Tuesday, February 3, 2015

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်စတုတ္ထအကြိမ်မြောက် အစိမ်းရောင်စီးပွားရေး အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုဖိုရမ် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် မိန့်ခွန်းပြောကြား

နေပြည်တော် ဖေဖော်ဝါရီ ၃
စတုတ္ထအကြိမ်မြောက် အစိမ်းရောင်စီးပွားရေး အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုဖိုရမ်ကို ယနေ့နံနက် (၉)နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂)တွင် ကျင်းပရာ နိုင်ငံ တော်သမ္မတ ဦးသိန်းစိန် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။


ထိုသို့ပြောကြားရာတွင် ယခုကဲ့သို့ စတုတ္ထအကြိမ်မြောက် အစိမ်းရောင်စီးပွားရေး အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှုဖိုရမ် ဖွင့်ပွဲအခမ်းအနားတွင် စကားပြောကြားခွင့်ရသည့်အတွက် များစွာဂုဏ်ယူဝမ်း မြောက်မိပါကြောင်း၊ ပြည်တွင်း ပြည်ပမှ အချိန်ပေးပြီး စိတ်အားထက်သန်စွာဖြင့် တက်ရောက်ဆွေးနွေး ကြမည့် သိပ္ပံပညာရှင်များ၊ အတွေ့အကြုံ ဗဟုသုတ ကြွယ်ဝသည့် အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ် များအားလုံးကို မြန်မာနိုင်ငံအစိုးရအနေဖြင့် ကျေးဇူး တင်ပါကြောင်း။
ယခုနှစ် စတုတ္ထအကြိမ်မြောက် အစိမ်းရောင်စီးပွားရေး အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုဖိုရမ်တွင် အဓိကထား ဆွေးနွေး မည့် အကြောင်းအရာများမှာ သဘာဝသယံဇာတများနှင့် လူမှုစီးပွားအခြေအနေ များ၊ ထာဝစဉ် ဖွံ့ဖြိုးတိုးတက်စေရေး ပေါင်းစပ်ညှိနှိုင်းမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင် ရွက်ရန် (Expanding Cooperation and Deepening Integration for Sustainable Natural Resources, Social and Economic Development) ဖြစ်ပါကြောင်း။
အတူတကွစုပေါင်းနေထိုင်ခြင်းဖြင့် စုပေါင်းလုပ်ကိုင်ခြင်း အလေ့အကျင့်ရှိမှုသည် အောင်မြင်မှု အတွက် ကြီးမားသည့် အင်အားတစ်ခုဖြစ်ပါကြောင်း၊ ဥပမာအားဖြင့် မတူညီသော အပင်မျိုးစုံ စုပေါင်း ပေါက်ရောက်နေသည့် သစ်တော တစ်ခုသည် ကျရောက်လာမည့် သဘာဝဘေးအန္တရာယ်၊ သစ်ပင်ရောဂါ များ၊ အင်းဆက်များ၏ဖျက်ဆီးမှုဒဏ်ကို ကြံ့ကြံ့ခံနိုင်ပြီး အဆိုပါသစ်တောများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရန် ကိုလည်း အထောက်အပံ့ဖြစ်စေပါကြောင်း၊ ထိုနည်း တူစွာပင် စုပေါင်းလုပ်ကိုင်မှု အလေ့အကျင့်ရှိသည့် လူ့အဖွဲ့အစည်းတစ်ခုဖြစ်မှသာ ယနေ့ကြုံတွေ့နေရသော လူမှုရေး၊ စီးပွားရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်း ရေး စသည့် စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်မည်ဖြစ်ပါကြောင်း။
ယနေ့ခေတ်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စိန်ခေါ်မှုများ၊ သဘာဝနှင့်လူ့ပယောဂ ကြောင့် ဖြစ်ပေါ်လာသည့် ဘေးအန္တရာယ် များသည် ယခင်ကထက် ကြိမ်ဖန်များစွာနှင့် ပြင်းထန်စွာကျ ရောက်လျက်ရှိခြင်းကြောင့် စုပေါင်း ရင်ဆိုင်ဖြေရှင်းကြရမည်ဖြစ်ပါကြောင်း၊ လူ့အဖွဲ့အစည်းတစ်ခုတွင် မတူညီသည့် ယုံကြည်မှု၊ လူမျိုးစု၊ ဓလေ့စရိုက်၊ အသိပညာ၊ အတတ်ပညာနှင့် စိတ်ဝင်စားမှုအမျိုးမျိုး၊ လူတန်းစားအမျိုးမျိုးရှိကြမည်ဖြစ်ပါကြောင်း၊ ထိုပုဂ္ဂိုလ်အနေဖြင့် စုပေါင်းလုပ်ဆောင်တတ်သည့် စိတ်ဓာတ် နှင့် လုပ်ဆောင်နိုင်သည့် စွမ်းရည်များရှိလျှင် အနာဂတ်တွင်ဖြစ်ပေါ်လာမည့် စိန်ခေါ်မှုများကို မုချမသွေ ကျော်လွှားနိုင်မည်ဖြစ်ပါကြောင်း။
ဤသို့ ကျော်လွှားဆောင်ရွက်ခြင်းဖြင့် မိမိတို့လူ့အဖွဲ့အစည်းသည်လည်း ရေရှည်တည်တံ့နိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် သဘာဝသယံဇာတများ ရေရှည်တည်တံ့ရေးနှင့် ၎င်းသယံဇာတများအပေါ် အခြေခံပြီး လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် ကျယ်ပြန့်သော စိတ်စေတနာနှင့် နက်ရှိုင်းစွာ အတူတကွ ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိရန် အလွန်လိုအပ်လှပါကြောင်း။
အစိမ်းရောင်စီးပွားရေး အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုရရှိရန်အတွက် တိုက်တွန်းပြောဆိုမှုများ သာမက အကောင် အထည်ဖော်ဆောင်ရွက်ရမည့် ကိစ္စရပ်များပါ လွှမ်းခြုံပါဝင်နေခြင်းကြောင့် ဆက်နွှယ် ရာအဖွဲ့အစည်းများအကြား မပျက်မကွက် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။
မိမိတို့အနေဖြင့် အစိမ်းရောင်စီးပွားရေး အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုအတွက် အစိုးရအဖွဲ့အစည်း များသာမက ပြည်တွင်းရှိ လူမှုအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး GEGG (မြန်မာ)အဖြစ် ဖွဲ့စည်းကာ အကျိုး အမြတ်မယူသည့် စီးပွားရေး၊ လူမှုရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများကို ဦးတည် ဆောင်ရွက် လျက်ရှိပါကြောင်း။
GEGG (မြန်မာ)အဖွဲ့အနေဖြင့် ၂၀၁၄ ခုနှစ် နိုဝင်ဘာလအတွင်း နေပြည်တော်တွင်ကျင်းပ ခဲ့သည့် (၂၅)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး၌ အာဆီယံအစိမ်းရောင် စီးပွားရေးဌာန ((ASEAN Institute for Green Economy - AIGE) တစ်ခုကို မြန်မာနိုင်ငံတွင် ဖွင့်လှစ်တည် ထောင်နိုင်ခဲ့ပါကြောင်း၊ ယင်းဌာနအနေဖြင့် ရေရှည်ဖွံ့ဖြိုး တိုးတက်မှု ရရှိရန်အတွက် ဒေသတွင်းအစိမ်း ရောင်စီးပွားရေးလုပ်ငန်းများကို အာဆီယံဆောင်ပုဒ်ဖြစ်သောငြိမ်းချမ်းပြီး သာယာဝ ပြောသော လူ့ အဖွဲ့အစည်းဖြစ်စေဖို့ စည်းလုံးညီညွတ်စွာ လျှောက်လှမ်းရမည်ဟူသည့် ဦးတည်ချက်နှင့်အညီ အဖွဲ့ဝင်  နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
AIGE  အနေဖြင့် ပြည်တွင်းနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင် ရွက်လျက် ဒေသတွင်း ပတ်ဝန်း ကျင်ဆိုင်ရာ၊ ရာသီဥတုနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များ ဖြေရှင်းရန် အတွက် လူ့စွမ်းအား အရင်းအမြစ်များတည်ဆောက်ခြင်း၊ သုတေသနလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက် ခြင်း၊ အစိမ်းရောင်စီးပွားရေးဆိုင်ရာ နည်းပညာရပ်များကို ပံ့ပိုးကူညီမှုခြင်းကို ဖြည့်ဆည်းဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း။
ဤနေရာတွင် မိမိအနေဖြင့် ကျေးဇူးတင်စကားပြောလိုပါကြောင်း၊ ၎င်းမှာ မြန်မာနိုင်ငံသို့ ဧည့်သည်တော်အဖြစ် ကြွရောက်လည်ပတ်ခဲ့သော နော်ဝေနိုင်ငံ ပဉ္စမမြောက် ဟာရယ်ဘုရင်နှင့် မိဖုရား ဆွန်ယာတို့က ရန်ကုန်မြို့ရှိ အစိမ်းရောင်စံပြဗဟိုဌာနကို ဖွင့်လှစ်ပေးခဲ့သည့်အတွက် အထူး ကျေးဇူးတင်ရှိပါကြောင်း။
GEGG  ဖိုရမ်များကို နှစ်စဉ်ကျင်းပခဲ့သည့် အစိမ်းရောင်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် လိုအပ်သည့် အခြေ အနေများ၊ အလေ့အကျင့်များ ဖန်တီးပေးရန် များစွာအထောက်အပံ့ဖြစ်စေမည် ဖြစ်ပါကြောင်း၊ ထို့အပြင် အစိမ်းရောင် စီးပွားရေးလုပ်ငန်းများ ပိုမိုကျယ်ပြန့်လာစေရန်အတွက်  ရေရှည် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မူဝါဒချမှတ်ရေး၊ မဟာ ဗျူဟာရေးဆွဲရေး၊ သိပ္ပံ၊ နည်းပညာနှင့် စီမံအုပ်ချုပ်မှု ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်မှုအခန်းကဏ္ဍကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
မိမိတို့ လူသားများအသက်ရှင်နေရေးအတွက် အဓိကအရေးပါလှသော သဘာဝသယံဇာတများ ရေရှည် တည်တံ့ ရေးနှင့်စပ်လျဉ်း၍ အနည်းငယ်ပြောကြားလိုပါကြောင်း၊ အားလုံးသိရှိထားသည့်အတိုင်း မိမိတို့ ထုတ်ယူသုံးစွဲနေသည့် သဘာဝသယံဇာတများသည် အကန့်အသတ်ရှိပြီး စနစ်တကျစီမံခန့်ခွဲ ခြင်းမပြုဘဲ ရေတိုအကျိုးစီးပွားအတွက် အလွန် အကျွံအသုံးပြုလိုက်မည်ဆိုပါက ကုန်ဆုံးပျောက်ကွယ် သွားမည်ဖြစ်ပါကြောင်း၊ မိမိတို့အားလုံး၏ ဘုံရည်မှန်းချတ်မှာ ရေရှည်ဖွံ့ဖြိုးရေ ရရိရန်အတွက်ပင်ဖြစ်ပါ ကြောင်း၊ မိမိတို့နေထိုင်သည့် ကမ္ဘာကြီးရေရှည်တည်တံ့ရေးအတွက် ကမ္ဘာမြေထိပ်သီးညီလာခံကို ဘရာဇီး နိုင်ငံတွင် ၁၉၉၂ နှင့် ၂၀၁၂ ခုနှစ်များက နှစ်ကြိမ်ကျင်းပခဲ့ပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ကြေညာချက်များ၊ ထုတ်ပြန်ခဲ့သည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း၊ ၂၀၁၂ ခုနှစ်တွင် ကျင်းပခဲ့သည့် Rio +20 ညီလာခံတွင် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးအတွက် အစိမ်းရောင် စီးပွားရေးကို မဖြစ်မနေဖော်ဆောင်ရန် အဓိကထားဆွေးနွေးခဲ့ကြပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် Rio +20   ကြေညာချက်များနှင့်အညီ ကာဗွန်ထုတ်လွှတ်မှုနည်းပါးပြီး ပတ်ဝန်းကျင် ထိန်းသိမ်း ရေးကို အထောက်အကူပြုသည့် စီးပွားရေးလုပ်ငန်းများအဖြစ် ပြုပြင်ပြောင်းလဲမှု များဆောင်ရွက်ရန် လမ်းညွှန် မှုများချမှတ်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ အထူးသဖြင့် စွမ်းအင်ထိရောက်စွာ အသုံးပြုရေးနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဖွံ့ဖြိုးရေးစဉ်ဆက်မပြတ် စိုက်ပျိုးမွေးမြူရေး၊ သစ်တောများ၊ ဇီဝမျိုးစုံမျိုးကွဲများ၊ ရေသယံဇာတနှင့် ဂေဟစနစ် ထိန်းသိမ်းရေး၊ မြေအသုံးချမှုစနစ်တကျဖြစ်စေရေး၊ သဘာဝဘေး အန္တရာယ် ကျရောက်မှုလျော့နည်းသက်သာစေရေး၊ ရေရှည်တည်တံ့သည့် အစိမ်းရောင် မြို့ကြီးများဖြစ်ပေါ်လာရေး၊ ဘေးအန္တရာယ်ဖြစ်စေသည့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲရေး၊ သမုဒ္ဒရာ၊ ပင်လယ် နှင့် ကမ်းရိုးတန်းဒေသများထိန်းသိမ်းရေး၊ သဘာဝသယံဇာတများ ထုတ်ယူသုံးစွဲရာတွင် ပတ်ဝန်းကျင် ကိုထိခိုက်မှု အနည်းဆုံးဖြစ်စေရေးတို့ကို အလေးထားဆောင်ရွက်ရန် လမ်းညွှန်ထားပြီးဖြစ်ပါကြောင်း။
အဆိုပါလုပ်ငန်းများကို အထောက်အကူဖြစ်စေရန်လိုအပ်သည့် မူဝါဒ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်း များ၊ လုပ်ငန်း စဉ်များကို ချမှတ်ဖော်ဆောင်လျက်ရှိပါကြောင်း၊ ဥပမာအားဖြင့် အမျိုးသားစွမ်းအင်မူဝါဒ ဖြင့် အမျိုးသားအဆင့် ရေမူဝါဒ ထုတ်ပြန်ကြေညာခြင်း၊ အမျိုးသား မြေအသုံးချမှု မူဝါဒရေးဆွဲခြင်း၊ အမျိုးသားရေ အရင်းအမြစ် ဥပဒေ(မူကြမ်း)ရေးဆွဲခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ၊ နည်းဥပဒေ များနှင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းခြင်း၊ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ် ခြင်းဆိုင်ရာ လုပ်ထုံလုပ်နည်းများ၊ ပတ်ဝန်းကျင် အရည်အသွေး စံချိန်စံညွှန်းများ၊ နိုင်ငံအဆင့် ဇီဝမျိုးစုံ မျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ မဟာဗျူဟာလုပ်ငန်းစီမံချက်နှင့် မြန်မာနိုင်ငံ သဘာဝဘေးလျော့ပါးရေး လုပ်ငန်းစီမံချက်များကို ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါကြောင်း။
မိမိတို့မြန်မာနိုင်ငံကို (Extractive Industrits Transparency Initiative-EITI) အဖွဲ့ဝင် လောင်းနိုင်ငံ အဖြစ် ၂၀၁၄ခုနှစ် ဇူလိုင်လအတွင်း လက်ခံသတ်မှတ်ပြီး သဘာဝသယံဇာတတူးဖော်ရေး လုပ်ငန်းများ ပွင့်လင်းမြင် သာမှု ဖော်ဆောင်ရေးလုပ်ငန်းစဉ်များကို နိုင်ငံတကာကျင့်ဝတ်များနှင့်အညီ လိုက်နာ ဆောင်ရွက် သွားမည်ဖြစ် ပါကြောင်း။
ယခုအခါ ရာသီဥတုပြောင်းလဲခြင်း၊ လူဦးရေတိုးပွားခြင်းနှင့် သဘာဝသယံဇာတများယုတ်လျော့ လာခြင်းတို့ကြောင့် မိမိတို့၏ ဘုံရည်မှန်းချက်ဖြစ်သော ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရရှိရန်မှာ မိမိတို့အားလုံး အတွက် ကြီးမားသည့် စိန်ခေါ်မှုကြီးဖြစ်ပါကြောင်း၊ ကမ္ဘာ့လူဦးရေသည် ၂၀၅၀ ခုနှစ်တွင် သန်းပေါင်း (၉၀၀၀)အထိ မြင့်တတ်လာမည်ဟု ခန့်မှန်းထားရှိပြီး တိုးတက်လာသည့်လူဦးရေအတွက် သဘာဝသယံ ဇာတများကို ပိုမိုအသုံးပြုကြရမည်ဖြစ်ပါကြောင်း။
အတိတ်ကာလကလည်း ဖွံ့ဖြိုးမှုသာ အဓိက၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဒုတိယ ဟူသည့် အတွေးအခေါ်များအဖြစ် စီးပွားရေး ကောင်းမွန်စေရန်အတွက်သာ စဉ်းစားတွေးခေါ်လုပ်ဆောင်ခဲ့ကြခြင်း ကြောင့် မိမိတို့အနေဖြင့် ကမ္ဘာမြေ ပူနွေးလာခြင်းနှင့်အတူ သဘာဝဘေးအန္တရာယ်များကျရောက်လာ ခြင်းကို ရင်ဆိုင်နေရပါကြောင်း။
မှတ်သားမိသလောက် ပြောပြရမည်ဆိုလျှင် ထောင်စုနှစ် ဖွံ့ဖြိုးတိုးတက်ရေး အစီရင်ခံစာ (၂၀၁၄)အရ ကာဗွန် ဒိုင်အောက် ဆိုက်ဓာတ်ငွေ့ထုတ်လွှတ်မှုသည် ၁၉၉၀ ခုနှစ်ကထက် ၂၀၁၁ ခုနှစ်တွင် (၅၀)ရာခိုင်နှုန်း ပိုများခဲ့သည်ဟု သိရှိရပါကြောင်း၊ သစ်တောများဧကသန်းနှင့်ချီပြီး နှစ်စဉ်ပြုန်းတီးနေသ ကဲ့သို့ မျိုးရင်းမျိုး စိတ်များလည်း မျိုးသုဉ်း သွားသည်အထိ ပျောက်ကွယ်လျက်ရှိပါကြောင်း၊ ရေသယံဇာတ အရင်းအမြစ်များသည်လည်း ပိုမိုရှားပါး လာသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် သဘာဝသယံဇာတ အခြေပြုဖွံ့ဖြိုးတိုးတက်မှုပုံစံသည် ယနေ့ ခေတ်နှင့် အံမဝင်တော့ သည့်အတွက် ပြန်လည်ဆန်းစစ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ မိမိတို့ဆောင်ရွက်နေသော စီးပွားရေး ဖွံ့ဖြိုးမှုလုပ် ငန်းများသည် ဂေဟစနစ် မပျက်ယွင်းစေဘဲ သဘာဝသယံဇာတများကို အကျိုးရှိ ထိရောက်စွာအသုံးချသည့် လုပ်ငန်းများဖြစ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း။
တစ်နည်းအားဖြင့် အစိမ်းရောင်စီးပွားရေးလမ်းကြောင်းပေါ်ကို မိမိတို့အားလုံး မလွဲမသွေပူးပေါင်း ပြီး လျှောက်လှမ်း ရတော့မည်ဖြစ်ပါကြောင်း၊ အစိမ်းရောင်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံအချင်း ချင်း၊ အဖွဲ့အစည်းအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု အခန်းကဏ္ဍသည် အလွန်အရေးပါလှပါကြောင်း၊ ကျေးလက်နှင့်မြို့ပြဖွံ့ဖြိုးတိုးတက်မှုများကို အဟန့် အတားဖြစ်စေသည့် စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန် အတွက် တီထွင်ဖန်တီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပုံစံ အမျိုးမျိုးဖြင့် နက်နက်နဲနဲ ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ အားပေး ကူညီထောက်ပံ့မှုများ လိုအပ်သကဲ့သို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင် ရွက်ကြ ရမည်ဖြစ်ပါကြောင်း၊ ငွေကြေး အကူအညီထက် နည်းပညာများရရှိရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုး တက်ရေးတို့ကို ဦးစားပေး ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံ၏ လူဦးရေအချိုးအစားကို ပြန်ကြည့်မည်ဆိုလျှင် Demographic Window ဟု ခေါ်သည့် အလုပ်လုပ် ကိုင်နိုင်စွမ်းရှိသော လူဦးရေအချိုးအစားက ပိုမိုများပြားနေသည့် အချိန်အခါ ကာလကောင်းတစ်ခုဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့တွင်ရှိသည့် လူ့စွမ်းအားအရင်းအမြစ်များသည် စွမ်းဆောင်ရည်တိုးမြှင့်ပြီး အစိမ်းရောင်စီးပွားရေး အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်များကို အရှိန် အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ ကို ဆန်းသစ်သည့်နည်းလမ်းများဖြင့် မူဘောင်များကိုအသုံးပြုပြီး ဒေသအချင်းချင်း၊ နိုင်ငံအချင်းချင်း၊ လူ့အဖွဲ့အစည်းအချင်းချင်း တိုးမြှင့်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။
ယခု စတုတ္ထအကြိမ်ကျင်းပသည့် GEGG ဖိုရမ် အောင်မြင်စွာကျင်းပနိုင်အောင် ပူးပေါင်းစီစဉ် ဆောင်ရွက်ပေးကြသော GEGG  (မြန်မာ)၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီး ဌာနနှင့် ဆက်စပ်ဌာနအဖွဲ့အစည်းများ၊ UNDP၊ Smithsonian Institution ၊ နော်ဝေ၊ ဆွီဒင်နှင့် ဂျပန်နိုင်ငံ အစိုးရအဖွဲ့အစည်းများအားလုံးကို အထူးကျေးဇူး တင်ရှိပါကြောင်း။
နိဂုံးချုပ်အနေဖြင့် လက်ရှိနှင့် အနာဂတ် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် ပတ်ဝန်းကျင်ထိန်း သိမ်းရေးသည် အရေးကြီး ကြောင်း မိမိတို့အနေဖြင့် ကောင်းစွာနားလည်သဘောပေါက်ကြရမည်ဖြစ်ပါ ကြောင်း၊ ထို့ကြောင့် ရေရှည် ဖွံ့ဖြိုးတိုးတက်မှုရရှိရေး အထောက်အကူပြုသည့် အစိမ်းရောင်စီးပွားရေး အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှုအတွက် ဝိုင်းဝန်းပူးပေါင်းကြိုးပမ်းဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းပြော ကြားလိုပါကြောင်းဖြင့် ပြောကြားခဲ့သည်။
ယင်းနောက် GEGG  ဥက္ကဋ္ဌ ဦးသိန်းထွန်း၊ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံအမတ်ကြီးနှင့် UNDP ဌာနကိုယ်စားလှယ် တို့က နှုတ်ခွန်းဆက်စကားပြောကြားခဲ့ကြပြီး အခမ်းအနားသို့တက်ရောက် လာကြသူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။

ယနေ့ ဖိုရမ်ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်သမ္မတနှင့်အတူ ဒုတိယသမ္မတ ဦးဥာဏ်ထွန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များနှင့် ဖိတ်ကြား ထားသည့် ဧည့်သည်တော်များ တက်ရောက် ကြသည်။ 

No comments:

Post a Comment