Thursday, February 5, 2015

ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန် အစည်းအဝေး (၁၂)မြောက်နေ့ ကျင်းပ



နေပြည်တော်  ဖေဖော်ဝါရီ 
ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန် အစည်းအဝေး (၁၂) ရက်မြောက်နေ့ကို ယနေ့နံနက် (၁၀)နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ရွှေပြည်သာမဲဆန္ဒနယ်မှ ဦးတင်မောင်ဦး၏ “စက်မှုဇုန်များ နိုင်ငံတကာ အဆင့်မီ စီစဉ် ဆောင်ရွက်ရန်နှင့် စက်မှုဇုန် မြေယာ အငြင်းပွားမှုများကို သက်ဆိုင်ရာ ဝန်ကြီးဌာနက တာဝန်ယူ ဖြေရှင်းပေးရန် အစီအစဉ် ရှိ/ မရှိ သိရှိလိုကြောင်း” မေးခွန်းနှင့် စပ်လျဉ်း၍ စက်မှု ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမျိုးအောင်က နိုင်ငံတော် အစိုးရအနေဖြင့် ပေါကြွယ်ဝသည့် သယံဇာတများနှင့် လူ့စွမ်းအား အရင်းအမြစ်များကို အသုံးချ၍ စက်မှုနိုင်ငံတော် အဖြစ် ထူထောင်ရန် ရည်မှန်းထားပြီး ဖြစ်သဖြင့် စက်မှု ဇုန်များတွင် စက်ရုံများ တည်ထောင်၍ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နိုင်ရန် အခွင့်အလမ်းများ ဖွင့်ပေးခြင်း၊ မက်လုံးများ ပေး၍ ဆွဲဆောင်ခြင်း၊ စက်မှုလုပ်ငန်း ဆိုင်ရာ စည်းမျဉ်း စည်းကမ်းများဖြင့် စနစ်တကျ ပံ့ပိုး ကူညီပေးခြင်း၊ အကာအကွယ် ပေးခြင်းများကို ဝန်ကြီးဌာန အသီးသီးက ဆောင်ရွက်ပေးလျက် ရှိပြီး နိုင်ငံတကာ အဆင့်မီ စက်မှုဇုန်များ ဖြစ်ပေါ်လာအောင် ရည်မှန်း ဆောင်ရွက်လျက် ရှိပါကြောင်း။
မြေပိုင်ဆိုင် လုပ်ပိုင်ခွင့်များအား ဥပဒေနှင့် အညီ အာမခံ ပေးနိုင်ရေး၊ မြေယာ ကျူးကျော်သူများအား တည်ဆဲ ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်နိုင်ရေး စီစဉ် ဆောင်ရွက်လျက် ရှိသကဲ့သို့ နစ်နာမှုများကိုလည်း ကောင်းမွန်စွာ စိစစ် ဖြေရှင်းပေးနိုင်ရေး ဆောင်ရွက်လျက် ရှိပါကြောင်း၊ အချို့သော တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့ စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီနှင့် စက်မှုဇုန် အသီးသီးမှ စီမံခန့်ခွဲရေး ကော်မတီတို့ ပူးပေါင်း၍ စက်မှုဇုန်များရှိ လုပ်ငန်း ဆောင်ရွက်မှု မရှိသော မြေကွက်များအား နိုင်ငံတော်သို့ ပြန်လည် အပ်နှံနိုင်ရေး အတွက် မြေပြင် ကွင်းဆင်း စစ်ဆေးမှုများ ဆောင်ရွက်လျက် ရှိပါကြောင်းဖြင့် ရှင်းလင်း ဖြေကြားသည်။
တမူးမဲဆန္ဒနယ်မှ ဦးခင်မောင်ရွှေ၏ “သောက်သုံးရေ ရရှိရေးဖြစ်သော ရေစုကန် တူးဖော်ခြင်းနှင့် တမူးမြို့ ရေပေးဝေရေး လုပ်ငန်းများ၊ မြို့တွင်းလမ်း ကတ္တရာခင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/ မရှိ သိရှိလိုကြောင်း” မေးခွန်းနှင့် စပ်လျဉ်း၍ သမ္မတရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်သိမ်းက  တမူး မြို့တွင်းလမ်းများ ကတ္တရာခင်းခြင်း လုပ်ငန်း (၄/၀)မိုင်အား ၂၀၁၅- ၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေကျပ် (၃၁၆ ဒသမ ၂၀)သန်းဖြင့် ဆောင်ရွက်ရန် လျာထားပြီး ဖြစ်ပါကြောင်း၊ တမူးမြို့ သောက်သုံးရေ ရရှိရေးအတွက် မြို့မ သာသနာ့ ရိပ်သာအနီး ရေကန် တူးဖော်ခြင်းနှင့် စပ်လျဉ်း၍ စစ်ကိုင်း တိုင်းဒေသကြီး စည်ပင် သာယာရေး အဖွဲ့မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် မြို့မ သာသနာ့ ရိပ်သာအနီး အများသုံး ရေကန် ပြုပြင်ခြင်း (၁၀_၁၁_၇)ပေအား ကျပ်သိန်း (၂၀)ဖြင့် ဆောင်ရွက်ရန် လျာထားပြီး ဖြစ်ပါကြောင်းဖြင့် ပြန်လည် ဖြေကြားသည်။
ထို့နောက် ကျောက်ကြီး မဲဆန္ဒနယ်မှ ဦးဥာဏ်ဆွေဝင်းက “တည်ဆဲ နိုင်ငံရေး ပင်စင် ဥပဒေနှင့် အညီ နိုင်ငံရေးပင်စင် ခံစားခွင့် ရရှိရေး အတွက် ဆောင်ရွက်ပေးနိုင်ပါရန် နိုင်ငံတော် အစိုးရသို့ တိုက်တွန်းကြောင်း” အဆိုကို တင်သွင်းသည်။
အဆိုနှင့် စပ်လျဉ်း၍ သမ္မတရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဦးအောင်သိမ်းက နိုင်ငံရေး ပင်စင် ခံစားခွင့်နှင့် စပ်လျဉ်း၍ ၁၉၈၀ပြည့်နှစ်၊ ပြည်သူ့လွှတ်တော် ဥပဒေအမှတ် ၄ ဖြင့် ရေးဆွဲ ပြဋ္ဌာန်းထားသော နိုင်ငံရေး ပင်စင်ဥပဒေမှာ ယခုခေတ် အခြေအနေတွင် ကိုက်ညီခြင်း မရှိကြောင်း တွေ့ရှိရပါသဖြင့် အသစ် ပြင်ဆင် ရေးဆွဲသင့်ပါကြောင်းဖြင့် ရှင်းလင်း ဆွေးနွေးသည်။
ယင်းနောက် အဆိုနှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ အဆိုအတည် ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။

No comments:

Post a Comment