နေပြည်တော် စက်တင်ဘာ ၁၂
နိုင်ငံခြားရေးဝန်ကြီးဌာန
အမှုထမ်းများ စွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းအမှတ်စဉ် (၃/၂၀၁၄) ဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းတွင်
နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် ကျင်းပရာ ဒုတိယဝန်ကြီး ဦးသန့်ကျော်နှင့်
ဦးတင်ဦးလွင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။
သင်တန်းဖွင့်ပွဲတွင် ဒုတိယဝန်ကြီး
ဦးသန့်ကျော်က နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် လက်ရှိ၌ ဝန်ထမ်းပေါင်း (၉၀၀) ကျော်ရှိပြီး၊
ဝန်ထမ်းပေါင်း (၂၅၀၀) ကျော်ထိ တိုးချဲ့ဖွဲ့စည်းနိုင်အောင် လုပ်ဆောင်ထားရှိကြောင်း၊
မြန်မာနိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ (၁၉၃) နိုင်ငံရှိသည့်အနက် နိုင်ငံပေါင်း (၁၁၅)
နိုင်ငံနှင့်သံတမန် ဆက်သွယ်ထားပြီးဖြစ်ကြောင်း၊ သံတမန်ဆက်သွယ်ရေး တိုးချဲ့ဆောင်ရွက်သွားရန်
နိုင်ငံများလည်း ကျန်ရှိ နေသေးကြောင်း၊ ထို့အတူမြန်မာနိုင်ငံအနေဖြင့် နိုင်ငံပေါင်း
(၃၃) နိုင်ငံတွင် မြန်မာသံရုံး၊ မြန်မာအဖွဲ့ရုံး၊ မြန်မာကောင်စစ်ဝန် ချုပ်ရုံး (၄၀)
ကို ဖွင့်လှစ်ထားရှိကြောင်း၊ သံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများ တိုးချဲ့
ဖွင့်လှစ်ရန် အစီအစဉ်များ လည်းရှိကြောင်း၊ မြန်မာနိုင်ငံ၌လည်း နိုင်ငံတကာမှ သံရုံးများဖွင့်လှစ်ထားရှိ
ကြောင်း၊ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲနေသော အခြေအနေများကြောင့် မြန်မာနိုင်ငံတွင်
သံရုံး လာရောက်ဖွင့်လှစ်သည့် နိုင်ငံအရေအတွက်သည် တစ်နေ့တစ်ခြား တိုးမြင့်လာလျက်ရှိကြောင်း၊
မကြာခင်မှာ မြန်မာနိုင်ငံတွင် နိုင်ငံခြားသံရုံးပေါင်း (၅၀) ခန့်ရှိလာ တော့မည်ဖြစ်ကြောင်း၊
ထို့အပြင် မြန်မာ နိုင်ငံကို ပြည်ပမှ အိမ်နီးချင်းနိုင်ငံများမှ ပူးတွဲတာဝန်ယူသော သံအမတ်ကြီးပေါင်း၊ နိုင်ငံပေါင်းသည်လည်း
(၃၉) နိုင်ငံရှိကြောင်း၊ ယင်းကိုကြည့်ပါက နိုင်ငံခြားရေးဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်သည်
ပိုမိုများပြား လာပြီး နက်ရှိုင်းလာသည်ကို တွေ့ရမှာဖြစ်ကြောင်း။
ပြည်ပ၌ရှိသော မြန်မာနိုင်ငံသားများ
အကျိုးဆုံးရှုံးမှုများရှိလျှင် ပြန်လည်ရရှိလာစေရန်၊ ရသင့်ရထိုက် သည့် အခွင့်အရေးများရရှိစေရန်
ကာကွယ်စောင့်ရှောက်ပေးရန်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ
လုပ်နည်းကိုင်နည်းများ၊ မြန်မာသံရုံးများက မိခင်ဝန်ကြီးဌာနနှင့် မည်သို့ဆက်သွယ် သည့်
မည်သို့တင်ပြရမည်စသည်များ၊ သံရုံးဘဏ္ဍာရေးကိုင်တွယ်ဆောင်ရွက်နိုင်မှု၊ ရှင်းလင်းနိုင်မှု
စသည် များကို အချိန်တိုအတွင်း စုစည်းလေ့လာခွင့်ရရှိစေရန် ဤ သင်တန်းကာလ (၂) ရက်အတွင်း ဆောင်ရွက် ပေးမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယခုဖွင့်လှစ်သော သင်တန်းသို့
ဝန်ကြီးဌာနမှ အမှုထမ်း ဦး (၄၀) တက်ရောက်ခဲ့ကြပြီး ယနေ့အထိ ဖွင့်လှစ် ပို့ချပြီးသည့်
အရာထမ်းများအတွက် စွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း အပတ်စဉ် (၂) ခုနှင့် အမှုထမ်း များအတွက်
စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း (၃) ခုတို့သို့ တက်ရောက်ပြီးစီး သည့် အရာထမ်းဦးရေ
(၇၃) နှင့် အမှုထမ်းဦးရေ (၁၄၄) တို့ ရှိမည်ဖြစ်ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment