Tuesday, February 10, 2015

မူကြိုအရွယ် ကလေးငယ်များ ကာယ/ဥာဏဘက်စုံစွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးပွဲ အခမ်းအနားကျင်းပ

မုံရွာ ဖေဖော်ဝါရီ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မိခင်နှင့် ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေး အဖွဲ့မှကြီးမှူးပြီး မုံရွာခရိုင် အတွင်းရှိ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်း ပိုင်မူကြိုများနှင့် လူမှုဝန်ထမ်း ဦးစီးဌာနလက် အောက်ခံ မူကြိုကျောင်းများမှ



မူကြိုအရွယ် ကလေးငယ်များ ကာယ/ဥာဏဘက်စုံ စွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးပွဲကို ဖေဖော်ဝါရီလ (၈)ရက်နေ့ နံနက်(၈)နာရီက မုံရွာမြို့အမှတ်(၃)အခြေခံ ပညာ အထက်တန်း ကျောင်းနှင့် မုံရွာမူ ကြိုကျောင်းတွင် ကျင်းပရာ မုံရွာခရိုင် အုပ်ချုပ်ရေးမှူး၊ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူး၊ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ မုံရွာခရိုင်အတွင်းရှိ မူကြိုကျောင်းများမှ ဆရာမများ နှင့်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ကာယ ပြိုင်ပွဲများဖြစ်သော အရောင်ရွေးပြိုင်ပွဲ၊ ကားချပ် ချိတ်ပြိုင်ပွဲ၊ အာလူးကောက်လွန်းပျံ အပြေးပြိုင်ပွဲ၊ ဂုံနီအိတ် စွပ်ပြေးပြိုင်ပွဲ၊ နို့ဆီဗူးထပ်ပြိုင်ပွဲ (ကျား/မ)တို့ကို ဥာဏပြိုင်ပွဲများဖြစ်သော သီချင်းပြိုင်ပွဲ၊ တပင်တိုင်အက၊ ကဗျာရွတ်၊ ပုံပြော သင်္ကြန်အက၊ သင်္ကြန်ယိမ်းအက အမှတ်(၃)အခြေခံပညာ အထက် တန်းကျောင်းတွင် လည်းကောင်း၊ ပန်ချီပြိုင်ပွဲ များကို မုံရွာမူကြိုကျောင်းတွင်လည်းကောင်း အသီးသီး ကျင်းပခဲ့ပြီး အထက(၃) ဂီတရသခန်းမတွင် အဆိုပါပြိုင်ပွဲများတွင် ထူးချွန်ရရှိသူများအား တာဝန်ရှိသူများမှ ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment