Thursday, February 5, 2015

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး မြန်မာနိုင်ငံဆိုင်ရာ အာဂျင်တီးနား သံအမတ်ကြီး H.E.Ms. Ana Maria Ramirez အား လက်ခံတွေ့ဆုံ



နေပြည်တော် ဖေဖော်ဝါရီ ၎
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးသည် မြန်မာနိုင်ငံဆိုင်ရာ အာဂျင်တီးနား သံအမတ်ကြီး H.E.Ms. Ana  Maria  Ramirez အား ယနေ့မွန်းလွဲ (၁)နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက မြန်မာနိုင်ငံ၏ နိုင်ငံရေး ဖြစ်စဉ်နှင့် ရွေးကောက်ပွဲများ ကျင်းပခဲ့မှု အခြေအနေ၊ ရွေးကောက်ပွဲ စနစ်၊ မဲပေးမှုစနစ်၊ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ အတွက် ၂၀၁၃ ခုနှစ်မှစ၍ မဟာဗျူဟာ စီမံကိန်း ရေးဆွဲ ဆောင်ရွက်နေမှု၊ အခြေခံမဲဆန္ဒရှင် စာရင်းပြုစု ဆောင်ရွက်နေမှု၊ Voter Education လုပ်ငန်းများ ဆောင်ရွက်မည့် အခြေအနေ၊ နိုင်ငံတကာ လေ့လာ စောင့်ကြည့်ရေး အဖွဲ့များနှင့် မြန်မာနိုင်ငံဆိုင်ရာ သံရုံး အကြီးအကဲများအား ဖိတ်ခေါ်သွားမည့် အခြေအနေတို့ကို ရှင်းလင်း ပြောကြားသည်။
မြန်မာနိုင်ငံဆိုင်ရာ အာဂျင်တီးနား သံအမတ်ကြီးက အာဂျင်တီးနား နိုင်ငံ၏ ရွေးကောက်ပွဲ စနစ်နှင့် ရွေးကောက်ပွဲ ကျင်းပမှု လုပ်ငန်းစဉ်၊ မဲပေးမှုစနစ်တို့အား ပြန်လည် ဆွေးနွေးပြီး နှစ်နိုင်ငံ ရွေးကောက်ပွဲ ဆိုင်ရာ ကိစ္စရပ်များအား ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြသည်။
ယင်းသို့ တွေ့ဆုံရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့် အတူ ကော်မရှင် အဖွဲ့ဝင်များ ဖြစ်ကြသော ဦးမြင့်နိုင်၊ ဦးအောင်မြင့်၊ ဒေါက်တာ ဒေါ်မြင့်ကြည်၊ ဦးဝင်းကြည်၊ ဦးညွန့်တင်၊ ဦးဝင်းကိုနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment