ရန်ကုန် စက်တင်ဘာလ ၁၄
ဆက်သွယ်ရေးလိုအပ်ချက်ရှိသည့် ဒေသများ အတွင်း ဆက်သွယ်ရေးကွန်ရက် အလုံးစုံဖြန့်ကြက် သွားနိုင်ရေး အတွက် အခြေခံအဆောက်အအုံ တည် ဆောက်မှုများ လုပ်ကိုင်ရန် ဂျပန်အစိုးရမှ အမေရိကန်ဒေါ်လာ ငါးသန်းခန့် ကူညီထောက်ပံ့ပေးမည်ဖြစ်ကြောင်းသိရသည်။
ပြည်တွင်းဆက်သွယ်ရေးလုပ်ငန်းများအား တိုးချဲ့ လုပ်ကိုင်နိုင်ရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် စက်တင်ဘာ ၁ ရက်မှ စတင်ကာ ဂျပန်အခြေစိုက် KDDIကုမ္ပဏီနှင့် Sumitomo ကုမ္ပဏီများနှင့် ပူးပေါင်းကာ ဝန်ဆောင်မှုများ မြှင့်တင်ခဲ့ပြီး ယခုဂျပန်အစိုးရမှ ထပ်မံကူညီထောက်ပံ့မှုများ ပေးအပ် သွားရန် စီစဉ်ခြင်းဖြစ်ကြောင်း ဂျပန်သံရုံး တာဝန်ရှိသူထံမှ သိရှိရသည်။
“ဆက်သွယ်ရေး ကွန်ရက် လိုအပ်သလို တစ်နိုင်ငံလုံးကို ဖြန့် ကြက်သွားဖို့ရှိပါတယ်။ ကျွန်တော် တို့အနေနဲ့ ဝန်ဆောင်မှုတွေကိုလည်း မြှင့်တင်ပေးပြီး သက်သာတဲ့နှုန်းထားတွေကို ဖန်တီးသွားမယ်။ ပြိုင်ဆိုင်မှု တွေအကြား တရားမျှတစွာနဲ့ ယှဉ်ပြိုင် သွားမှာဖြစ်ပြီး အဓိကရည်ရွယ်ချက် ကတော့ လူတိုင်းဆက်သွယ်ရေးစနစ် နဲ့ အကျုံးဝင်စေဖို့ဖြစ်ပါတယ်။ ဂျပန် အစိုးရက ထောက်ပံ့လာခဲ့ရင်လည်း ဆက်သွယ်ရေး အခြေခံအဆောက် အအုံ လိုအပ်တဲ့နေရာတွေကို ရွေးချယ်ပြီး ဖြည့်တင်းပေးသွားမှာ ဖြစ်ပါတယ်” ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းက ပြောကြားသည်။
လိုအပ်ချက်များအရ ဂျပန်နိုင်ငံ ၏ အကူအညီဖြင့် ရန်ကုန်- မန္တလေးလမ်းမကြီး တစ်လျှောက် လိုအပ်နေ သေးသည့် နေရာများအား ပထမဆုံး ဆက်သွယ်ရေးကွန်ရက်များ တပ်ဆင်မည်ဖြစ်ကြောင်းသိရသည်။ လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေးမှ အမှတ်တံဆိပ် အသစ်မိတ်ဆက် ထားခဲ့ပြီး ဂျပန်ကုမ္ပဏီများနှင့် ပူးပေါင်းကာ ဆက်သွယ်မှုအဆင့် မြှင့်တင်ခြင်း၊ နိုင်ငံတကာ ဆက်သွယ်ရေးကဏ္ဍ တိုးချဲ့ခြင်း၊ အခြေခံ အဆောက်အအုံများ တည်ဆောက် ခြင်းများကို စက်တင်ဘာ ၁ ရက်မှစတင်အကောင်အထည်ဖော်နေပြီး အမ်ပီတီ၏ ဝန်ဆောင်မှုများ အကြောင်းကို လူမှုကွန်ရက်တွင် စတင်လွှင့်တင်ခြင်း၊ ငွေဖြည့်အထူး ဈေးနှုန်းများ ပေးအပ်ခြင်းများကို ပြုလုပ်လျက်ရှိသည်။
ဂျပန်ကုမ္ပဏီများ အနေဖြင့် မြန်မာ့ဆက်သွယ်ရေးနှင့် ပူးပေါင်းရန် အမေရိကန်ဒေါ်လာ သန်း ၂၀၀၀ ခန့် ရင်းနှီးမြှုပ်နှံသွားရန် ရည်ရွယ်ကြောင်း သိရသည်။ လက်ရှိတွင် ရန်ကုန်ဈေးကွက် အတွင်း အမ်ပီတီဆင်းကတ်များကိုဈေးနှုန်းမြှင့်ရောင်းချနေမှုများ ရှိနေပြီး အော်ရီဒူးလ်မြန်မာဆင်းကတ်များ မှာ အရောင်းပါးကြောင်း၊ အောက် တိုဘာ ၅ ရက်မတိုင်မီကာလ ယခုလ ကုန်ရက်များအတွင်း တယ်လီနော မြန်မာမှ ဆင်းကတ်များ စတင်ရောင်းချမည်ဆိုခြင်းကြောင့် ဝယ်ယူ ရန် စောင့်ဆိုင်းသူ များပြားလျက်ရှိ ကြောင်း မိုဘိုင်းဖုန်းအရောင်းဆိုင် များမှ သိရသည်။
No comments:
Post a Comment