Tuesday, January 20, 2015

မြိတ် အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူများအား ဝက်သက်ရောဂါနှင့် ဂျိုက်သိုးကာကွယ်ဆေး ထိုးနှံခြင်း လုပ်ငန်း ဆောင်ရွက်

မြိတ် ဇန်နဝါရီ ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့တွင် ကျောင်းအခြေပြု အသက်(၅)နှစ်မှ အသက်(၁၅)နှစ်ထိ ကျောင်းနေကလေးလူငယ်များအား စာသင်ကျောင်းများ၌ ဝက်သက်ရောဂါနှင့် ဂျိုက်သိုးရောဂါ ကာကွယ်ဆေး အစုလိုက် ထိုးနှံပေးခြင်းလုပ်ငန်းကို ဇန်နဝါရီလ(၁၉)ရက်မှစ၍ စတင်ဆောင်ရွက်လျက်ရှိရာ ကာကွယ်ဆေးထိုးအခမ်းအနားကို ဇန်နဝါရီလ(၁၉)ရက်၊ နံနက်(၇း၃၀)တွင် မြိတ်မြို့၊ ကန်ကြီးရပ်ကွက်၊ အမက(မြစ်ငယ်)ကျောင်း၌ ပြုလုပ်ရာ ရှေးဦးစွာ မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး မြိတ်မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးအရာရှိ ဒေါက်တာယုယုဝေက ကာကွယ်ဆေးထိုးမည့်အစီအစဉ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြား သည်။



 ထိုနောက် အခန်းအနားသို့တက်ရောက်လာကြသူများက အထက(၁)ကျောင်းမှ ကျောင်းသားကျောင်းသူ (၂၅၂၄)ဦးအား ဝက်သက်ရောဂါနှင့် ဂျိုက်သိုးရောဂါကာကွယ်ဆေး အစုလိုက်ထိုးနှံပေးနေမှုကို သွားရောက်ကြည့်ရှု အားပေးကြပြီး ကျောင်းသားကျောင်းသူများ ဆေးမထိုးမီကျန်းမာရေးအခြေအနေကို စစ်ဆေးခြင်း ဆေးထိုးပြီးမူးဝေခြင်း၊ ဆေးမတည့်ခြင်းများဖြစ်ပေါ်မှု ရှိမရှိကို မီနစ်(၃၀)ကြာထိ ကျန်းမာရေးဝန်ထမ်းများ၊ ဆရာဆရာမများ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအဖွဲ့အစည်းများမှ ဂရုတစိုက်စောင့်ကြည့် စစ်ဆေးပေးကြသည်။

အဆိုပါကာကွယ်ဆေးထိုးခြင်း ပထမအဆင့်အနေဖြင့် မြိတ်မြို့တွင် ပညာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ စာသင်ကျောင်းများ၊ ပုဂ္ဂလိကစာသင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်စာသင်ကျောင်းများ စုစုပေါင်းကျောင်း(၁၅၃)ကျောင်းရှိ ကျောင်းသား ကျောင်းသူ (၅၅၆၃၅)ဦးကို ကာကွယ်ဆေးထိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment