စစ်ကိုင်း
စက်တင်ဘာ ၁၄
စစ်ကိုင်းမြို့၌ စက်တင်ဘာ ၁၄ ရက် နံနက် ၅ နာရီခွဲခန့်မှစတင်၍
၁၁ နာရီခန့်အထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် အနိမ့်ပိုင်း ရပ်ကွက်များနှင့် လမ်းပိုင်းအချို့
ရေနစ်မြုပ်ခဲကြောင်း သိရသည်။ မြေနိမ့်ပိုင်းဖြစ်သည့် မင်းလမ်းရပ်၊ လေးကျွန်းမြေရပ်၊
တကောင်းရပ်၊ ပိုးတန်းရပ်၊ ပန်းဘဲတန်းရပ်၊ မိုးဇာရပ်၊ နန္ဒဝန်ရပ် စသည့် ရပ်ကွက်များတွင်
ရေလွှမ်းမိုးနစ်မြုပ်ခဲ့ပြီး လမ်းအချို့မှာလည်း ရေဖုံးလွှမ်းနစ်မြုပ်ခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၁၄ ရက် နံနက်ပိုင်းတွင် မိုးရေချိန် ၆ ဒသမ ၃၈ လက်မထိ ရွာသွန်းခဲ့ရာ စစ်ကိုင်းမြို့တွင်
စက်တင်ဘာလ အတွင်း စံချိန်တင်ရွာသွန်းသည့် မိုးရေချိန်ဖြစ်ကြောင်း စစ်ကိုင်းမြို့
မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ
သိရသည်။
"မိုးက နံနက်အစောပိုင်းမှာ စပြီးရွာသွန်းတာပါ၊
မိုးတွေခြိမ်းပြီး သဲကြီးမဲကြီးရွာချခဲ့တာ အနိမ့်ပိုင်း ရပ်ကွက်က အိမ်တွေတော့ ရေဝင်ကုန်တယ်၊
လေးကျွန်းမြေ ရပ်ကွက်နားက တောင်ရိုးလမ်း ကိုးပေတံတားနေရာမှာဆိုရင် ရေတွေ ခါးကျော်ကျော်လောက်
ရှိနေလို့ ကားတွေ၊ ဆိုင်ကယ်တွေသွားလာလို့ မရတော့ဘူး၊ လမ်းပိတ် သွားတယ်၊ တခြားနေရာတွေ မှာလည်း
ရေနစ်မြုပ်နေတာတွေ့ရတယ်၊ အပျက် အစီးရှိ၊ မရှိတော့ မသိရဘူး၊ မင်းလမ်း တစ်လျှောက်မှာ လည်း
ရေတွေလွှမ်း နေတာတွေ့ရတယ်" ဟု ပန်းဘဲတန်းရပ်ကွက်မှ ကိုကျော်ထူးက
ပြောပြသည်။
စစ်ကိုင်းမြို့တွင် တစ်ရက်အတွင်း အများဆုံးရွာသွန်းခဲ့သော
မိုးရေချိန်မှာ စစ်ကိုင်းခရိုင် မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ မှတ်တမ်းများအရ
၂၀၀၆ ခုနှစ် ဩဂုတ် ၆ ရက်တွင် ၆ ဒသမ ၇၃ လက်မအထိ ရွာသွန်းခဲ့ဖူးကြောင်းသိရသည်။ ယခင်က
စက်တင်ဘာလ အတွင်း ယခုကဲ့သို့ မိုးများထစ်ချုန်းစွာ ရွာသွန်းခြင်း မျိုး မရှိခဲ့ဖူးကြောင်းစစ်ကိုင်းမြို့ခံများ၏
ပြောပြချက်အရသိရသည်။

No comments:
Post a Comment