Monday, August 25, 2014

တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့်အောင်မြင်သူများအား ပညာရည်ချွန်ဆုချီးမြှင့်

ရန်ကုန် ဩဂုတ် ၂၄
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ကြီးမှူးကျင်းပသည့် ၂၀၁၃-၂၀၁၄ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကြသည့် အစည်းအရုံးဝင် သားသမီးများအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်း အနားကို ယနေ့ နံနက် ၁၀ နာရီခွဲတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဝင်္ကပါ လမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံး၌ ကျင်းပသည်။




ရှေးဦးစွာ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်းက ဂုဏ်ပြုစကား ပြောကြားပြီး ပညာရည် ထူးချွန်ဆု ချီးမြှင့်ရေးကော်မတီမှ ဦးခင်မောင်ချင်းက ဆုပေးပွဲနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး ပညာရည်ချွန်ဆု ချီးမြှင့်ပွဲ ရန်ပုံငွေအတွက် ပြန်ကြားရေးဝန်ကြီး ဌာနရှိ ဦးစီးဌာနနှင့်လုပ်ငန်းများ၊ မင်္ဂလာကုမ္ပဏီလီမိတက်၊ Junction Cineplex၊ 5 Network Channel နှင့် Forever Group Co.,Ltd တို့က ငွေကျပ် ၁၀ သိန်းစီနှင့် ရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်သူများ၊ ဒါရိုက်တာ များနှင့် အနုပညာရှင်များက စုစုပေါင်း ငွေကျပ် ၇၃ သိန်း တစ်သောင်းကို ပေးအပ်လှူဒါန်းကြရာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး နာယကများ ဖြစ်ကြသော ဒါရိုက်တာ ပန်းချီဦးစိုးမိုးနှင့် ဦးနှင်းမိုးတို့က လက်ခံကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ဆက်လက်၍ ပြန်ကြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးပိုက်ထွေးနှင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းတို့က ၂၀၁၃-၂၀၁၄ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ တွင် ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့ကြသူ များအား ဆုများချီးမြှင့်ကြသည်။ ယင်းနောက် ဆုရရှိကြသူများ ကိုယ်စား ငါးဘာသာဂုဏ်ထူးရှင်မ မမမိုးစက် ပွင့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဂုဏ်ထူးရရှိသူများအား ဂုဏ်ပြုပွဲကို ၂၀၀၅-၂၀၀၆ ပညာသင်နှစ်မှစ၍ စတင်ကျင်းပခဲ့ရာ ယခုနှစ်ဂုဏ်ပြုပွဲသည် ကိုးနှစ်မြောက်ဖြစ်သည်။ ယခုနှစ်တွင် တစ်ဘာသာဂုဏ်ထူးရှင် တစ်ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် နှစ်ဦးနှင့် ငါးဘာသာဂုဏ်ထူးရှင် တစ်ဦးတို့အား ဆုများချီးမြှင့်ခဲ့သည်။

No comments:

Post a Comment