Sunday, October 5, 2014

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားတက်ရောက် ဂုဏ်ပြုအမှာစကားပြောကြား




နေပြည်တော်   အောက်တိုဘာ   
မျိုးဆက်သစ်လူငယ်များကို အသိအတတ်ပညာရှင်များ ဖြစ်စေရန် ပြုစုပျိုးထောင်ပေးကြသည့် ဆရာ၊ ဆရာမများ၏ ကြိုးပမ်းဆောင်ရွက်မှုကိုလည်းကောင်း၊ လူ့အဖွဲ့အစည်းတွင် ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍ သည် မရှိမဖြစ်အရေးပါမှုကို အသိအမှတ်ပြုသည့် အနေဖြင့်လည်းကောင်း၊ ပညာရေးလုပ်ငန်းများကို အဓိက အကောင်အထည်ဖော်ဆောင်ပေးနေသည့် ဆရာ၊ ဆရာမများ၏ ကြီးမားသည့် တာဝန်နှင့် မွန်မြတ်သည့် ဂုဏ်အင်တို့ကိုလည်းကောင်း အလေးထား ဂုဏ်ဖော်သည့် အနေဖြင့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ
မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (MICC-II)   ကျင်းပရာ ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်း တက်ရောက်ပြီး ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်များနှင့် လူမှုရေးထူးချွန်ဆုရ ဆရာများအား ဂုဏ်ပြုဆုများ ပေးအပ် ချီးမြှင့်သည်။
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း၊ ဦးကျော်ဆန်း၊ ဒေါက်တာဒေါ်ခင်စန်းရီ၊ ဒေါက်တာသန်းအောင်၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ UNESCO မှ တာဝန်ရှိသူများ၊ ဂုဏ်ထူးဆောင် ပုဂ္ဂိုလ်ကြီးများ၊ ဆုရရှိသော ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ဂုဏ်ပြုအမှာစကားပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးသည် ပညာရေးကဏ္ဍအဆင့် ဖွံ့ဖြိုးတိုးတက်မှုအပေါ် တည်မှီနေ  ပါကြောင်း၊ ပညာရေးအဆင့် မြင့်မားနေသည့် နိုင်ငံသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးကို ကောင်းစွာအထောက် အကူပြုနိုင်ပြီး ပညာရေးနိမ့်ကျသည့်နိုင်ငံသည် ဖွံ့ဖြိုးမှုနောက်ကျကျန်ရစ်နေမည်ဖြစ်ပါကြောင်း။
ပညာရေးအဆင့်မြင့်မားလာစေရန် ယနေ့လူငယ်များကို ပျိုးထောင်ပေးကြရသည့် ဆရာ၊ ဆရာမ များသည် နိုင်ငံ၏အနာဂတ်ကို ပဲ့ကိုင်နေကြသူများလည်းဖြစ်ပါကြောင်း၊ ကျောင်းသားကျောင်းသူများ ထူးချွန် ထက်မြက် သည့် နိုင်ငံ့သားကောင်းများဖြစ်လာစေရန် ရှေ့ဆောင်လမ်းပြနေသည့်သူများသည်လည်း       ဆရာ၊ ဆရာမများပင်ဖြစ်ပါကြောင်း၊ သို့သော် ဆရာ၊ ဆရာမများ၏ မလုံလောက်မှုသည် စိန်ခေါ်မှုတစ်ရပ် ဖြစ်နေ ပါကြောင်း။
UNESCO အစီရင်ခံစာအရ တစ်ကမ္ဘာလုံး ဆရာများ၏ လိုအပ်ချက်သည် ( ဒသမ )သန်းခန့် ရှိနေသည်ဟု သိရှိရပါကြောင်း၊ ကမ္ဘာနှင့်တစ်ဝှမ်း သန်းပေါင်း (၂၅၀) ခန့်သော ကလေးများသည် အခြေခံ စာအရေး၊ အဖတ်တတ်သည့် အဆင့်ကိုပင် မရရှိကြသည်ကို သိရှိရပါကြောင်း၊ ထို့ကြောင့် ၂၀၁၅ ခုနှစ် ထောင်စုနှစ် ရည်မှန်း ချက်တွင် မူလတန်းပညာရေးကို ကလေးငယ်တိုင်းသင်ကြားနိုင်ရန် ရည်မှန်းခဲ့ခြင်းဖြစ်ပါကြောင်း။
နိုင်ငံတစ်နိုင်ငံ၏ ပညာရေးအယူအဆ၊ ပညာရေးရည်မှန်းချက်၊ ပညာရေးလုပ်ငန်းစဉ်များသည် ခေတ်စနစ် ပြောင်းလဲမှုနှင့်အတူ လိုက်ပါပြောင်းလဲနေမည်ဖြစ်သော်လည်း မည်သည့်အခြေအနေမျိုးတွင်မဆို ပညာရေး လုပ်ငန်းတစ်ခုလုံး၏ အဓိကသော့ချက်သည် ဆရာ၊ ဆရာမများပင်ဖြစ်ပါကြောင်း။
ဆရာ၊ ဆရာမများသည် စာပေသင်ကြားပေးရသည့် တာဝန်အပြင် ကျောင်းသားများ၏ ရုပ်ပိုင်းဆိုင်ရာ၊ အကျင့်စာရိတ္တပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာများတွင် စံပြဖြစ်စေရန် ပြောဆိုပြုမူ ဝတ်စားနေထိုင်မှုတွင် စံနမူပြု အတုယူလေးစားရမည့် သူများအဖြစ် နေထိုင်နိုင်ကြရမည်ဖြစ်ပါကြောင်း။
ပညာရေးအဆင့်အတန်းတိုးတက်ရန် ကျောင်းသား ကျောင်းသူများ၏ ကြိုးစားအားထုတ်မှုသည် အရေးကြီး သကဲ့သို့ သင်ရိုးညွှန်းတမ်း အဆင့်မီစေရန်နှင့် ဆရာ၊ ဆရာမများ၏ အရည်အသွေးမြင့်မားရန်လည်း လိုအပ်ပါ ကြောင်း၊ ထို့အတူ ဆရာ၊ ဆရာမများအနေဖြင့် သင်ကြားပေးရသည့် ဘာသာရပ်များအပေါ် ကျွမ်းကျင်ပိုင်နိုင်ပြီး စိတ်ရောကိုယ်ပါ အာရုံစူးစိုက်သင်ကြားပေးနိုင်ရန်လည်း လိုအပ်ပါကြောင်း၊ ထိုသို့ အာရုံစိုက် သင်ကြားပေးနိုင်ရန် ဆရာ၊ ဆရာများ၏ လူမှုစီးပွားဘ၀ မျှတနေရန်လည်း လိုအပ်ပါကြောင်း။
နိုင်ငံတော်အနေဖြင့် နိုင်ငံတကာစံချိန်မီ ပညာတတ်လူငယ်များ မွေးထုတ်ပေးရန်၊ လက်တွေ့ကျသည့် ပညာရေးအခွင့်အလမ်းများ ရရှိစေရန်နှင့် နိုင်ငံတကာ တက္ကသိုလ် များတွင် သွားရောက်လေ့လာသင်ကြားခွင့် ရရှိနိုင်စေရန် ရည်ရွယ်ပြီး ဘွဲ့ကြိုတန်းနှင့် ဘွဲ့လွန်တန်းများအတွက် နိုင်ငံတော်သမ္မတ၏ ပညာတော်သင်ဆုများ ချီးမြှင့်ပေးအပ်ရန် ဆောင်ရွက်လျက်ရှိသည်ကို သတင်းကောင်းပါးလိုပါကြောင်း၊ အမှန်တကယ် ထူးချွန်သူများ လျှောက်ထားနိုင်ကြမည်ဖြစ်ပါကြောင်း။
ပညာရေးဝန်ကြီးဌာနနှင့် British Council  တို့က စတာလင်ပေါင် ( ဒသမ )သန်းတန်ဖိုးရှိ ပူးပေါင်း ဆောင်ရွက်မှုအစီအစဉ်အရ ပညာရေးတက္ကသိုလ်နှင့် ပညာရေးကောလိပ် (၂၁)ကျောင်းတို့တွင် ဗြိတိသျှ နိုင်ငံသား၊ အင်္ဂလိပ်ဘာသာကျွမ်းကျင်သူပညာရှင် အယောက်(၅၀)ကို ၂၀၁၄ခုနှစ် စက်တင်ဘာလမှစတင်ပြီး ၂၀၁၆ မတ်လအထိ အင်္ဂလိပ်ဘာသာရပ်တိုးတက်စေရန် သွားရောက်ပို့ချစေလျက်ရှိပါကြောင်း။
ဆရာ၊ ဆရာမများအနေဖြင့် သင်ကြားပို့ချရသူဖြစ်သကဲ့သို့ အချိန်နှင့်အမျှ တိုးတက်ပြောင်းလဲနေသည့် ယနေ့ခေတ်ကာလတွင် ဘာသာရပ်နှင့် နည်းပညာများကို မျက်ခြည်မပြတ်ကြစေဘဲ ဘ၀တစ်သက်တာ သင်ယူစရာအဖြစ် အစဉ်မပြတ် လေ့လာသင်ယူနေကြသူများလည်းဖြစ်ကြရန်လိုအပ်ပါကြောင်း၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကိုဦးတည်ပြီး ပညာရေးနှင့် စီးပွားရေးယှဉ်တွဲ အာရုံစိုက်သင်ကြားပေးရန် လိုအပ်လာပါကြောင်း။
နိုင်ငံ၏ သဘာဝအရင်းအမြစ်များကို အခြေခံသည့် စီးပွားရေးစနစ်အစား အသိပညာနှင့် အတတ်ပညာ ကျွမ်းကျင်မှုကို အခြေခံသည့် စီးပွားရေးစနစ်ကို ပြောင်းလဲလုပ်ကိုင်နိုင်စေရန် သင်ကြားပေးရမည်ဖြစ်ပါကြောင်း၊ သို့မှသာ ရေရှည်တည်တံ့ပြီး ကမ္ဘာကိုဝင်ဆံ့နိုင်မည်ဖြစ်ပါကြောင်း၊ ၂၀၁၅ခုနှစ် အာဆီယံစီးပွားရေး အသိုက် အဝန်းကို ထူထောင်သည့်အခါ မိမိတို့နိုင်ငံသားများသည် အခြားသောအာဆီယံနိုင်ငံများနှင့် တန်းတူ ယှဉ်ပြိုင် လုပ်ကိုင်နိုင်စွမ်းရှိရန်၊ ကျွမ်းကျင်သည့် ပညာရှင်များ မွေးထုတ်ပေးရန် လိုအပ်လာသကဲ့သို့ နိုင်ငံ၏ ကြီးထွားလာမည့် ပုဂ္ဂလိကကဏ္ဍ လုပ်ငန်းများနှင့် အံဝင်ခွင်ကျဖြစ်သည့် ပညာရှင်များ၊ မွေးထုတ် ပေးရန်လည်း လိုအပ်လာပြီဖြစ်ပါကြောင်း။
 မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် ရောက်ရှိနေကြသည့် မိမိတို့တာဝန်ကျရာ ရပ်ရွာဒေသအလိုက်၊ ပညာရေး ဝန်ဆောင်မှုလုပ်ငန်းများကို အခက်အခဲအမျိုးမျိုးရှိသည့်ကြားက မေတ္တာ၊ စေတနာနှင့် ကြိုးပမ်း ဆောင်ရွက် နေသည့် ဆရာ၊ ဆရာမများ အားလုံးကိုလည်း နိုင်ငံတော်၏ကိုယ်စား ကျေးဇူးတင်ဂုဏ်ပြုအပ်ပါ ကြောင်းဖြင့်  ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံ ယူနက်စကို အမျိုးသားကော်မရှင် အထွေထွေ အတွင်းရေးမှူးက ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့()ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များက ပေးပို့သော စုပေါင်းသဝဏ်လွှာကို ဖတ်ကြားပြီး အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဆရာကြီးဦးသန်းဦးက ဂုဏ်ပြုစကားပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း၊ ဦးကျော်ဆန်း၊ ဒေါက်တာဒေါ်ခင်စန်းရီ၊ ဒေါက်တာ သန်းအောင်နှင့် ဒုတိယဝန်ကြီး ဒေါက်တာဇော်မင်းအောင်တို့က ၂၀၁၄ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ဆောင်းပါး ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများတွင် ဆုရရှိကြသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ များအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။                                     
ဆက်လက်၍ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် ၂၀၁၄ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်များဖြစ်ကြသည့် ဒေါက်တာခင်ဇော်၊ ဒေါက်တာဒေါ်သန်းနွဲ့၊ ဦးဝင်းမောင်၊ ဦးတင်ညို၊ ဦးဗန်ကြီး၊ ဒေါ်ခင်ခင်နှင့် ဦးဟရန်းလွှင်တို့အားလည်းကောင်း၊ လူမှုထူးချွန်ဆုရရှိကြသည့် ဦးရွှေဘ၊ ဦးလှနူးနှင့် ဦးသန်းလှိုင်တို့ကို လည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပြီး အခမ်းအနားသို့ တက်ရောက် လာသည့် ဧည့်သည်တော်များနှင့်အတူ စုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။
အခမ်းအနားအပြီးတွင် ဒုတိယသမ္မတနှင့် ဧည့်သည်တော်များသည်  ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ပြခန်းအား လှည့်လှည်ကြည့်ရှုခဲ့ကြသည်။

No comments:

Post a Comment