Sunday, April 27, 2014

မော်တော်ယာဉ်များတွင် မီးသတ်ဆေးဘူးများ ဆောင်ထားရန် နှိုးဆော်

ရန်ကုန် ဧပြီ ၂၆
နိုင်ငံတော်အတွင်း နှစ်စဉ်ဖြစ်ပွားလျက်ရှိသော မီးလောင်မှုများ လျော့နည်းစေရေးအတွက် မီးဘေးသတိပေးရေး လုပ်ငန်းများ အရှိန်အဟုန် မြှင့်ဆောင်ရွက်လျက်ရှိရာ မီးလောင်မှုကြောင့် ဆုံးရှုံးမှုလျော့နည်းစေရေး အတွက် မီးစတင် လောင်ကျွမ်းချိန်တွင်
အလွယ်တကူလျင်မြန်စွာ မီးငြှိမ်းသတ် နိုင်သည့် ခေတ်မီမီးသတ်ဆေးဘူးများ ပြည်သူများလက်ဝယ်ရှိနေစေရေး အတွက် “မီးသတ်ဆေးဘူးများ” အိမ်တိုင်း၊ အဆောက်အအုံတိုင်း၊ မော်တော် ယာဉ်တိုင်းဆောင်ထားရန် သတိပေးနှိုးဆော်ချက်များအား နေ့စဉ်ထုတ် သတင်းစာများ၊ ရုပ်မြင်သံကြား အစီအစဉ်များမှတစ်ဆင့် ပညာပေးထုတ်ပြန် ဆောင်ရွက်လျက်ရှိသည်။
၂၀၁၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဧပြီ ၂၃ ရက်အထိ “မော်တော်ယာဉ်” မီးလောင်မှု (၄၁)ကြိမ်ဖြစ်ပွားခဲ့ရာ လူ (၁၁) ဦးသေဆုံးပြီး(၁၅) ဦးဒဏ်ရာ ရရှိကာ ကျပ် (၂၂၂) သန်းဖိုးခန့် မီးလောင်ဆုံးရှုံးခဲ့ပါသည်။ အဆိုပါ “မော်တော်ယာဉ်” မီးလောင်မှုများအနက် မော်တော်ယာဉ် မီးလောင်မှု ငါးကြိမ်သည် အသင့်ဆောင်ထားသော မီးသတ်ဆေးဘူးများဖြင့် အချိန်မီ ငြှိမ်းသတ်နိုင်ခဲ့သည့်အတွက် မီးလောင်ဆုံးရှုံးမှုနည်းပါးခဲ့ကြောင်း စိစစ်တွေ့ရှိ ရသည်။
မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါသူများမီးဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် ရန်ကုန်-နေပြည်တော်- မန္တလေး အမြန်လမ်းပေါ်၌ သွားလာနေသော မော်တော်ယာဉ်များအား မီးသတ် ဆေးဘူး ဆောင်ထားရေးအတွက် ရန်ကုန်နှင့် မန္တလေး တိုးဂိတ်များတွင် အမြန်လမ်းရဲတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ အသိပညာပေး စစ်ဆေးမှုများကို ဧပြီ ၂၃ ရက်မှ စတင်ဆောင်ရွက်လျက်ရှိ ကြောင်းနှင့် ခရီးသည်တင်/ကုန်တင် မော်တော်ယာဉ်ကြီးများတွင် အနည်းဆုံး ဓာတုဗေဒပေါင်ဒါမှုန့်ခြောက် မီးသတ်ဆေးဘူး 4 Kg နှစ်လုံး၊ မော်တော် ယာဉ်လတ်များတွင် အနည်းဆုံး ဓာတုဗေဒပေါင်ဒါမှုန့်ခြောက် မီးသတ် ဆေးဘူး 2 Kg နှစ်လုံးနှင့် မော်တော်ယာဉ်ငယ်များတွင် အနည်းဆုံး ဓာတု ဗေဒ ပေါင်ဒါမှုန့်ခြောက် မီးသတ်ဆေးဘူး 1 Kg တစ်လုံးထားရှိရန် နှိုးဆော် အသိပေးလျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment