Wednesday, December 24, 2014

ရေဘေးသင့်ပြည်သူများအား မြေနေရာနှင့် နေအိမ်ပေးအပ်သည့် အခမ်းအနားကျင်းပ

ကသာ ဒီဇင်ဘာ - ၂၃ 



စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်၊ ပြည်သာယာကျေးရွာ၊ တံတားဦးအပိုင်း ၌ ရေဘေးသင့် ပြည်သူများအား မြေနေရာနှင့် နေအိမ် (၃)လုံး ပြန်လည်နေရာချထားပေးမှု အခမ်းအနားကို ဒီဇင်ဘာ (၂၃) ရက် နံနက် (၀၉း၀၀)နာရီအချိန်တွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးကျော်ကျော်အုန်းမှ အဖွင့်အမှာစကားပြောရာတွင် “ သဘာဝဘေးသင့် ပြည်သူများအား ဝိုင်းဝန်းကူညီ လှူဒါန်းခဲ့ကြသော ကုမ္ပဏီများနှင့် အခြားအလှူရှင်များအား အထူးပင် ကျေးဇူးတင်ပါ ကြောင်း၊ ဆောက်လုပ်လှူဒါန်းထားသော နေအိမ်(၃)လုံးမှာ နောင် တစ်ချိန်တွင် မြို့ရှောင်လမ်း ဖြစ်လာမည်ဖြစ်ကြောင်း၊ နေအိမ်မြေနေရာများအား ရောင်းချ၍ ပြောင်းရွှေ့နေထိုင်ခြင်း မပြုကြရန်”၊ သဘာဝဘေးသင့် အိမ်ထောင်စုများအား ပြောကြားခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိန်ထွန်းက ပြောကြားရာ ရေဘေးသင့် အိမ်ထောင်စုများ အနေဖြင့် ဆောက်လုပ်ပြီးစီးထားသော နေအိမ်(၃)လုံးအား စည်းကမ်းတကျ နေထိုင်ကြရန်နှင့် သဘာဝဘေးသင့် ပြည်သူများအား ကူညီထောက်ပံ့ခဲ့သော NGO အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များအား အထူးပင်ကျေးဇူးတင်ရှိ ကြောင်းပြောကြားခဲ့သည်။ ထို့နောက် သဘာဝဘေးသင့် အိမ်ထောင်စုများအား နေအိမ်မြေနေရာများကို ခရိုင်သဘာဝဘေး ကာကွယ်စောင့်ရှောက်ရေးကော်မတီ ဥက္ကဌ ဦးကျော်ကျော်အုန်း၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ထွန်းနှင့် မြို့နယ်သဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ကော်မတီဥက္ကဋ္ဌ ဦးဝင်းအောင်တို့မှ အသီးသီးလွှဲပြောင်း ပေးအပ်ခဲ့သည်။ (၁၈-၉-၂၀၁၄) ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သဘာဝဘေးဒဏ် ခံခဲ့ရသော ပြည်သူများအား တစ်လုံးလျှင် ကျပ်သိန်း (၂၀)တန်ဖိုးရှိ နေအိမ် (၃)လုံးပေးအပ်ခဲ့ရာ ရေဘေးသင့် ပြည်သူများက လက်ခံရယူခဲ့သည်။ ဆက်လက်၍ သဘာဝဘေးသင့် ပြည်သူများကိုယ်စား ပြည်သာယာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခင်မောင်တင့်က ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment