နေပြည်တော် ဖေဖော်ဝါရီ
၁၃
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အသီးသီး၏ ရပ်တည်မှုသဘောထားများအပေါ်
စာနာပါကြောင်း၊ အားလုံးက တူညီသောစိတ်ဖြင့် မြန်မာစိတ်မွေးကြပြီး မြန်မာဟုသာခံယူစေလိုပါကြောင်း၊ နိုင်ငံတစ်နိုင်ငံတွင်
ညီညွတ်သော အင်အားရှိရန် လိုကြောင်း၊ စုစည်းညီညွတ်မှုရှိမှသာ ကမ္ဘာတည်သရွေ့ မြန်မာဟူ၍ ရပ်တည်နိုင်မှာဖြစ်ကြောင်း၊
မိမိတို့၏ ကောင်းသောအမွေကို လက်ဆင့်ကမ်းပေးနိုင်ရန် ဆန္ဒပြုပါကြောင်းဖြင့် တပ်မတော်ကာကွယ်ရေး
ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ
ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ (၆၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ညစာစားပွဲအခမ်းအနားသို့
တက်ရောက် ခဲ့ကြသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား တွေ့ဆုံရာတွင် ထည့်သွင်းပြောကြားသည်။
ရှေးဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်က တွေ့ဆုံပွဲသို့ တက်ရောက်လာ ကြသော တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များအား
ရင်းရင်းနှီးနှီးကြိုဆိုနှုတ်ဆက်သည်။
အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်နှင့်အတူ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)
ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ညှိနှိုင်းကွပ်ကဲ ရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး
လှဌေးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး တိုင်းရင်းသားလက်နက်ကိုင်
(၁၃) ဖွဲ့မှ ခေါင်းဆောင်များ၊ တာဝန်ရှိ သူများ တက်ရောက် ကြသည်။
တွေ့ဆုံပွဲ၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယနေ့တွေ့ဆုံပွဲတွင်
မျက်နှာချင်းဆိုင် တက်ရောက်နေကြ သည့် တပ်မတော်အရာရှိကြီးများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များသည်
မြန်မာနိုင်ငံအတွင်း နေရာအနှံ့အပြားမှ တိုင်းရင်းသားညီအစ်ကိုများ ဖြစ်ကြပါကြောင်း၊
မိမိတို့အားလုံးသည် ပြည်သူက ရွေးချယ် သည့်
အုပ်ချုပ်ရေးစနစ်ဖြစ်သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းတွင် တူညီသောသဘောထားများဖြင့်
လျှောက်လှမ်းနေကြပါကြောင်း၊ ဒီမိုကရေစီ လမ်းကြောင်း ကို
သွားမည်ဆိုပါက တည်ငြိမ်အေးချမ်းမှုမှာ မရှိမဖြစ် လိုအပ်ပါကြောင်း၊ နိုင်ငံတော်၏လိုအပ်ချက်များဖြစ်သည့်
တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အား တပ်မတော်၏
အမျိုးသားရေးမူအဖြစ် ချမှတ် လုပ်ဆောင်နေပါကြောင်း၊ လက်နက် ကိုင်ထားသော အဖွဲ့အစည်းများအကြား
လက်နက်မဲ့ ပြည်သူများ မြေစာပင်ဖြစ်နေခြင်း မှာလည်း စိတ်မချမ်း သာစရာ ဖြစ်ပါကြောင်း။
ပြည်ထောင်စုနေ့တွင် ငြိမ်းချမ်းရေးဆက်လက်ဆောင်ရွက်ရန် လက်မှတ်ရေးထိုးခဲ့သော
အဖွဲ့များအား ကျေးဇူးတင်ရှိပါကြောင်း၊ အလားတူ လက်မှတ် ရေးထိုးရန် ကျန်ရှိသောအဖွဲ့များကိုလည်း
တိုင်းပြည်အကျိုး၊ ပြည်သူလူထုအကျိုး ရှေးရှု၍ စဉ်းစားဆောင်ရွက်စေရန် တိုက်တွန်းပါကြောင်း၊
တပ်မတော် အနေဖြင့်လည်း နိုင်ငံနှင့်ပြည်သူကို ပေးထားသည့် ကတိများကို လုံးဝချိုးဖောက်မည်မဟုတ်
ကြောင်း၊ ယခုရက်ပိုင်းအတွင်း လောက်ကိုင်ဒေသတွင် တပ်မတော်နှင့် ကိုးကန့်တိမ်းရှောင်အဖွဲ့
တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း၊ ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့်တိမ်းရှောင် အဖွဲ့များသည်
ကျေးရွာပြည်သူ့စစ်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့များ၊ မိမိတပ်ဌာနချုပ်များကို စတင်တိုက်ခိုက်ခြင်းကြောင့်
ယင်းတိုက်ပွဲများဖြစ်ပွားခဲ့ရ ခြင်းဖြစ်ကြောင်း၊ တိုက်ပွဲများ တွင် တပ်မတော်မှ ထိခိုက်ကျဆုံး
မှုများလည်းရှိပြီး ဖြစ်စဉ် အမှန်အတိုင်း သတင်းထုတ်ပြန်ခဲ့ပါကြောင်း။
မိမိတို့တပ်မတော် အနေဖြင့် အသိအမှတ်ပြုထားသည့် တိုင်းရင်းသား
လက်နက်ကိုင် အဖွဲ့များ၏ ဌာနချုပ်များ၊ စခန်းများအား တိုက်ခိုက်မှုလုံးဝမရှိပါကြောင်း၊
ကိုးကန့်တိမ်းရှောင်အဖွဲ့များနှင့် တိုက်ပွဲဖြစ်စဉ်များတွင် အချို့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏
ပါဝင်ပတ်သက်မှုများ အထောက်အထားနှင့် ရှိနေပါ ကြောင်း၊ ယင်းအတွက်လည်း တာဝန်ယူရမည်ကို
ပြောကြားလိုပါကြောင်း၊ ငြိမ်းချမ်းရေးအပစ်အခတ်ရပ်စဲရေးဆိုသည့် စကားများဆိုနေကြချိန်တွင်
စတင် တိုက်ခိုက်က မူသဘောထားကို များစွာစဉ်းစားရမည်ဖြစ်ကြောင်း၊ မကြာမီ တပ်မတော်အနေဖြင့်
သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ မိမိနိုင်ငံအတွင်း နယ်စပ်ဒေသ များတွင်
မူးယစ်ဆေးဝါးကိစ္စရပ်များ အမှန်တကယ်ရှိနေပါ ကြောင်း၊ မူးယစ်ဆေးဝါးသည် ဒေသတွင်း၌သာမက
ကမ္ဘာကိုပါ ထိခိုက်စေနိုင်သဖြင့် မဖြစ်မနေ တားဆီးနှိမ်နင်းရမှာ ဖြစ်ကြောင်း၊ မရှိအောင်
ဆောင်ရွက်ရမှာဖြစ် ကြောင်း၊ ကမ္ဘာ့အလယ်တွင် နိုင်ငံကိုအရှက်ရစေသည့် ကိစ္စဖြစ်ခြင်းကြောင့်
မူးယစ်ဆေးဝါးနှိမ်နင်းရေးကို အမျိုးသားရေးတာဝန်အဖြစ် ထိရောက်ပြတ်သားစွာ ဆောင်ရွက်ရမှာဖြစ်ကြောင်း၊
နယ်နိမိတ် အတိအကျ သတ်မှတ်ထားရှိပြီးဖြစ်သည့် မြန်မာနိုင်ငံတော်အတွင်း စုစည်းနေထိုင်ကြသည့်
တိုင်းရင်းသားလူမျိုးများ အားလုံး သည် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်ရေးကို
လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း။
တူညီသော ရည်မှန်းချက်များနှင့် တူညီသောအလုပ်လုပ်ဆောင်ကြပါက
တူညီသည့်အကျိုးများခံစားရမည်မှာ ညီညွတ်မှု၏ ရလဒ်ပင်ဖြစ်ကြောင်း၊ ထိုသို့ တည်ငြိမ်အေးချမ်းမှု၊
စည်းလုံးညီညွတ်မှုများရှိမှသာ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးကို လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊
မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်မှုအားနည်း၍ လူငယ်လူရွယ်များ ပြည်ပတွင် မျက်နှာငယ်စွာဖြင့်
သွားရောက်လုပ်ကိုင်မှုများကိုလည်း မဖြစ်စေချင်ကြောင်း၊ ကိုယ့်တိုင်းပြည် အတွင်း အလုပ်လုပ်နိုင်သည့်
အရည်အချင်းများ၊ အခွင့်အရေးများ ရှိပါကြောင်း၊ ယင်းအရည်အချင်းများ၊ အခွင့်အရေးများရှိနေ
အောင်လည်း ဖန်းတီးပေးရမည်ဖြစ်ကြောင်း၊ယခုအခါ ပြည်ပသို့ အကြောင်းအမျိုးမျိုး ဖြင့် ရောက်ရှိနေသော
မြန်မာတိုင်းရင်းသားများအား ပြည်တွင်းသို့ ဥပဒေနှင့်အညီ ပြန်လာနိုင်ရေးအတွက် ခွင့်ပြုပေး
ထားပြီးဖြစ်ကြောင်း။ တိုင်းပြည်၏အားသည် ပြည်တွင်းမှာသာရှိပါကြောင်း၊ တိုင်းပြည်တွင်မှီတင်း
နေထိုင်သူ အားလုံး စည်းလုံးညီညွတ်မှလည်း ပြည်တွင်းအားကို ရနိုင်မည်ဖြစ်ကြောင်း၊ ပြည်တွင်းအား
ခိုင်မာစွာရှိနေစေရန် အားလုံးက အမြော်အမြင်ကြီးကြီးဖြင့် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊
ယခု တက်ရောက်လာကြသည့် အတွေ့အကြုံရှိသော၊ ဦးဆောင်မှု ပေးနိုင်သော အဖွဲ့အစည်း အသီးသီး၏
ခေါင်းဆောင်များအနေဖြင့် တိုင်းပြည်နှင့် ပတ်သက်သည့် မှန်ကန်သော ဆုံးဖြတ်ချက် ချမှတ်နိုင်မည်ဟု
အပြည့်အဝယုံကြည် ပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက တစ်ဖွဲ့ချင်းစီ ပြန်လည်မိတ်ဆက် စကားပြောကြားကြသည်။
တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့များအား လက်ဆောင် ပစ္စည်းများပေးအပ်ပြီး အဖွဲ့ဝင်များနှင့်အတူ အမှတ်တရ
စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။
No comments:
Post a Comment