Saturday, February 7, 2015

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်အား ဖင်လန်နိုင်ငံ စီးပွားရေးဝန်ကြီးဌာနဝန်ကြီး H.E. Mr. Jan Vapaavuori ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံ


နေပြည်တော် ၊ ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီ  ၆  

ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်အား ဖင်လန်နိုင်ငံ စီးပွားရေးဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Jan Vapaavuori ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက် ၁၀ နာရီတွင် ဝန်ကြီးရုံးဧည့်ခန်းမ၌ လာရောက်တွေ့ဆုံ သည်။


ထိုသို့ တွေ့ဆုံရာတွင် ဖင်လန်နိုင်ငံစီးပွားရေးဝန်ကြီးက ကချင်ပြည်နယ်တွင် လက်ရှိဖြစ်ပွားနေသည့် အငြင်းပွားမှု ဖြစ်စဉ်များအပေါ် ရှုမြင်သုံးသပ်ချက်နှင့် အပစ် အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုများ လုပ်ဆောင်နိုင်မည့် အခြေအနေများကို သိရှိလို ပါကြောင်း။
မြေအောက်တူးဖော်ရေးပစ္စည်းကိရိယာများ၊ ရေအောက်စောင့်ကြည့်လေ့လာရေးစနစ်များ၊ ရေကြောင်းဆိုင်ရာ လေ့ကျင့်မှုများနှင့်ပတ်သက်၍ ယင်းတို့၏ သက်ဆိုင်ရာကုမ္ပဏီများမှ ရှင်းလင်း ပြောကြားပြီး မြန်မာ့တပ်မတော်မှ ပူးပေါင်းဆောင်ရွက်ရန် ကြိုဆိုပါကြောင်းနှင့် ပူးပေါင်းဆောင်ရွက် နိုင်မည့် အခြေအနေများကို သိရှိလိုပါကြောင်း ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးဆွေးနွေးရန် ကြိုးပမ်းလျက် ရှိပါကြောင်း၊ ၂၀၁၅ ခုနှစ်အတွင်း အပစ်အခတ်ရပ်စဲမှု စာချုပ်ချုပ်ဆိုနိုင်ရေး မျှော်မှန်း လုပ်ဆောင်လျကျရှိပါကြောင်း၊ တိုင်းရင်းသားအချင်းချင်း တစ်ဦးအပေါ်တစ်ဦး အပြစ်တင် ပြောဆိုနေမည့်အစား ပူးပေါင်းဆောင်ရွက်နိုင်ရေး ကြိုးပမ်းခြင်းက ပိုမိုကောင်းမွန်ပါကြောင်း။

ရေအောက်စောင့်ကြည့် လေ့လာရေး စနစ်များ (Underwater surveillance system) နှင့် ရေကြောင်းဆိုင်ရာ လေ့ကျင့်မှုများ (Underwater surveillance training simulator Maritime simulation training) နှင့်ပတ်သက်၍ တပ်မတော်(ရေ)မှ သက်ဆိုင်ရာ ပုဂ္ဂိုလ်များအား Presentation ပြုလုပ်၍ အသေးစိတ် ဆွေးနွေးပေးနိုင်လျှင် ပိုမိုကောင်းမွန်မည်ဟု အကြံပြုလိုပါကြောင်း။

မြန်မာ့တပ်မတော်အနေဖြင့် နိုင်ငံ၏ စီးပွားရေးအတွက် အထောက်အကူ ဖြစ်စေရန်နှင့် တပ်မတော်သားများ၏ သက်သာချောင်ချိရေးအတွက် ရည်ရွယ်၍ လုပ်ဆောင်သည့် မြန်မာစီးပွားရေး ဦးပိုင်လီမိတက်နှင့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းဟူသည့် စီးပွားရေးလုပ်ငန်း(၂)ရပ်ရှိပါကြောင်း၊ ထိုလုပ်ငန်း(၂)ရပ်နှင့် ပတ်သက်၍ အဆွေတော်တို့အဖွဲ့မှ ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ် အသီးသီးအား လေ့လာပြီး ဆက်လက် ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသြည်။


ထိုသို့တွေ့ဆုံရာတွင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် အောင်သော် နှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment