Tuesday, February 17, 2015

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သတင်းထုတ်ပြန်ချက်



ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့
သတင်းထုတ်ပြန်ချက် (၁/၂၀၁၅)
၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့
၁၃၇၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၄ ရက်
၁။ ရန်ကုန်တိုင်း ဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာစက်မှုဇုန်နှင့် လှိုင်သာယာစက်မှုဇုန်ရှိ စက်ရုံအချို့ တို့မှ အလုပ်သမား အချို့တို့သည် လုပ်အားခတိုးရလိုမှုနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ စက်ရုံကို ဝင်ထွက် မရအောင် ပိတ်ဆို့ခြင်း၊ အလုပ်ဝင်ရောက် လုပ်ကိုင်လိုသူများကို ဟန့်တားခြင်း၊ စက်ရုံပိုင်ရှင်နှင့် အဖွဲ့များအား စက်ရုံအတွင်းတွင် ပိတ်ဆို့ထားခြင်း၊ Container ယာဉ်များ ဝင်ထွက်မှုကို ပိတ်ဆို့ တားဆီးနေခြင်းတို့ကြောင့် အလုပ်ရှင်၊ အလုပ်သမား နှစ်ဦးနှစ်ဖက် နစ်နာမှုများ ဖြစ်ပေါ်စေပါသည်။

၂။ အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာမြို့နယ် ညှိနှိုင်းဖြန်ဖြေရေး အဖွဲ့တို့မှ အကြိမ်ကြိမ် ညှိနှိုင်းပေးခဲ့သော်လည်း ပြေလည်မှု မရရှိသေး သဖြင့် ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားရေးရာ ညှိနှိုင်းဆွေးနွေးရေး အဖွဲ့သည် ယနေ့တွင် အင်းစိန်မြို့နယ် စုပေါင်းရုံး၌ သက်ဆိုင်ရာ စက်ရုံအသီးသီးမှ အလုပ်ရှင်များ၊ အလုပ်သမား ကိုယ်စားလှယ်များနှင့် တွေ့ဆုံ၍ ညှိနှိုင်း ဆောင်ရွက်ပေးလျက် ရှိပါသည်။
၃။ သို့ဖြစ်ပါ၍ တာဝန်ရှိသူများ အနေဖြင့် ညှိနှိုင်း ဆောင်ရွက်သင့်သည်များကို ဆက်လက်ညှိနှိုင်း ဆောင်ရွက် သွားမည် ဖြစ်ပြီး ဥပဒေနှင့် မညီညွတ်သော အကြမ်းဖက် တောင်းဆိုဆန္ဒပြမှုများ၊ လုပ်ငန်း ဆောင်ရွက်မှုကို အဖျက် အမှောင့်ပြုလုပ် ပိတ်ဆို့မှုများ အပါအဝင် ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ထိခိုက် ပျက်ပြားစေရန် ဦးတည်ဆောင်ရွက်သူများကို အလုပ်ရှင်၊ အလုပ်သမား မခွဲခြားဘဲ တည်ဆဲ ဥပဒေများနှင့် အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်အပ်ပါသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့

No comments:

Post a Comment