Monday, September 15, 2014

နည်းပညာနှင့် ကွန်ပျူတာတက္ကသိုလ် မဟာဘွဲ့သင်တန်း ကျောင်းသူ၊ ကျောင်းသား (၈) ဦးအား ဂျပန်နိုင်ငံ မာရူဘီနီ ကော်ပိုရေး ရှင်းက ပညာသင်ဆုပေးအပ်



ရန်ကုန် စက်တင်ဘာ ၁၅
နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ် မဟာဘွဲ့သင်တန်း ပညာသင်ဆုအတွက် ၂၀၁၄-၂၀၁၅ ပညာသင်နှစ် ပညာသင်စရိတ် (၆) သိန်းခွဲကို ကျောင်းသူ၊ ကျောင်းသား (၈) ဦးအား ဂျပန်နိုင်ငံ မာရူဘီနီကော်ပိုရေးရှင်းက ယနေ့ပေးအပ် လိုက်သည်။

အမှန်တကယ် ငွေကြေးထောက်ပံ့မှုလိုအပ်ပြီး ပညာရပ်ထူးချွန်၍ မည်သည့်ပညာသင်ဆုမှရရှိထားခြင်း မရှိသေးသည့် ကျောင်းသား၊ ကျောင်းသူများမှ ရွေးချယ်ခြင်းဖြစ်ကြောင်း သိရသည်။ မာရူဘီနီ ပညာသင်ဆု အတွက် ရန်ကုန်နည်းပညာ တက္ကသိုလ်မှ (၄) ဦး၊ မန္တလေးနည်းပညာ တက္ကသိုလ်မှ (၂) ဦးနှင့် ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်မှ (၂) ဦး စုစုပေါင်း (၈) ဦးအား သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနမှ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ပညာသင်ဆုပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်နည်းပညာ တက္ကသိုလ်၌ ကျင်းပခဲ့ပြီး မာရူဘီနီ ကော်ပိုရေးရှင်းမှ ဒုတိယဥက္ကဋ္ဌ မစ္စတာမာမိုရူစီကီရာမာ၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဘရွှေနှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး မစ္စတာ တာတီရှီဟီဂူချီတို့က အဖွင့်အမှာစကား ပြောကြားကြသည်။
ထို့နောက် ပညာသင်ဆုရရှိသူများအား မာရူဘီနီကော်ပိုရေးရှင်းမှ မစ္စတာ ကိုဂျီကူရိုဒါက ပေးအပ်ချီးမြှင့်ခဲ့သည်။ သာမန်ဝန်ထမ်း မိသားစုတွေအတွက် ပညာရေးကို ထဲထဲဝင်ဝင်လုပ်ဖို့ ပညာသင်စရိတ်က တကယ်ကိုခက်ခဲပါတယ်။ နိုင်ငံရဲ့ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ငွေရေး၊ ကြေးရေး အခက်အခဲရှိတဲ့ ကျောင်းသားတွေကို အခုလိုပညာသင်ဆုတွေ ပေးတဲ့ အတွက် ဝမ်းသာပျော်ရွှင်ရပါတယ်၊ ကျွန်တော်တို့ဘက်က လည်းကြိုးစားဖို့ ဒီပညာသင်ဆုက အားဆေးတစ်ခွက်ပါပဲ၊ ပိုပြီးတော့ လည်း ကြိုးစားသွားပါ့မယ်ဟု ပညာသင်ဆု ရရှိသူ မန္တလေးနည်းပညာ တက္ကသိုလ် သုတနည်းပညာ (မဟာတန်း) မှ မောင်ကျင်ထွန်းစိန်က ပြောသည်။
မာရူဘီနီ ပညာသင်ဆု လျှောက်ထားရန်အတွက် နောက်ဆုံးနှစ်အမှတ်စာရင်း၊ မဟာတန်း တက်ရောက်ရန် ဝင်ခွင့် အရည်အချင်းစစ် စာမေးပွဲရမှတ်၊ ကိုယ်ရေးရာဇဝင်၊ မဟာတန်း တက်ရောက်နေသည့် ထောက်ခံချက်များ တင်ပြရခြင်း ဖြစ်ကြောင်း ရန်ကုန်နည်းပညာ တက္ကသိုလ်မှ သိရသည်။

မာရူဘီနီကော်ပိုရေးရှင်းသည် ဂျပန်နိုင်ငံ၏ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နေခဲ့သည်မှာ နှစ်ပေါင်း ၇၀ ကျော် ရှိပြီဖြစ်သည်။ ယခုအချိန်တွင် သီလဝါအထူး စီးပွားရေးဇုန်၌ ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်လျက်ရှိသည်။ ယခုပေးအပ်သည့် ပညာသင်ဆုမှာ ပထမဆုံးအကြိမ်အဖြစ် ပေးအပ်ခြင်းဖြစ်သည်။ 

No comments:

Post a Comment