အစိုးရမဟုတ်သော
စားသုံးသူအကာအကွယ်ရေး ဆိုင်ရာအဖွဲ့များ ဖွဲ့စည်းဆောင်ရွက် နိုင်ရေးနှင့် လုပ်ငန်း ဆောင်ရွက်မှုများ
ဖွံ့ဖြိုးတိုးတက်ရေးအတွက် စားသုံးသူ အကာအကွယ်ပေးရေး ဗဟိုကော်မတီက အားပေး ဆောင်ရွက်မှုများနှင့်
ပတ်သက်၍ တာဝန်ရှိသူတစ်ဦးက ယခုကဲ့သို့ပြောပြခဲ့ပါသည်။
မေး။ စားသုံးသူအကာအကွယ်ပေးရေး
ဗဟိုကော်မတီဖွဲ့စည်းမှုကို ပြောပြပေးပါ။
ဖြေ။ စားသုံးသူ
အကာအကွယ်ပေးရေး ဗဟိုကော်မတီကို ၂၀၁၄ ခုနှစ် ဇွန် ၄ ရက်တွင် ပြည်ထောင်စု အစိုးရအဖွဲ့၏
အမိန့်ကြော်ငြာစာအမှတ် ၃၈/၂၀၁၄ ဖြင့် ဖွဲ့စည်းထားပြီးဖြစ်ပါတယ်။
မေး။ စားသုံးသူ
အကာအကွယ်ပေးရေး ဗဟိုကော်မတီက ဆောင်ရွက်မည့် လုပ်ငန်းတာဝန်တွေကို သိလို ပါတယ်။
ဖြေ။ စားသုံးသူအကာအကွယ်ပေးရေးဗဟိုကော်မတီက
ဆောင်ရွက်မည့် လုပ်ငန်းတာဝန်တွေကတော့-
- စားသုံးသူအကာအကွယ်ပေးရေးဥပဒေ၏
ရည်ရွယ်ချက်များ အောင်မြင်စေရန် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊
- စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ
မူဝါဒများ ချမှတ်ဆောင်ရွက်ရာတွင် ပြည်ထောင်စုအစိုးရအဖွဲ့သို့ အကြံဉာဏ်များ၊ ထောက်ခံချက်များနှင့်
ပံ့ပိုးမှုများဆောင်ရွက်ပေးခြင်း၊
- ကုန်စည်၊ ဝန်ဆောင်မှုနှင့်
စပ်လျဉ်း၍ စားသုံးသူ ဘေးဥပဒ်အန္တရာယ် ကင်းရှင်းရေးအတွက် ကွင်းဆင်း လေ့လာဆောင်ရွက်ခြင်း၊
- အစိုးရမဟုတ်သော
စားသုံးသူ အကာအကွယ်ပေးရေး ဆိုင်ရာအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်နိုင်ရေးနှင့် ယင်းအဖွဲ့များ
လုပ်ငန်းဆောင်ရွက်မှုများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားပေးဆောင်ရွက်ခြင်း၊
- စားသုံးသူအကျိုးစီးပွားအတွက်
လူထုဆက်သွယ်ရေး နည်းလမ်းများဖြင့် သတင်းဖြန့်ဝေပေးခြင်းနှင့် စားသုံးသူတို့၏ သဘောထားကို
ရယူခြင်း၊
-စားသုံးသူထံမှဖြစ်စေ၊
စားသုံးသူ အကာအကွယ် ပေးရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် အခြားအဖွဲ့ အစည်းများ ထံမှဖြစ်စေ
စားသုံးသူ အကာအကွယ်ပေးရေးနှင့် စပ်လျဉ်းသည့် တိုင်ကြားမှုများကို လက်ခံ ဖြေရှင်းပေးခြင်း၊
- စားသုံးသူ
အကာအကွယ်ပေးရေး လုပ်ငန်းနှင့် စပ်လျဉ်းပြီး စစ်တမ်းများကောက်ယူ၍ သုတေသန ပြုခြင်းနှင့်
ယင်းသုတေသနပြုမှုများကို ပြန်လည်သုံးသပ်၍ စားသုံးသူများ၏ အကျိုးအတွက် လိုအပ်သလို ဆောင်ရွက်ပေးခြင်း၊
- အပြည်ပြည်ဆိုင်ရာ
အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း၊
- ဘေးဥပဒ်အန္တရာယ်ရှိသော
စားသုံးရန်မသင့်သည့် ကုန်စည်နှင့် စပ်လျဉ်း၍တားမြစ်နိုင်ရန် သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများသို့
အကြောင်းကြားခြင်း။
- ကုန်စည် သို့မဟုတ်
ဝန်ဆောင်မှု စံချိန်စံညွှန်းကျွမ်းကျင်မှုအဖွဲ့များနှင့် ဓာတ်ခွဲခန်းများကို လိုအပ်ပါက
သတ်မှတ်ချက်များနှင့်အညီ ဖွဲ့စည်းပေးနိုင်ရန် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊
- စားသုံးသူအကျိုးစီးပွားကို
ကာကွယ်ပေးရန်နှင့် ယင်းတို့၏ အရေးကိစ္စများကို ထိရောက်စွာ ဆောင်ရွက် နိုင်ရန် စီးပွားရေး
လုပ်ငန်းရှင်များကို ပညာပေးခြင်း၊
- စားသုံးသူအငြင်းပွားမှု
ဖြေရှင်းရေးအဖွဲ့က ချမှတ်သော စီမံခန့်ခွဲရေး ပြစ်ဒဏ်အပေါ် အယူခံမှုကို အဆုံး အဖြတ်ပေးခြင်း။
- တည်ဆဲဥပဒေနှင့်အညီ
ဖွဲ့စည်းပြီးဖြစ်သည့် အစိုးရမဟုတ်သော စားသုံးသူ အကာအကွယ်ပေးရေး အသင်းအဖွဲ့များနှင့်
ပူးပေါင်းဆောင်ရွက်ခြင်း။
မေး။ အစိုးရမဟုတ်သော
စားသုံးသူ အကာအကွယ်ပေးရေး ဆိုင်ရာအသင်း အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး မည့် အခြေအနေကိုသိလိုပါတယ်။
ဖြေ။ ယခုအခါ
စားသုံးသူ အကာအကွယ်ပေးရေး လုပ်ငန်းများကို မိမိအသိစိတ်ဓာတ်ဖြင့် ဖွဲ့စည်းလုပ်ကိုင်
နေသည့် အသင်းအဖွဲ့များ ရှိနေတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ ဒီအသင်းအဖွဲ့တွေကို အသင်းအဖွဲ့
များ မှတ်ပုံတင်ခြင်းဆိုင်ရာ တည်ဆဲဥပဒေနှင့်အညီ ဖွဲ့စည်းနိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာန
များနှင့် ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ ဖွဲ့စည်းပြီးတဲ့ အသင်းအဖွဲ့ များကိုလည်း စားသုံးသူ
အကာအကွယ် ပေးရေးလုပ်ငန်းစဉ်များကို စေတနာကောင်းဖြင့် နည်းလမ်းမှန်ကန်စွာ ဆောင်ရွက်နိုင်ရေးအတွက်
ပေါင်းစပ် ညှိနှိုင်းဆွေးနွေးပေးခြင်း၊ မြန်မာနိုင်ငံ၏ စားသုံးသူ အကာအကွယ်ပေးရေး လုပ်ငန်းတွေကို
အစိုးရ အဖွဲ့ အစည်း များနှင့် လက်တွဲညီ ပူးပေါင်းဆောင်ရွက် နိုင်ရေးအတွက် ဆွေးနွေးဆောင်ရွက်သွားမှာ
ဖြစ်ပါတယ်။
မေး။ စားသုံးသူအကာအကွယ်ပေးရေး
ဗဟိုကော်မတီတွင် အစိုးရမဟုတ်သော စားသုံးသူ အကာအကွယ် ပေးရေးဆိုင်ရာ အသင်းအဖွဲ့များမှ
ကိုယ်စားလှယ်များ ပါဝင်ခွင့်ရှိပါသလား။
ဖြေ။ ပြည်ထောင်စုအစိုးရအဖွဲ့၏
အမိန့်ကြော်ငြာစာအမှတ် ၃၈/၂၀၁၄ ဖြင့် ဖွဲ့စည်းထားသည့် စားသုံးသူ အကာအကွယ်ပေးရေး ဗဟိုကော်မတီတွင်
အစိုးရမဟုတ်သော စားသုံးသူ အကာအကွယ် ပေးရေးဆိုင်ရာ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်အား
အဖွဲ့ဝင်အဖြစ် ထည့်သွင်းဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိဆောင်ရွက်နေတဲ့
စားသုံးသူ အကာအကွယ် ပေးရေးအဖွဲ့တွေ၊ ဆက်လက်ဖွဲ့စည်းဆောင်ရွက်မည့် စားသုံးသူ အကာအကွယ်ပေးရေး
အဖွဲ့တွေဟာ တစ်စုတစ်စည်းတည်း ပူးပေါင်းဖွဲ့စည်းဆောင်ရွက် ထားမှသာ ကိုယ်စားလှယ်ရွေးချယ်ပြီးတော့
ဗဟိုကော်မတီမှာ တက်ရောက်ဆွေးနွေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
No comments:
Post a Comment