Saturday, February 7, 2015

နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန်က (၆၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ


၂ဝ၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်

ချစ်ခင်လေးစားအပ်ပါသော ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသား မိဘပြည်သူ ညီအစ်ကို မောင်နှမများအားလုံး မင်္ဂလာပါခင်ဗျား။
ယနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကျရောက်သော (၆၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားသို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခွင့်ရသည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါသည်။


မြန်မာနိုင်ငံ၏သမိုင်းကို ပြန်လည်ဆန်းစစ်ကြည့်လျှင် တိုင်းရင်းသားပြည်သူ ညီအစ်ကို မောင်နှမများ အားလုံးသည် ကာလကြာရှည်စွာ အေးအတူပူအမျှ အခြေချနေထိုင်လာခဲ့ကြပြီး ကမ္ဘာ့အလယ်တွင် တင့်တယ်စွာ ရပ်တည်ခဲ့ပါသည်။ သို့ရာတွင် မြေပေါ်မြေအောက်သယံဇာတများ ကြွယ်ဝပြီး ကိုယ်ပိုင် ယဉ်ကျေးမှုနှင့် စာပေမှအစ ဂုဏ်ယူဖွယ်ရာ ထွန်းကားစည်ပင် တိုးတက်သည့် မိမိတို့နိုင်ငံသည် ၁၈၈၅ ခုနှစ်တွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့်လွတ်လပ်ရေးဆုံးရှုံးကာ သူ့ကျွန်ဘဝသို့ ကျရောက်ခဲ့ရပါသည်။ ထိုသို့ ကျရောက်ခဲ့ပြီးနောက် နိုင်ငံတော်၏ မြေပေါ်မြေအောက် သယံဇာတများဆုံးရှုံးခြင်း၊ ယဉ်ကျေးမှု၊ စာပေနှင့်ဘာသာစကားများ တိမ်ကောပပျောက်အောင် ကန့်သတ်ခံရခြင်း၊ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှု ပြိုကွဲအောင် သွေးခွဲအုပ်ချုပ်ခြင်းတို့ကို ခံခဲ့ကြရပါသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိရန်အတွက် ဗြိတိသျှကိုလိုနီအစိုးရနှင့်ဆွေးနွေးနေစဉ် ရှမ်းပြည်လူထု ခေါင်းဆောင်များက ဦးဆောင်ပြီး တောင်တန်းနှင့်ပြည်မအတူတကွ လွတ်လပ်ရေးရရှိလိုကြောင်း ဆန္ဒဖော်ထုတ် ခဲ့ကြပါသည်။ ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းသည် တောင်တန်းဒေသများနှင့်ပြည်မ အတူတကွ လွတ်လပ်ရေးရယူကြရန် ရှမ်းပြည်နယ် ပင်လုံမြို့၌ တောင်တန်းဒေသ တိုင်းရင်းသား ခေါင်းဆောင်များနှင့်တွေ့ဆုံဆွေးနွေးပြီး သဘောတူညီမှုရရှိအောင် ကြိုးပမ်းနိုင်ခဲ့ပါသည်။ ထို့နောက် ''ပြည်မနှင့်အတူတကွ ပူးပေါင်းပြီး ကိုလိုနီနယ်ချဲ့ထံက လွတ်လပ်ရေးရယူမည်'' ဟူသော ဆုံးဖြတ်ချက်ကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ချမှတ်နိုင်ခဲ့ပါသည်။

ယင်းသို့ ဆုံးဖြတ်ချက်ချမှတ်နိုင်ခဲ့သည့် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ''ရှမ်းပြည်နယ်နေ့''အဖြစ် သတ်မှတ်ခဲ့ပြီး အထိမ်းအမှတ် အခမ်းအနားကို နှစ်စဉ်ကျင်းပလာခဲ့သည်မှာ ယခုနှစ်ဆိုလျှင် (၆၈)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။
ယနေ့အချိန်အခါတွင် မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ကဏ္ဍအလိုက် ဆောင်ရွက်လျက် ရှိရာ ခေတ်အဆက်ဆက် တိုင်းရင်းသားပြည်သူများ လိုလားတောင့်တသည့် ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရန်ကိုလည်း ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။ ယင်းသို့ ဆောင်ရွက်ရာတွင် တစ်ခုတည်းသော နည်းလမ်းသည် နိုင်ငံရေးဆွေးနွေးပွဲသာ ဖြစ်သည်ဟု မိမိတို့ အလေးအနက် ယုံကြည်ပါသည်။

ယင်းဆွေးနွေးမှုများမှ နိုင်ငံရေးသဘောတူညီချက်များ ခိုင်ခိုင်မာမာရရှိမှသာ ရေရှည်တည်တံ့ခိုင်မြဲသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးကို အာမခံနိုင်မည်ဖြစ်ပါသည်။ နိုင်ငံရေး ဆွေးနွေးပွဲများ အမြန်ဆုံး စတင်နိုင်ရန်အတွက် နှစ်ပေါင်းခြောက်ဆယ်ကျော် ပစ်ခတ်တိုက်ခိုက်မှုများကို ဦးစွာပထမ ရပ်စဲနိုင်ရန် လိုအပ်ပါသည်။ ထိုသို့ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲသွားစေရေးအတွက် စေ့စပ်ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်လျက် ရှိပါသည်။ မည်သည့်အစိုးရ တာဝန်ယူသည်ဖြစ်စေ မိမိတို့အစပျိုးခဲ့သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆက်လက်အကောင်အထည်ဖော်နိုင်ရန်အတွက် ခိုင်မာသည့်အုတ်မြစ်များ ချမှတ်ပေးရန် တာဝန်ရှိသည်ဟုလည်း ခံယူထားပါသည်။ တည်ငြိမ်အေးချမ်းမှုနှင့်ဖွံ့ဖြိုးတိုးတက်မှုသည် ဆက်နွှယ်နေသည့် အလျောက် ငြိမ်းချမ်းရေးတည်ဆောက်နိုင်မှသာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပိုမိုအောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

ပြည်သူတို့၏ တူညီသောဆန္ဒနှစ်ခုဖြစ်သည့် တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် နိုင်ငံတော်အစိုးရက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား ညီအစ်ကိုမောင်နှမများသည် စစ်မှန်သောမျိုးချစ် စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စု စိတ်ဓာတ်ဖြင့် သွေးစည်းညီညွတ်စွာ ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန် လိုအပ်ပါသည်။ ထို့အတူ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ လျှောက်လှမ်းရာတွင် ရှမ်းပြည်နယ် အတွင်း ရရှိပြီးဖြစ်သော တည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက် မှုအခြေခံကောင်းများနှင့်အတူ ရှမ်းပြည်နယ် အတွင်းရှိ တိုင်းရင်းသား ပြည်သူများအားလုံးက စည်းလုံးညီညွတ်စွာဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းလျက် သဝဏ်လွှာ ပေးပို့လိုက်ပါသည်။


(ပုံ)သိန်းစိန်
နိုင်ငံတော်သမ္မတ

No comments:

Post a Comment