Thursday, September 11, 2014

ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်နှင့် ဦးခင်မောင်စိုး ကိုနိုဒိန်ခဲ ထုတ်လုပ်သည့် လုပ်ငန်းကို ကြည့်ရှုလေ့လာ



ရန်ကုန်-စက်တင်ဘာ ၁၁
နိုင်ငံတော်သမ္မတ၏ ဥရောပသုံးနိုင်ငံ ခရီးစဉ်တွင် အဖွဲ့ဝင်အဖြစ် လိုက်ပါသွားသော မွေးမြူရေး၊ ရေလုပ် ငန်းနှင့် ကျေးလက်ဒေ သဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်နှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာ န ပြည်ထောင် စုဝန်ကြီး ဦးခင်မောင်စိုးတို့သည် စက်တင်ဘာ (၈)ရက် နံနက် ၉ နာရီခွဲတွင် နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့မှ ကီလိုမီတာ ၁၀၀ ခန့်
ကွာဝေးသော ဒီရစ်ပ်မြို့ရှိ ကိုနိုဒိန်ခဲ ထုတ်လုပ်သည့်လုပ်ငန်းသို့ ရောက်ရှိကြရာ နယ်သာလန်စီးပွားရေးဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူး၊ နယ်သာလန် နို့လုပ်ငန်းရှင်များ အဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်၊ ပုဂ္ဂလိက မွေးမြူရေးလုပ်ငန်း ဖရီးစီးယန်မှ အထွေထွေ မန်နေဂျာ၊ တော့ပ်စက်တာ စိုက်ပျိုးရေးနှင့် အစားအစာလုပ်ငန်းမှ မဟာဗျူဟာစီမံရေးမန်နေဂျာ၊ ဝါဂန်နီဂင် စိုက်ပျိုးရေးနှင့် မွေးမြူရေး တက္ကသိုလ်မှ အကြီးတန်းအကြံပေးတို့က ကြိုဆိုနှုတ်ဆက်ကြပြီး ကိုနိုစက်ရုံမှ လုပ်ငန်း ပိုင်းဆိုင်ရာ ညွှန်ကြားရေးမှူးက ကိုနိုစက်ရုံ၏ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြသည်။
ကိုနိုစက်ရုံသည် လယ်ယာလုပ်ငန်းရှင်ပေါင်း (၄၇၅)ဦး စုပေါင်းထူထောင်ထားသော ဖက်စပ်လုပ်ငန်းဖြစ်ပြီး ၁၉၀၁ ခုနှစ်တွင် လုပ်ငန်းစတင်ထူထောင်ခဲ့ကြောင်း၊ သားစဉ်မြေးဆက်လုပ်ငန်းအဖြစ် လုပ်ကိုင်ကြကြောင်း၊ အမြင့်ဆုံး အုပ်ချုပ်မှုဘုတ်အဖွဲ့တွင် လယ်သမားများပါဝင်ပြီး တစ်နှစ်လျှင် (၂)ကြိမ်တွေ့ဆုံကာ စုပေါင်း လုပ်ကိုင် ဆုံးဖြတ်ကြကြောင်း၊ မျိုး၊ အစာနှင့် မွေးမြူပုံစနစ် စံနှုန်းသတ်မှတ်ချက်များရှိပြီးဖြစ်၍ ပူးပေါင်းဆောင်ရွက်မှု လွယ်ကူကြောင်း၊ ၁၉၂၈တွင် စက်ရုံ စတင်တည်ဆောက်ပြီး ယခုစက်ရုံသစ်ကို ၂၀၁၃ခုနှစ်တွင် တည်ဆောက် ခဲ့ကြောင်း၊ လွန်ခဲ့သော(၂)ပတ်က စက်ရုံသစ်ကို ဖွင့်လှစ်ခဲ့ပြီး လုပ်ငန်းများကို နိုဝင်ဘာလတွင် စတင်ဆောင်ရွက် မည်ဖြစ်ကြောင်း၊ ဘင်းမ်စတားအမည်ရှိ ဒိန်ခဲကို အဓိက ထုတ်လုပ်ပြီး နို့အပြင် ကလေးနို့မှုန့်၊ ရေခဲမုန့်အတွက် ကုန်ကြမ်းတို့ထွက်ရှိကြောင်း၊ ၂၀၀၁ ခုနှစ်မှ စတင်၍ ဒတ်ခ်ျနန်းတွင်းသို့ တင်သွင်းခွင့်ရခဲ့ကြောင်း၊ ပင်လယ် ရေမျက်နှာပြင်အောက် လေးမီတာအနက်တွင်ရှိသော ၎င်းတို့ဒေသမှ ထွက်သည့် နွားနို့နှင့် ဒိန်ခဲသည် ထူးခြား သော အရသာနှင့် နူးညံ့မှုရှိပြီး  ဘင်းမ်စတားတံဆိပ်ဖြင့် ဒိန်ခဲ(၇)မျိုး ထုတ်လုပ်ကြောင်း၊ ဒိန်ခဲသက်တမ်း(၁)လမှ (၂၆)လအထိ သက်တမ်းရှိ ဒိန်ခဲများဖြစ်ကြောင်း၊ လွန်ခဲ့သောအနှစ် (၄၀)ခန့်ကပင် သုံးစွဲခဲ့သည့် အစဉ်အလာ နည်းစနစ်ကို သုံးစွဲကြောင်း၊ ယူနက်စကို နိုင်ငံတကာ အမွေအနှစ် စာရင်းဝင်လုပ်ငန်း ဖြစ်ကြောင်း သိရှိရသည်။
ဒတ်ခ်ျနို့လုပ်ငန်းရှင်များအဖွဲ့ကလည်း လတ်တလောနှစ်များအတွင်း နယ်သာလန်တွင် နို့ထွက်လုပ်ငန်း လုပ်ကိုင်သော ဧရိယာကျဆင်းလာသော်လည်း ထုတ်လုပ်မှုလျော့မသွားဘဲ အထွက်နှုန်းမြင့်ကြောင်း၊ နွားတစ်ကောင်လျှင် တစ်နှစ် ကီလိုဂရမ် ကိုးထောင်ခန့်ထွက်ကြောင်း၊ နွားများကို လွတ်လပ်စွာထား၍ မွေးမြူခြင်း၊ အစားအစာ ကောင်းကောင်းကျွေးခြင်းသည် အထွက်နှုန်းတိုးရခြင်း အကြောင်းရင်းဖြစ်ကြောင်း၊ ကျန်းမာ ကောင်းမွန်စွာထားခြင်းဖြင့် အထွက်တိုးစေပြီး ဆေးကုသစရိတ်လည်း နည်းပါးကြောင်း၊ အသက်ရှည်ပြီး နှစ်များစွာ အလုပ်လုပ်ပေးနိုင်သဖြင့် စီးပွားရေးအရ တွက်ချေကိုက်ကြောင်း၊ နယ်သာလန်တွင် ၉၀ ရာခိုင်နှုန်းသည် ကွင်းပြင်တွင် လွတ်လပ်စွာ  လွှတ်ကျောင်းမွေးမြူပြီး လှောင်ပိတ်မွေးမြူခြင်းကို အားမပေးကြောင်း၊ နယ်သာလန်၏ ကုန်သွယ်မှုပိုငွေပြရခြင်းတွင် နို့ထွက်ပစ္စည်းများ၏ ပါဝင်မှုသည် ၁၀ ရာခိုင်နှုန်းနီးပါးရှိကြောင်း၊ ဝင်ငွေ ၁၂ ဘီလီယံယူရိုရှိပြီး ၆ ဒသမ ၇ ဘီလီယံယူရိုဖိုး တင်ပို့ခဲ့ကြောင်း၊ အလုပ်အကိုင် လေးသောင်းခွဲခန့် ဖန်တီးပေးခဲ့ကြောင်း၊ နိုင်ငံပေါင်း (၁၆၀)သို့ တင်ပို့ကြောင်း၊ အစိုးရ-ပုဂ္ဂလိက-သုတေသန တက္ကသိုလ် ရွှေတြိဂံ ပူးပေါင်းဆောင်ရွက်မှုဖြင့် အရည်အသွေး ထိန်းသိမ်းထားကြောင်း၊ ရေရှည်အလား အလာအနေဖြင့် လူဦးရေ တိုးပွားလာခြင်း၊ နို့စားသုံးမှုတိုးမြှင့် လာခြင်းတို့ကြောင့် ဈေးကွက် အလားအလာ ကောင်းမွန်ကြောင်း၊ ထုတ်လုပ်မှု တိုးမြှင့်ရန် ဆောင်ရွက်နေပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရန်၊ ရာသီဥတုပြောင်းလဲမှုနှင့် စွမ်းအင်ကိစ္စ သုတေသနပြုရန်၊ မြက်ခင်းများ ထူထောင် ထိန်းသိမ်းရန်၊ တိရစ္ဆာန်ကျန်းမာရေးနှင့် နေထိုင်မှုကောင်းမွန် ပျော်ရွှင်စေရန်တို့ ဂရုစိုက်ဆောင်ရွက်ကြောင်း၊ ၎င်းတို့ ထွက်ကုန်များသည် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေး လိုအပ်ချက်များနှင့် အကိုက်ညီဆုံးဖြစ်ပြီး အရည် အသွေးထိန်းသိမ်းရန် နို့သယ်ပို့ သည့်အကြိမ်တိုင်းအတွက် နမူနာယူကာ စစ်ဆေးမှုပြုလုပ်ကြောင်း၊ တိရိစ္ဆာန်အစာကိုလည်း အထူးဂရုစိုက်ကြောင်း၊ ပြင်ပမှ မယူကြောင်း၊ သုတေသနအတွက် နှစ်စဉ် ယူရို တစ်သန်းခန့် အသုံးပြု ကြောင်း၊ နွားများကျန်းမာရေး အမြဲ စစ်ဆေးပြီး သွေးဖြူဥ၊ သွေးနီ ဥစစ်ဆေးခြင်းလည်း ပြုလုပ်ကြောင်းဖြင့် ရှင်းလင်းတင်ပြသည်။
ဆွေးနွေးချက်များအရ ရန်ကုန်ရှိ နယ်သာလန်နိုင်ငံသံရုံးတွင် စိုက်ပျိုးရေးဆိုင်ရာသံမှူးကို ယခုလမှစတင်၍ (၆)လခန့် ထားရှိမည်ဖြစ်ပြီး တစ်ကမ္ဘာလုံးတွင် အလားတူ သံမှူးမျိုး (၃၀)ကျော် စေလွှတ်ထားကြောင်း၊ မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် စေလွှတ်ခြင်းဖြစ်၍ စိုက်ပျိုးရေး၊ မွေးမြူရေး ဆက်စပ် ဆောင်ရွက် မည် ဖြစ်ကြောင်း၊ အောက်တို ဘာလကုန်ပိုင်းတွင် သုတေသနတက္ကသိုလ်မှ ကိုယ်စားလှယ် အဖွဲ့ သီတင်း (၂)ပတ် လာရောက်ကာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မန္တလေး၊ မေမြို့တို့သို့ သွားရောက် မည်ဖြစ်ကြောင်း၊ အဖွဲ့ အနေဖြင့် ကနဦးလေ့လာကာ သုံးသပ်အကြံပြုချက်၊ လုပ်ငန်းဖြစ်နိုင်ချေ အခွင့်အလမ်း တို့ကို တင်ပြမည် ဖြစ်ကြောင်း၊ လာမည့်ရက်ပိုင်းအတွင်း ထိုသုတေသနခရီး လာရောက်မှုအတွက် တာဝန်ယူမှု ပိုင်းခြား သတ်မှတ်ချက်မူကြမ်းကို လာမည့်ရက်များအ တွင်း မွေးမြူရေး၊ ရေလုပ် ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးမှု ဝန်ကြီးဌာနသို့ ပေးပို့မည်ဖြစ်ကြောင်း၊ လာမည့် ၂၀၁၅ နှစ်ဆန်းတွင် ရင်းနှီး မြှုပ်နှံမှုဆွေးနွေး ပွဲအကြို သုတေသနပြု လုပ်ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်မှ ပညာသင်များ စေလွှတ်မှုကို လက်ခံနိုင်ကြောင်း၊ ရေဆင်းတက္ကသိုလ်နှင့် ပူးပေါင်းဆောင်ရွက်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ပူးပေါင်းဆောင်ရွက်ရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် လာရောက်သင်တန်းပို့ချ ပေးနိုင်ကြောင်း၊ သင်တန်းတစ်ကြိမ်လျှင် သင်တန်းသား (၂၀)ခန့်ဖြင့် ပို့ချနိုင်ပြီး စံပြခြံထူထောင်ရေးလည်း လုပ်ပေးနိုင်ကြောင်း၊ ဗီယက်နမ်တွင် ခြံ(၁၅၀)ခန့် ထူထောင်ပေးခဲ့သည့် အတွေ့အကြုံရှိကြောင်း၊ စံပြခြံ ထူထောင်ရာတွင် မိသားစု တစ်ပိုင်တစ်နိုင်နှင့် စီးပွားဖြစ်ခြံလုပ်ငန်းဟု ခွဲခြားနိုင်ကြောင်း၊ တစ်ပိုင်တစ်နိုင် ဆိုစေကာမူ တစ်ကောင်နှစ်ကောင် မွေးမြူရုံဖြင့် ရေရှည်ထိန်း သိမ်းနိုင်သည့် စီးပွားရေး ဖြစ်မလာနိုင်ကြောင်း၊ အနည်းဆုံး (၇)ကောင်မှ (၁၀)ကောင် မွေးမြူရမည်ဖြစ်ကြောင်း၊ စီးပွားဖြစ်မွေးမြူသည့်ခြံသည် အကောင်(၁၀၀)ခန့် မွေးမြူရကြောင်း၊ ထို့ပြင် ထိုလုပ်ငန်းကို စိတ်ဝင်စား၍ လုပ်ကိုင်လိုသူများလည်း ရှိနေရမည်ဖြစ်ကြောင်း၊ လိုက်လုပ်မည့်သူမရှိပဲ စံပြခြံ ထူထောင်ခြင်းသည် အကျိုးမရှိကြောင်း၊ မိသားစု အစဉ်အဆက် လုပ်ကိုင်ခဲ့သူ၊ ယခုမွေးမြူရေးဖြင့် အသက်မွေးနေသည့်မိသားစုများကို ဦးတည်ချက်ထား သင့်ကြောင်း၊ ၎င်းတို့ကသာ ထိုလုပ်ငန်းကို ရေရှည်လုပ်သွားမည့်သူများဖြစ်ကြောင်း၊ တာဝန်အရ မွေးမြူခြင်း များသည် ရေရှည်အကျိုး မဖြစ်ကြောင်း၊ ထို့ပြင် မျိုးကောင်းမျိုးသန့်များ၊ ဇီးရှိသော နွားမျိုးကောင်းများကို မြန်မာနိုင်ငံအရောက် ပို့ပေး၍ ရောက်ရှိပြီး လေးငါးလ အတွင်း မွေး ဖွားအောင် ဆောင်ရွက်ပေးနိုင်ကြောင်း၊ ဆိတ်မျိုးကောင်းလည်းရှိကြောင်း၊ သို့သော်လည်း မျိုးကောင်းရရှိရုံဖြင့် မပြီးဘဲ ထိုမျိုးအတွက် ကျွေးရန်အစာ၊ ထိန်းသိမ်းမှု၊ ကျန်းမာရေးဆေးစစ်မှု၊ ထွက်လာသောနို့ကို အချိန်မှန် ဓာတ်ခွဲ စိစစ်မှုတို့ တစ်ချိန်တည်းတွင် ဆောင်ရွက်နိုင်သည့် အခြေအနေရှိရန် လိုကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို တွဲလျက်ဆောင်ရွက်သင့်ပြီး သို့မှသာ စိုက်ပျိုးရေးထွက်ကုန် သို့မဟုတ် မွေးမြူရေးထွက်ကုန်တို့၏ ဈေးနှုန်းမတည်ငြိမ်မှု၊ ပျက်စီးမှုများကို ကာမိပြီး အပြန်အလှန် ထိန်းသိမ်းကာ ပုံမှန်ဝင်ငွေ ရရှိနေစေကြောင်း အကြံပြုဆွေးနွေးခဲ့သည်။
စက်တင်ဘာ(၉)ရက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်သည်  အယ်လ်အီးအိုင် သုတေသန ဌာနသို့ သွားရောက်ကာ မြန်မာနိုင်ငံတွင် လာရောက်လုပ်ငန်းလုပ်ကိုင်ရန် စိတ်ဝင်စားသူတို့၏ ၎င်းတို့လုပ်ငန်းနှင့် ပတ်သက်၍ တင်ပြချက်များကို နားထောင်ကာ ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များကို ဆွေးနွေးပြောကြားခဲ့သည်။
တက်ရောက်လာသူများတွင် တိရစ္ဆာန် အစားအစာလုပ်ငန်း၊ ငါးမွေးမြူရေးနှင့် ငါးဖမ်းလုပ်ငန်း၊ ငါးလုပ်ငန်း၊ ဈေးကွက်ရှာဖွေရေး လုပ်ငန်း၊ သုတေသနလုပ်ငန်း ဆောင်ရွက်နေသူများပါဝင်ပြီး အဓိကအားဖြင့် နယ်သာလန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဖွံ့ဖြိုးဆဲနိုင်ငံများမှ ပို့ကုန်များ တိုးမြှင့်ရေးအတွက် အဖွဲ့အစည်း၏ အောက်တိုဘာလ မြန်မာနိုင်ငံခရီးစဉ်တွင် လိုက်ပါလာမည့် သူများက စိတ်ပါဝင်စားစွာ မေးမြန်းခဲ့ကြသည်။
ဒီအားစ် လုပ်ငန်းသည် မြန်မာနိုင်ငံတွင် တိရစ္ဆာန် အစားအစာထုတ်လုပ်သည့် စက်ရုံ ထူထောင်ရန် စိတ်ဝင်စားပြီး ပရိုင်းစတားသည် လက်ရှိ နိုင်ဂျီးရီးယား၌ လုပ်ငန်းများ လုပ်ကိုင်နေရာမှ မြန်မာနိုင်ငံတွင် သားငါးမွေးမြူထုတ်လုပ် တင်ပို့ရောင်းချရေးကို လာရောက် လုပ်ကိုင်ရန် စိတ်ဝင်စားလျက်ရှိသည်။
နယ်သာလန်သုတေသနဌာနအနေဖြင့် မြန်မာနိုင်ငံ သားငါးလုပ်ငန်းနှင့် ပတ်သက်၍ လာရောက် လေ့လာဆန်းစစ်မှု လုပ်ဆောင် ထားပြီး ကနဦးတွေ့ရှိချက်များအရ များစွာအလားအလာကောင်းကြောင်း သိရသည်။
သုတေသန ဌာနအနေဖြင့် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာတက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်သွားရန်၊ သင်တန်းပို့ချရန် တို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ငါးလုပ်ငန်း လေလံဈေး၊ ပုဂ္ဂလိကဈေးဆိုင်များတည်ရှိရာ ကမ်းခြေ တစ်လျှောက် လှည့်လည် ကြည့်ရှု လေ့လာခဲ့သည်။

No comments:

Post a Comment