Thursday, May 1, 2014

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာ သရေစည်သူ၊ အဂ္ဂမဟာ သီရိသုဓမ္မ ဦးသိန်းစိန်ထံမှ ၂၀၁၄ ခုနှစ်၊ အလုပ်သမားနေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာ

ချစ်ကြည် လေးစားအပ်ပါသော အလုပ်သမားကြီးများ ခင်ဗျား-
၂၀၁၄ ခုနှစ်၊ မေလ ရက်နေ့တွင် ကျရောက်သော ကမ္ဘာတစ်ဝန်းရှိ အလုပ်သမားကြီးများအား အလေး အနက် ဂုဏ်ပြု သတ်မှတ် ထားရှိသည့် ကမ္ဘာ့ အလုပ်သမားနေ့ အခါသမယတွင် မိမိတို့နိုင်ငံအတွက် မရှိမဖြစ် အရေးပါသော အင်အားစုတစ်ရပ်ဖြစ်သည့် အလုပ်သမားကြီးများ အားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတို့နှင့် ပြည့်စုံကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သရင်း နှုတ်ခွန်းဆက်သ အပ်ပါသည်။


နှစ်စဉ် မေလ ရက်နေ့ကို ကမ္ဘာ့ အလုပ်သမားနေ့ အဖြစ် သတ်မှတ်ပြီး ကမ္ဘာတစ်ဝန်းရှိ အလုပ်သမား များက အလုပ်သမားနေ့ အခမ်းအနားကို ကျင်းပခဲ့ကြရာ နှစ်ပေါင်း ၁၂၀ ကျော်ခဲ့ပြီ ဖြစ်ပါသည်။ မြန်မာနိုင်ငံ အနေဖြင့်လည်း အလုပ်သမားနေ့ အခမ်းအနားများကို နှစ်စဉ် ကျင်းပလျက် ရှိကြရာ ယနေ့သည် မြန်မာ နိုင်ငံရှိ အလုပ်သမားကြီးများအတွက် အဓိပ္ပါယ် ပြည့်ဝသော နေ့ထူးနေ့မြတ် အခါသမယ ဖြစ်ပါသည်။
ချစ်ကြည်လေးစားအပ်ပါသော အလုပ်သမားကြီးများ ခင်ဗျား-
မိမိတို့နိုင်ငံသည် ယနေ့အချိန်အခါတွင် ပါတီစုံ ဒီမိုကရေစီ စနစ်သို့ ပြောင်းလဲကျင့်သုံးပြီး အသွင်ကူးပြောင်း ရေးလုပ်ငန်းစဉ်များကို ဘက်ပေါင်းစုံမှ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ အလုပ်သမားကြီးများ၏ ကျွမ်းကျင်မှုများ၊ အတွေ့အကြုံများနှင့် အကြံဉာဏ်များသည် တန်ဖိုးမဖြတ်နိုင်သော အင်အားစုများ ဖြစ်ကြ ပါသည်။

နိုင်ငံတော်မှလည်း အလုပ်သမားများ ရသင့် ရထိုက်သည့် အခွင့်အရေးများ ရရှိခံစားနိုင်ပြီး အလုပ်သမားထု တစ်ရပ်လုံး၏ လူမှုဘဝ တိုးတက် ကောင်းမွန်စေနိုင်ရေး အတွက် အလုပ်သမားနှင့် အလုပ်ရှင်အကြား အဓိကကျသည့် သင့်တင့်မျှတသော အလုပ်သမားရေးရာ ကျင့်စဉ်များ ရှင်သန်ကျင့်သုံးနိုင်စေရန် လိုအပ် သော ဥပဒေရေးရာနှင့် မူဝါဒရေးရာများကို မဟာဗျူဟာနှင့် နည်းဗျူဟာ ရည်မှန်းချက်များ ချမှတ်ပြီး ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါသည်။

လက်ရှိအချိန်၌ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးတွင် လုပ်သား အင်အားကို စနစ်တကျနှင့် အကျိုးရှိစွာ အသုံးချ နိုင်ရေး၊ အမှန်တကယ် အလုပ်လိုအပ်သူများကို ကောင်းမွန် သင့်တော်သည့် လုပ်ငန်းခွင်များ၌ နေရာချထား ပေးနိုင်ရေး၊ စည်းကမ်း ကောင်းမွန်ပြီး စွမ်းဆောင်ရည် ထက်မြက်သည့် ကျွမ်းကျင် လုပ်သားများ စဉ်ဆက် မပြတ် ပေါ်ထွန်းရေးနှင့် ခေတ်မီနိုင်ငံတော် တည်ဆောက်ရေး အတွက် အခြေခံ လိုအပ်ချက်ဖြစ်သည့် အရည်အချင်းရှိသော လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အလေးပေး ဆောင်ရွက်လျက် ရှိပါသည်။
ထို့အပြင် နိုင်ငံတော် အနေဖြင့် နိုင်ငံသားများအတွက် အလုပ်အကိုင် အခွင့်အလမ်းအများ၊ နည်းပညာ ကျွမ်းကျင်မှုများနှင့် အရင်းအနှီးများ ရရှိစေရန်အတွက် ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို လက်ခံဆောင်ရွက်ပေး လျက် ရှိသကဲ့သို့ ပြည်တွင်းတိုင်းရင်းသား လုပ်ငန်းရှင်များ၏ စက်မှုလုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများနှင့် ဝန်ဆောင်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရန် အတွက်လည်း အားပေးကူညီ ဆောင်ရွက်ပေးလျက် ရှိပါ သည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် အလုပ်သမား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးနှင့် မြှင့်တင်ရေး အတွက် တည်ဆဲ အလုပ်သမားရေးရာ ဥပဒေများကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာစံများနှင့် အညီ ခေတ်စနစ်နှင့် လိုက်လျောညီထွေရှိစေရန် ရေးဆွဲခြင်းတို့ကို ဆောင်ရွက်လျက် ရှိပါသည်။
ယခုအခါတွင် ၂၀၁၁ ခုနှစ်၌ ပြဋ္ဌာန်းခဲ့သော အလုပ်သမားအဖွဲ့အစည်း ဥပဒေအရ အလုပ်သမားနှင့် အလုပ်ရှင် အဖွဲ့အစည်းများကို လွတ်လပ်စွာ ဖွဲ့စည်းခွင့်ပြုထားရာ ၂၀၁၄ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ အလုပ်သမားနှင့် အလုပ်ရှင် အဖွဲ့အစည်း စုစုပေါင်း ၁၀၉၂ ဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ဖြစ်ပါသည်။ အချို့ လုပ်ငန်းများ တွင် မြို့နယ်အဆင့်အထိ တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့ပြီး အချို့ အဖွဲ့အစည်းများကို အဖွဲ့ချုပ် အဆင့်ထိ ဖွဲ့စည်းနိုင်ခဲ့ ပြီး ဖြစ်ပါသည်။
ထို့ပြင် နိုင်ငံတော် တစ်ဝန်းလုံးရှိ အလုပ်သမားများနှင့် မိသားစုများ၏ အခြေခံ လိုအပ်ချက်များကို ပြည့်မီ စေရေး၊ အလုပ်သမားများ၏ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေး၊ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး၊ ယှဉ်ပြိုင်နိုင်စွမ်း တိုးတက်စေရေးနှင့် အလုပ်သမားများ အတွက် ပိုမိုကောင်းမွန်သော လူနေမှု အဆင့် အတန်း တစ်ရပ်ကို ရရှိစေရေး စသည့် ရည်ရွယ်ချက်များဖြင့် သတ်မှတ်ပြဋ္ဌာန်းခဲ့သည့် ၂၀၁၃ ခုနှစ်၊ အနည်း ဆုံး အခကြေးငွေ ဥပဒေအရ အနည်းဆုံး အခကြေးငွေ သတ်မှတ်နိုင်ရေးကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။
ချစ်ကြည်လေးစားရပါသော အလုပ်သမားကြီးများ ခင်ဗျား-
အလုပ်သမားများ၏ ကျန်းမာရေး၊ လူမှုရေး လုံခြုံမှု ရှိစေရေး အတွက် ယခုထက် ပိုမိုကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုများ၊ လူမှုဘဝ လုံခြုံမှု အစီအစဉ်များကို အလုပ်သမားကြီးများ ခံစားရရှိစေရေး အတွက် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေကို ၂၀၁၄ ခုနှစ်၊ ဧပြီလ ရက်နေ့မှ စတင်၍ အာဏာ သက်ဝင် ကြောင်း ကြေညာခဲ့ပြီး ဖြစ်ပါသည်။ ဤဥပဒေသစ်တွင် မူလ အာမခံစနစ် နှစ်မျိုးရှိခဲ့ရာမှ အာမခံစနစ် () မျိုးအထိ တိုးတက်ပါဝင်လာပါသည်။ အဆိုပါ အာမခံ စနစ်များမှာ ကျန်းမာရေးနှင့် လူမှုရေး စောင့်ရှောက်မှု အာမခံစနစ်၊ မိသားစု ထောက်ပံ့မှု အာမခံ စနစ်၊ အလုပ်တွင် ထိခိုက်မှု အကျိုးခံစားခွင့် အာမခံစနစ်၊ အလုပ် လက်မဲ့ အကျိုးခံစားခွင့် အာမခံစနစ်၊ အလုပ် လုပ်ကိုင်နိုင်စွမ်း မရှိမှု အကျိုးခံစားခွင့်၊ သက်ပြည့်အငြိမ်းစား အကျိုးခံစားခွင့်နှင့် ကျန်ရစ်သူ အကျိုးခံစားခွင့် အာမခံ စနစ်နှင့် အခြားလူမှုဖူလုံရေး အာမခံ စနစ်အဖြစ် အိမ်ရာ စီမံကိန်း အာမခံ စနစ်နှင့် မိမိတို့၏ ဆန္ဒအလျောက် မှတ်ပုံတင်ပြီး ထည့်ဝင်ကြေး ပေးသွင်း အာမခံထားသည့် အာမခံစနစ် စသည်တို့ ပါဝင်လာခြင်း ဖြစ်ပါသည်။
ယခင်ဥပဒေတွင် အလုပ်သမား ဦးနှင့် အထက် လုပ်ကိုင်လျက်ရှိသော အလုပ်ဌာနများကိုသာ အာမခံ စနစ်သို့ ဝင်ရောက်ခွင့်ပြုထားသော်လည်း ဥပဒေသစ်အရ အလုပ်ရှင်မရှိဘဲ ကိုယ်ပိုင်အလုပ်ကို တစ်ဦး တည်း လုပ်ကိုင်နေသူများကိုလည်း မိမိဆန္ဒအလျောက် ထည့်ဝင်ကြေး ပေးသွင်းပြီး လူမှုဖူလုံရေး အကျိုး ခံစားခွင့်များကို ခံစားရရှိစေရေး ထည့်သွင်းပြဋ္ဌာန်းထားခြင်း ဖြစ်သည့်အတွက် အလုပ်သမား အများစု၏ လူမှုရေး ကာကွယ်စောင့်ရှောက်မှုကို ပိုမိုတိုးချဲ့ ဆောင်ရွက်နိုင်တော့မည် ဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်။
ချစ်ကြည်လေးစားအပ်ပါသော အလုပ်သမားကြီးများခင်ဗျား-
အလုပ်သမားများ အနေဖြင့် သင့်တင့်ကောင်းမွန်သော အလုပ်အကိုင် ရရှိရေးတွင် အဓိကျသော အဓမ္မခိုင်း စေမှု ပပျောက်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာတွင်လည်း ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေး ဥပဒေကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့၏ အဓမ္မ ခိုင်းစေမှုဆိုင် ရာ ပြဋ္ဌာန်းချက်အမှတ် - ၂၉ နှင့်အညီ ပြင်ဆင်ပြဋ္ဌာန်းခဲ့ပြီး ဖြစ်၍ လက်တွေ့ကျင့်သုံးမှု အပိုင်းတွင် ထိရောက်မှု ရှိစေရန် နိုင်ငံတစ်ဝန်းလုံး၌ အသိပညာပေးမှုများကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါသည်။
ထို့အပြင် ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၌ အဓမ္မခိုင်းစေမှု လုံးဝ ပပျောက်ရေးလုပ်ငန်း စီမံချက်ကိုလည်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့နှင့် ပူးပေါင်း၍ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက် လျက် ရှိပါသည်။ အဆိုပါ လုပ်ငန်း စီမံချက်တွင် ပါရှိသော ကလေးသူငယ်များအား အဆိုးရွားဆုံး ပုံစံဖြင့် ခိုင်းစေမှု ပပျောက်ရေးနှင့် စပ်လျဉ်း၍ ကလေးသူငယ်များအား အဆိုးရွားဆုံး ပုံစံဖြင့် ခိုင်းစေခြင်းဆိုင်ရာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့၏ ပြဋ္ဌာန်းချက်အမှတ် ၁၈၂ အား မြန်မာနိုင်ငံအနေဖြင့် လက်ခံကျင့်သုံးမည် ဖြစ်ကြောင်းကို ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့၌ အပြည်ပြည်ဆိုင်ရာ အလုပ် သမားရေးရာ အဖွဲ့တွင် မှတ်ပုံတင်ထားပြီး ဖြစ်ပါသည်။
ချစ်ကြည်လေးစားအပ်ပါသော အလုပ်သမားကြီးများ ခင်ဗျား-
နိုင်ငံတော်အနေဖြင့် မိမိတို့ အလုပ်သမားများ၏ အကျိုးစီးပွားနှင့် အလုပ်ရှင်များ၏ အကျိုးစီးပွားကို မထိခိုက်စေဘဲ နှစ်ဘက်မျှတသည့် အကာအကွယ်များ ရရှိစေရန်လည်း ကြိုးပမ်းဆောင်ရွက်ပေးလျက် ရှိပါ သည်။ အလုပ်သမားများ အနေဖြင့် ၂၀၁၅ ခုနှစ်တွင် အာဆီယံဒေသတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် အာဆီယံ စီးပွားရေး အသိုက်အဝန်း အခြေပြ မြေပုံပါ ကျွမ်းကျင်အလုပ်သမားများ လွတ်လပ်စွာ ရွှေ့ပြောင်းသွားလာမှု အစီအစဉ်အရ အလုပ်သမား ဈေးကွက် ယှဉ်ပြိုင်မှု ပိုမို မြင့်မားလာ တော့မည် ဖြစ်ရာ နိုင်ငံတွင်း၌ သာမက အာဆီယံ ဒေသတွင်းရှိ အလုပ်သမားများနှင့်ပါ ယှဉ်ပြိုင်ရတော့ မည် ဖြစ်ပါသည်။ ထို့အပြင် ၂၀၁၂ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ (Foreign Investment Law) အရ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်ဝင်ရောက်လာမည် ဖြစ်၍ အလုပ်သမားများ အနေဖြင့်လည်း မိမိတို့ သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများအလိုက် ကျွမ်းကျင်မှုများ ရှိရန် ကြိုတင် ပြင်ဆင် ထားရမည်ဖြစ်ပါသည်။ နိုင်ငံတော် အနေဖြင့်လည်း ၂၀၁၃ ခုနှစ်၊ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေအရ အလုပ်သမားများ၏ ကျွမ်းကျင်မှု မြှင့်တင်ရေးကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရေးအတွက် ကြိုးပမ်းလျက် ရှိပါသည်။
နိုင်ငံတော်အနေဖြင့် ပြည်ပတွင် သွားရောက် အလုပ်လုပ်ကိုင်လျက် ရှိသော မြန်မာ ရွှေ့ပြောင်းအလုပ် သမားများကို ထိရောက်စွာ အကူအညီပေးနိုင်ရေးနှင့် အကာအကွယ်ပေးနိုင်ရေး အတွက် အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါသည်။ ပြည်ပနိုင်ငံများတွင် အလုပ် လုပ်ကိုင် လျက် ရှိသော မြန်မာရွှေ့ပြောင်း အလုပ်သမားများ အနေဖြင့်လည်း သက်ဆိုင်ရာ နိုင်ငံများ၏ တည်ဆဲ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့် အညီ နေထိုင်သွားလာ လုပ်ကိုင်ကြဖို့ လိုအပ်ပါသည်။
ချစ်ကြည်လေးစားအပ်ပါသော အလုပ်သမားကြီးများ ခင်ဗျား-
မိမိတို့နိုင်ငံရှိ စုစုပေါင်း လူဦးရေ၏ ထက်ဝက်ကျော်သည် အလုပ်လုပ်နိုင်သော အသက်အပိုင်းအခြား အတွင်းရှိသည့် လူဦးရေ ဖြစ်ပါသည်။ သို့ဖြစ်ရာ အလုပ်သမားများ၏ လူနေမှု အဆင့်အတန်း မြင့်မားရေးကို ဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံတော်လည်း ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါသည်။ နိုင်ငံတော် အနေဖြင့် အလုပ်သမားများ၏ အကျိုးစီးပွား တိုးတက်ကောင်းမွန်ပြီး လူနေမှု အဆင့်အတန်း မြင့်မားစေရေး အတွက် အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်နေသကဲ့သို့ အလုပ်သမားကြီးများကလည်း ပြဋ္ဌာန်းထားသည့် အလုပ် သမားရေးရာ ဥပဒေများနှင့် အညီ လိုက်နာကျင့်သုံး၍ လုပ်ငန်းခွင် အေးချမ်းသာယာရေးကို အလေးထား ဆောင်ရွက်ကြစေလိုပါသည်။ စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်သမားရေးရာ အငြင်းပွားမှုများ ရှိလာပါက လည်း ဥပဒေနှင့်အညီ တင်ပြတောင်းဆိုနိုင်ရေး လိုက်နာဆောင်ရွက်ကြစေ လိုပါသည်။

ယခုအချိန်၌ နိုင်ငံတော်မှ အားသွန်ခွန်စိုက် ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ဒီမိုကရေစီ စနစ်တွင် နိုင်ငံသားများ အနေဖြင့် ဥပဒေ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုက်နာကျင့်သုံး နေထိုင်တတ်ခြင်းသည် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်နေပါသည်။ ထိုသို့ ဥပဒေ စည်းမျဉ်းစည်းကမ်း များနှင့်အညီ နေထိုင်တတ်မှသာ ဒီမိုကရေစီ စနစ်၏ အနှစ်သာရများကို ပြည်သူအားလုံး အပြည့်အဝ ရရှိခံစားနိုင်ကြမည် ဖြစ်ပါသည်။ သို့ဖြစ်ရာ ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီး အဓွန့်ရှည် တည်တံ့နိုင်ရေး အတွက် နိုင်ငံတော် အစိုးရနှင့် အတူ အလုပ်သမားကြီးများက လက်တွဲကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် အလေးအနက် တိုက်တွန်းအပ်ပါသည်။

No comments:

Post a Comment