နေပြည်တော် သြဂုတ် ၉
အာဆီယံ-အမေရိကန် ဝန်ကြီးအဆင့် အစည်းအဝေးကို ၂၀၁၄ ခုနှစ်၊
သြဂုတ်လ (၉)ရက်နေ့တွင် နေပြည်တော်၊ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁
၌ ကျင်းပခဲ့ပါသည်။ ယင်းအစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး
ဦးဝဏ္ဏမောင်လွင်သည် အမေရိကန် ပြည်ထောင်စုမှ နိုင်ငံခြားရေး ဝန်ကြီးမစ္စတာ ဂျွန်ကယ်ရီနှင့်
ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။
အစည်းအဝေးသို့ တက်ရောက်လာကြသည့် နိုင်ငံခြားရေးဝန်ကြီးများမှ
အမေရိကန်နှင့် ဆွေးနွေးဘက် ဆက်ဆံရေးတွင် လက်ရှိ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ပြန်လည်ညှိနှိုင်း
သုံးသပ်ခဲ့ကြပြီး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်မည့် နည်းလမ်းများကို ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး
အာဆီယံ အသိုက်အဝန်း တည်ထောင်ရေးတွင် အမေရိကန်နိုင်ငံမှ ပံ့ပိုးကူညီမှုအပေါ် ကျေးဇူးတင်
အသိအမှတ်ပြုကြောင်း ပြောကြားခဲ့ပါသည်။
နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် (၁၅)ကြိမ်မြောက်
အာဆီယံ အပေါင်းသုံး နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် အာဆီယံ-သြစတြေးလျ၊ အာဆီယံ-တရုတ်၊
အာဆီယံ-အီးယူ၊ အာဆီယံ-အိန္ဒိယ၊ အာဆီယံ-ဂျပန်နှင့် အာဆီယံ-ရုရှား၊ အာဆီယံ-ကိုရီးယား သမ္မတနိုင်ငံတို့မှ
နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးများသို့ ဆက်လက်တက်ရောက်ခဲ့ပြီး ဆွေးနွေးဘက်နိုင်ငံများနှင့်
ဆက်ဆံရေးတွင် လက်ရှိအခြေအနေများနှင့် အနာဂတ်ဦးတည်ရည်မှန်းချက်များကို ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ အစည်းအဝေးများပြီးနောက် (၄၇)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေး
ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်ကျင်းပသည့် (၇)ကြိမ်မြောက် မဲခေါင်မြစ်ဝှမ်းအောက်ပိုင်း
အစီအမံဝန်ကြီးအဆင့် အစည်းအဝေး၊ (၇)ကြိမ်မြောက် မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်ရေး
ဝန်ကြီးအဆင့် အစည်းအဝေးနှင့် (၄)ကြိမ်မြောက် မဲခေါင်မြစ်ဝှမ်းအောက်ပိုင်း အစီအမံ၏ မိတ်ဆွေများဝန်ကြီးအဆင့်
အစည်းအဝေးများသို့လည်း ဆက်လက် ကျင်းပခဲ့ပါသည်။ အလားတူ အဆိုပါနေ့ နံနက်ပိုင်းတွင် အာဆီယံ
ပေါင်းစည်းဆက်သွယ်ရေးဆိုင်ရာ မှတ်တမ်းဗွီဒီယို စတင်မိတ်ဆက်ခြင်း အခမ်းအနားကို ပြုလုပ်ခဲ့ပါသည်။
ယင်းနေ့ညပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး
ဦးဝဏ္ဏမောင်လွင်နှင့် ဇနီး ဒေါ်လင်းလင်းတင်တို့သည် အာဆီယံဒေသဆိုင်ရာ ဖိုရမ်နိုင်ငံခြားရေးဝန်ကြီးများ
အစည်းအဝေးသို့ တက်ရောက်ရန် နေပြည်တော်သို့ ရောက်ရှိနေကြသည့် အာဆီယံဒေသဆိုင်ရာ ဖိုရမ်
အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တူရကီ နိုင်ငံခြားရေးဝန်ကြီး၊
အာဆီယံ အတွင်းရေးမှူးချုပ်နှင့် ဇနီးများအား မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁
၌ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။ အဆိုပါ အစည်းအဝေးများ အားလုံးကို နေပြည်တော်ရှိ
မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၁တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
No comments:
Post a Comment