ရန်ကုန် စက်တင်ဘာ ၁၄
ထိုင်းနိုင်ငံတွင် အောက်တိုဘာ ၇ ရက်၌ ကျင်းပမည့် Miss Grand International
2014 ၂၀၁၄ ပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မည့် အလှမယ် အမ်ဂျာဆိုင်းသည် အွန်လိုင်းမဲပေးခြင်းတွင် မဲအများဆုံးဖြင့် ဦးဆောင်နေကြောင်း သိရသည်။ ထိုင်းနိုင်ငံက ဒုတိယကြိမ်အဖြစ် အိမ်ရှင်အနေနှင့် လက်ခံကျင်းပမည့် အဆိုပါပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရန်အတွက် Miss Golden Land Myanmar
Organization မှ ရွေးချယ်ပေးခဲ့သော အလှမယ်အား အွန်လိုင်းမှ တစ်ဆင့် မဲပေးခြင်းကို စက်တင်ဘာ ၄ ရက်က စတင်ခဲ့ပြီး ယခုအခါ တရားဝင်မဲပေးစနစ်အတွင်း မြန်မာအလှမယ်သည် မဲအများဆုံးရရှိထားကြောင်း သိရသည်။
မဲများ စတင်ပေးချိန်တွင် ဖိလစ်ပိုင်၊ ထိုင်းနှင့် အင်ဒိုနီးရှားအလှမယ်များက မဲအများဆုံးရရှိထားသော်လည်း ၁၀ ရက်အကြာတွင် မြန်မာအလှမယ်က မဲရရှိမှု ၁၀ ရာခိုင်နှုန်း၊ မက္ကဆီကိုအလှမယ်က မဲရရှိမှု ၉ ဒသမ ၁ ရာခိုင်နှုန်း၊ အင်ဒိုနီးရှားအလှမယ်သည် မဲရရှိမှု ၉ ဒသမ ၀၉ ရာခိုင်နှုန်းများဖြင့် အသီးသီး ဦးဆောင်လျက်ရှိသည်။
ထို့အပြင် အလှမယ် အမ်ဂျာဆိုင်းသည် စက်တင်ဘာ ၈ ရက်က မန္တလေး တိုင်းဒေသကြီး ရေနံ့သာ အနာကြီးရောဂါဝေဒနာရှင်များအား အာဟာရများ ကိုယ်တိုင်ချက်ပြုတ်လှူဒါန်းကျွေးမွေးခြင်းကို အခြားမြန်မာ ကိုယ်စားပြုအလှမယ် များနှင့် သွားရောက်ပြုလုပ်ခဲ့ကြောင်း အမ်ဂျာဆိုင်းက ပြောကြားသည်။
“မြန်မာပရိသတ်တွေရဲ့ အသိအမှတ်ပြုတာကိုရရှိလို့ ဝမ်းသာပါတယ်။ ဆုရရှိမှုဆိုတာထက် ပရိသတ်က ချစ်ခင်ယုံကြည်မှုကို ပိုပြီးကျေနပ်မိပါတယ်။ ကျွန်မ အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်ဖို့ ပြင်ဆင်နေပါတယ်။ ကျွန်မကိုနားလည်ပြီး အားပေးကြပါလို့ ပရိသတ်ကြီးကိုပြောချင်ပါ တယ်” ဟု Miss Grand Myanmar ၂၀၁၄ ဆုရှင် အမ်ဂျာဆိုင်းက ပြောသည်။ အဆိုပါပြိုင်ပွဲမှာ နိုင်ငံကိုယ်စား ပြုအလှမယ်ပေါင်း ၉၈ ဦးခန့် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံတကာအဆင့်မီ ပြိုင်ပွဲကြီးတစ်ခုဖြစ်ပြီးစက်တင်ဘာ ၁၇ ရက်တွင် လေ့ကျင့်မှုများ သွားရောက်ပြုလုပ်ရမည်ဖြစ်သည်။ ယမန်နှစ် ပြိုင်ပွဲသို့ မြန်မာ ကိုယ်စားပြုအလှမယ် ထားထက်ထက် က သွားရောက်ယှဉ်ပြိုင်ခဲ့ဖူးပြီး ပရိသတ်အများဆုံးမဲပေးသည့် ဆုကိုရရှိထားခဲ့သည်။

No comments:
Post a Comment