Wednesday, February 11, 2015

မြန်မာအသင်း ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် နယူးဇီလန်၊ ယူကရိန်း၊ အမေရိကန်တို့နှင့် တစ်အုပ်စုတည်း ကျရောက်

ရန်ကုန် ဖေဖော်ဝါရီ ၁ဝ
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က ကြီးမှူးကျင်းပမည့် ၂ဝ၁၅ ဖီဖာ ယူ-၂ဝ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ အုပ်စုမဲခွဲပွဲအခမ်းအနားကို ယနေ့ မြန်မာစံတော်ချိန် နံနက် ၁၁နာရီက နယူးဇီလန်နိုင်ငံ၌ကျင်းပခဲ့ရာ မြန်မာ အသင်းမှာ အုပ်စု(က)တွင် အိမ်ရှင် နယူးဇီလန်၊ ယူကရိန်း၊ အမေရိကန် အသင်းတို့နှင့်အတူ ပါဝင်နေသည်။




ယူ-၂ဝ ကမ္ဘာ့ဖလားပြိုင်ပွဲကို လေးသင်း၊ ခြောက်အုပ်စုခွဲ၍ ကျင်းပ မည်ဖြစ်ပြီး အုပ်စုမဲနှိုက်ရေးဆွဲမှုအရ အုပ်စု(က)တွင် နယူးဇီလန်၊ ယူကရိန်း၊ အမေရိကန်၊ မြန်မာ၊ အုပ်စု(ခ)တွင် အာဂျင်တီးနား၊ ပနားမား၊ အာဖရိက (၃)၊ သြစတြီးယား၊ အုပ်စု(ဂ)တွင် ကာတာ၊ ကိုလံဘီယာ၊ ပေါ်တူဂီ၊ အာဖရိက(၄)၊ အုပ်စု(ဃ)တွင် မက္က ဆီကို၊ အာဖရိက(၂)၊ဥရုဂွေး၊ ဆားဘီး ယား၊ အုပ်စု(င)တွင် အာဖရိက ချန်ပီယံ၊ ဘရာဇီး၊ မြောက်ကိုရီးယား၊ ဟန်ဂေရီ၊ အုပ်စု (စ) တွင် ဂျာမနီ၊ ဖီဂျီ၊ ဥဇဘတ်ကစ္စတန်နှင့် ဟွန် ဒူးရပ်စ်အသင်းတို့ ပါဝင်နေသည်။ အာဖရိက ယူ-၂ဝ ပြိုင်ပွဲမှာ မတ်လ မှ ပြီးဆုံးမည်ဖြစ်သောကြောင့် ပြိုင်ပွဲဝင်ခွင့်ရမည့် အသင်းလေးသင်း ကို ကြိုတင်မဲနှိုက်ရေးဆွဲထားခြင်း ဖြစ်သည်။ မြန်မာအသင်းမှာ အုပ်စု ပွဲစဉ်များအဖြစ် မေ ၃ဝ ရက်တွင် အမေရိကန် အသင်း၊ ဇွန် ၂ ရက်တွင် ယူကရိန်းအသင်း၊ ဇွန် ၅ ရက်တွင် အိမ်ရှင် နယူးဇီလန် အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
အုပ်စုတစ်ခုစီမှ အမှတ် အများဆုံးရရှိသည့် ထိပ်ဆုံးနှစ်သင်း စီနှင့်အကောင်းဆုံးအုပ်စု တတိယ နေရာရအသင်းလေးသင်းမှာ ရှုံး/ ထွက်အဆင့်သို့ တက်ရောက်ခွင့် ရရှိ မည်ဖြစ်သည်။ မြန်မာအသင်းမှာ အုပ်စုမဲခွဲရာတွင် ထိပ်သီးအသင်းများ ဖြစ်သည့် ဥရောပချန်ပီယံ ဂျာမနီ၊ တောင်အမေရိကချန်ပီယံ အာဂျင် တီးနားတို့အပါအဝင် ဘရာဇီး၊ ပေါ်တူဂီ၊ ဥရုဂွေးတို့ကို ရှောင်ရှားနိုင် ခဲ့သောကြောင့် ရှုံး/ထွက်အဆင့်သို့ တက်ရောက်နိုင်ရန် မျှော်လင့်ချက်ရှိ လာခဲ့သည်။ မြန်မာအသင်းမှာ အိမ်ရှင် နယူးဇီလန်အသင်းနှင့် နောက်ဆုံးမှ ကစားရမည်ဖြစ်ရာ အခွင့်အရေးတစ်ရပ် ဖြစ်လာနိုင်ပြီး ယူကရိန်းအသင်းမှာ ဥရောပ ယူ-၂ဝ ပြိုင်ပွဲတွင် အုပ်စုတတိယနေရာသာ ရရှိပြီး ယခုပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရရှိ ခဲ့ခြင်းဖြစ်သည်။ ယူကရိန်းအသင်းမှာ အုပ်စုတွင် ဘူဂေးရီးယားကို တစ်ဂိုး-ဂိုးမရှိဖြင့်အနိုင်ရပြီး ဆားဘီးယား နှင့် တစ်ဂိုးစီသရေကျကာ ဂျာမနီကို နှစ်ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ အမေ ရိကန်အသင်းမှာ ကွန်ကာကက်ပ်ဇုန် တွင် Play-off ကစားပြီးမှ ယူ-၂ဝ ကမ္ဘာ့ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရ ရှိခဲ့ခြင်းဖြစ်သည်။
မြန်မာယူ-၂ဝ အသင်းဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရှိထားသည့် ယူ-၂ဝ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကမ္ဘာကျော် ဘောလုံးသမားများ မွေးထုတ်ပေး သည့် ပြိုင်ပွဲတစ်ခုဖြစ်ပြီး မာရာဒိုနာ၊ မက်ဆီ၊ ဒီမာရီယာ၊ ရော်ဘင်၊ အော်စကာ စသည့် ကစားသမားများသည် ယခုပြိုင်ပွဲမှ ထွက်ပေါ်လာခြင်းဖြစ်ရာ မြန်မာ ကစားသမားများ အတွက် အကျိုးရှိသည့်ပြိုင်ပွဲဖြစ်သည်။
မြန်မာယူ-၂ဝ အသင်းအုပ်စုအနေအထားနှင့် ပတ်သက်၍ နိုင်ငံ့ဂုဏ်ဆောင် ရွှေခေတ်ဘောလုံးသမားဟောင်း ဦးအေးမောင်ကြီးက ''ဒီပြိုင်ပွဲဟာကမ္ဘာ့ ဖလားပြိုင်ပွဲဖြစ်တာကြောင့် ကမ္ဘာ့အဆင့်အသင်းတွေပဲ ယှဉ်ပြိုင် ကြမှာပါ။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ အလွန်ကို ကြိုးစားရမှာပါ။ အုပ်စုအနေ အထားကတော့ အကျပ်ကြီးမဟုတ်ပါဘူး။ ကြိုးစားရင် နောက်တစ်ဆင့် တက်နိုင်မယ့်အခြေအနေရှိပါတယ်။ ကျွန်တော်တို့ အသင်းကလည်း ပြိုင်ပွဲ မတိုင်ခင်မှာ ဥရောပမှာ လေ့ကျင့်ခဲ့တယ်။ ထပ်ပြီးလည်း လေ့ကျင့်ဦးမယ်။ ဒါဟာ ပြိုင်ပွဲအတွက် အများကြီးအထောက်အကူပြုမှာပါ။ ယုံကြည်ချက် အပြည့်နဲ့ ကြိုးစားဖို့ပဲလိုတာပါ''ဟု ပြောကြားခဲ့သည်။
မြန်မာ့လက်ရွေးစင် တိုက်စစ်မှူးဟောင်း ဦးမျိုးလှိုင်ဝင်းက ''ဒီအသင်း က ဘယ်လိုခြေစွမ်းရှိလဲဆိုတာ မြန်မာဘောလုံးပရိသတ်တွေကို ပြသပြီး ပါပြီ။ ဂျာမန်နည်းပြကြီးနဲ့ ကာလရှည်လေ့ကျင့်ထားတာကြောင့် လိုချင်တဲ့ပုံစံ အတိုင်း ကစားနိုင်နေတာပါ။ အုပ်စုအနေအထားကတော့ အသင်းကြီးတွေ မပါတာကြောင့် မျှော်လင့်ချက်ရှိပါတယ်။ ပြိုင်ဘက်တွေက လုံးဝမနိုင်တဲ့အနေ အထားမဟုတ်ပါဘူး။ အခွင့်အရေးဆတူ ရှိပါတယ်။ အားလုံးကြိုးစားကြ မယ်လို့လည်း ယုံကြည်ပါတယ်''ဟု ပြောကြားခဲ့သည်။
မြန်မာယူ-၂ဝ အသင်းတိုက်စစ်မှူး သန်းပိုင်က''ဒီပြိုင်ပွဲဟာကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်တာကြောင့် အသင်းတိုင်းက လျှော့တွက်လို့မရသလို အလွန်လည်း ခက်ခဲမှာပါ။ ကျွန်တော်တို့ကတော့ ဒီပြိုင်ပွဲမှာ အကောင်းဆုံးယှဉ်ပြိုင်ပြီး ရလဒ် ကောင်းတွေရရှိဖို့ ကြိုးပမ်းနေပါတယ်။ နိုင်ငံအတွက် ရလဒ်ကောင်းတစ်ခု ရအောင် လုပ်ပြချင်ပါတယ်''ဟု ပြောကြားခဲ့သည်။
24/7 သတင်းဂျာနယ် အယ်ဒီတာချုပ် ဦးမြင့်ဆွေ (မြင့်ဆွေမြင့်)က ''ကျွန်တော်တို့ မြန်မာအသင်းအုပ်စုမှာ အင်အားသုံးကစားတဲ့ အာဖရိကအသင်းတွေ၊ ပြီးတော့ ဘောလုံးပညာနဲ့ ကစားတဲ့ တောင်အမေရိက အသင်းတွေ မပါပါ ဘူး။ အုပ်စုမှာ အသင်း ကြီးတွေမပါတာက ကျွန်တော်တို့ကို တစ်ပန်းသာစေပါ တယ်။ မြန်မာအသင်းအနေနဲ့ ပြိုင်ပွဲအကြို ခြေစမ်းပွဲတွေမှာ ရလဒ်တွေကောင်း နေသလို ခြေစွမ်းပိုင်းလည်း ကောင်းနေပါတယ်။ အမာခံကစားသမားတွေ ထိခိုက် ဒဏ်ရာမရဖို့ဘဲ အရေးကြီးပါတယ်။ အုပ်စုအနေအထား အရတော့ မြန်မာ အသင်း နောက်တစ်ဆင့်တက်နိုင်ပါတယ်''ဟု သုံးသပ်ပြောကြားခဲ့သည်။
ညီမြတ်သော်တာ

No comments:

Post a Comment