပ် တာဝန်ကို ၁၉၉၀ ပြည့်နှစ် နိုဝင်ဘာမှ ၂၀၀၄ ခုနှစ်
ဩဂုတ်အထိ တာဝန် ထမ်းဆောင်ခဲ့သည်။ ၂၀၀၄ ခုနှစ် ဩဂုတ် ၁၂ ရက်တွင် ဝန်ကြီးချုပ် လီရှန်လုံး
ဦးဆောင်သည့် အစိုးရအဖွဲ့ တက်ရောက်ချိန်မှ စ၍ အစိုးရအဖွဲ့ ဝါရင့်ဝန်ကြီး အဖြစ် တာဝန်ယူ
ဆောင်ရွက်လျက် ရှိသည်။ ထို့အပြင် ဂုဏ်ထူးဆောင် ဝါရင့်ဝန်ကြီးဘွဲ့ အပ်နှင်းခံရပြီး စင်ကာပူ
ငွေကြေး အာဏာပိုင်များ အဖွဲ့၏ ဝါရင့်အကြံပေး အဖြစ် တာဝန်ပေးခြင်း ခံရသည်။
လက်ရှိ အာဏာရ ပီအေပီ ပါတီတွင်လည်း ဗဟို အလုပ်အမှုဆောင်
ကော်မတီ အဖွဲ့ဝင်တစ်ဦး အဖြစ်မှ အထွေထွေ အတွင်းရေးမှူးချုပ် အထိ ရာထူး အဆင့်ဆင့်ကို တာဝန်ယူ
ဆောင်ရွက် နေကြောင်း သိရှိရပြီး စင်ကာပူနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဦးဆောင်ခဲ့သည့်
ခေါင်းဆောင် တစ်ဦး ဖြစ်ကြောင်း သိရှိရသည်။
No comments:
Post a Comment