Thursday, February 19, 2015

လောက်ကိုင်မြို့မှ နေရပ်ပြန်သူများအားကူညီပို့ဆောင်ပေးစဉ် ဒဏ်ရာရရှိသည့် ကြက်ခြေနီတပ်ဖွဲ့ဝင်နှစ်ဦး စိုးရိမ်စရာ အခြေအနေမရှိ

ရန်ကုန် ဖေဖော်ဝါရီ ၁၈
ရှမ်းပြည်နယ် မြောက်ပိုင်း ကွမ်းလုံမြို့နယ်မှ ကြက်ခြေနီစေတနာလုပ် အားရှင်နှစ်ဦးသည် ဖေဖော်ဝါရီ ၁၇ ရက်(အင်္ဂါနေ့) တွင် မော်တော်ယာဉ် များဖြင့် နေရပ်ပြန်သူများအား ကူညီ ပို့ဆောင်ပေးစဉ် ထိခိုက် ဒဏ်ရာရရှိခဲ့သည်။ ထိုမတော်တဆမှုသည် ကွမ်းလုံမြို့နယ်နှင့် ချင်းရွှေဟော် မြို့နယ်တို့အကြား ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။


စေတနာလုပ်အားရှင် နှစ်ဦးတွင် တစ်ဦးမှာ ဦးခေါင်းပိုင်းတွင်လည်း ကောင်း၊ တစ်ဦးမှာ ဝမ်းဗိုက်ပိုင်းတွင် လည်းကောင်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ယခုအခါတွင် စေတနာလုပ်အားရှင် နှစ်ဦးလုံးသည် ကွမ်းလုံမြို့နယ် ပြည်သူ့ ဆေးရုံတွင် ဆေးကုသမှု ခံယူနေလျက် ရှိပြီး ၎င်းတို့အနက် ဦးခေါင်းဒဏ်ရာ ရရှိသူတစ်ဦးမှာ ခွဲစိတ်ကုသမှု ခံယူခဲ့ရကြောင်းနှင့် ၎င်းတို့၏ ကျန်းမာရေး အခြေအနေမှာ စိုးရိမ်စရာမရှိကြောင်း သိရသည်။ ဟိုပန်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ တာဝန်ရှိသူများနှင့် စေတနာလုပ်အားရှင်များသည် ဖြစ် စဉ်နှင့်ပတ်သက်သော သတင်းအချက် အလက်များ ပိုမိုရရှိရန်နှင့် ဒဏ်ရာ ရရှိသူများကို ကူညီရန် ဖေဖော်ဝါရီ ၁၈ ရက်တွင် ကွမ်းလုံမြို့နယ်သို့ သွားရောက် မည်ဖြစ်သည်။
မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာသာ လှရွှေက ယခုလိုတိုက်ခိုက်ခံရခြင်းနှင့် ပတ်သက်၍''တိုက်ပွဲကြောင့် နေရပ် ပြန်သူများကို လူသားချင်းစာနာ ထောက်ထားတဲ့ အကူအညီတွေပေး နေစဉ်မှာ အခုလို ဒဏ်ရာရရှိကြောင်း သိရတဲ့အတွက် အလွန်ပဲ ဝမ်းနည်းရပါတယ်။ ဒီလို အခက်အခဲ တွေကြားထဲက ကူညီပေးနေတဲ့သူတို့ကို လေးစားရမှာဖြစ်ပြီး ပစ်မှတ်အဖြစ်မတိုက် ခိုက်သင့်ပါဘူး''ဟု ပြောကြားခဲ့သည်။
အခင်းဖြစ်ပွားစဉ်တွင် စေတနာ လုပ်အားရှင်များသည် ကြက်ခြေနီ အမှတ်အသားကို ထင်ရှားစွာ ဝတ် ဆင်ထားကြသည်။ ယခုတိုက်ခိုက်ခံရ မှုနှင့်ပတ်သက်၍ မည်သူ့တွင်တာဝန်ရှိကြောင်း မသိရှိရသေးသော်လည်း အခင်းဖြစ်ပွားခဲ့ရာနေရာသည် မြန်မာ့တပ်မတော်စစ်ကြောင်းအနီးအနား တွင်မဟုတ်ကြောင်း သိရသည်။ ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းတွင် ဖေဖော်ဝါရီလဆန်းမှ စတင်ဖြစ်ပွားခဲ့သည့် ပြင်းထန်သော တိုက်ပွဲများ ကြောင့် နေရပ်ရွှေ့ပြောင်းကြသူ သုံးထောင်ကျော်ကို ဒေသခံ ကြက်ခြေနီများက အကူအညီပေး လျက်ရှိသည်။ နေရပ်ပြန်မိသားစု အများစုသည် သယ်ယူပို့ဆောင်ရေးယာဉ်များမရှိသောကြောင့် အကူအညီ ရရှိနိုင်မည့် လားရှိုး၊ ပြင်ဦးလွင်နှင့် မန္တလေးမြို့များသို့ ခြေလျင်ရောက်ရှိ လာခဲ့ကြသည်။
ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ပြင်ဦးလွင်မြို့တွင် ထိခိုက်ဒဏ်ရာရသူများအတွက် သွေးလှူ ဒါန်းမှုများ ပြုလုပ်ပေးလျက်ရှိပြီး လိုအပ်ပါက မန္တလေးမှ ကြက်ခြေနီ စေတနာသွေးလှူရှင်များကို စေလွှတ် ပေးမည်ဖြစ်သည်။ ထို့အပြင် အိမ်ထောင်စုသုံးပစ္စည်းများနှင့် မိသားစု အသုံးအဆောင်များကို လိုအပ်နေသည့် မိသားစုများထံ ထောက်ပံ့ပေး လျက်ရှိပြီး ထိခိုက်ဒဏ်ရာရသူများအတွက် ရှေးဦးပြုစုခြင်း ပစ္စည်းများနှင့် စေတနာလုပ်အားရှင်များအတွက် အကာအကွယ်ဖြစ်စေမည့် ကြက်ခြေနီ အလံများနှင့် အမှတ်အသားပါ အပေါ်ယံခါးစည်း (Aprons)များကိုလည်း ပေးပို့သွားမည်ဖြစ်သည်။

No comments:

Post a Comment