Thursday, February 27, 2014

ကန်မြဲကန်ကြီး ပြန်လည်တူးဖော် ဒေသခံများ ဝမ်းမြောက်သာဓုခေါ်


တောင်သာ ဖေဖော်ဝါရီ ၂၆
ယခုအခါ နိုင်ငံတော်အစိုးရ၏ စီမံကြီးကြပ်မှုဖြင့် တောင်သာမြို့နယ် ဇဂျမ်း-ကန်မြဲကျေးရွာအုပ်စုအတွင်းရှိ ကျးရွာများအား သောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် ကန်မြဲကန်ကြီး ပြန်လည်တူးဖော်ခြင်း လုပ်ငန်းများ အပြင် ပတ်ဝန်းကျင် ကျေးရွာများအတွက် လေးလက်မ စက်ရေတွင်း ရှစ်တွင်းအား တူးဖော်ပေးခဲ့ပြီး တောင်သာ-ဇဂျမ်းကျေးရွာအထိ ၉ ဒသမ ၅မိုင်ကို 11KV ဓာတ်အားလိုင်းများ တည်ဆောက်ခြင်း၊ လမ်းပန်းဆက်သွယ်ရေး အတွက် မြေသားလမ်းများ ဖောက်လုပ် ပေးခြင်း လုပ်ငန်းများပါ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

ကန်ပေါင်အလျားမှာ ပေ ၄၈၀၀၊ အမြင့် ၂၆ ပေရှိ မြေသားကန် (ကန်မြဲဇဂျမ်း)ကန်ကြီးကို ဇန်နဝါရီ လကုန်ပိုင်း က စတင်၍ ပြန်လည်တူးဖော် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းတစ်ခုလုံး၏ ၆၀ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။
ဇဂျမ်း-ကန်မြဲ ဒေသသည် အလယ်ပိုင်း မိုးနည်းရပ်ဝန်းတွင် ပါဝင်၍ စိုက်ပျိုးရေ၊ သောက်သုံးရေအတွက် အဆိုပါ ကန်ကြီးကိုသာ အဓိကထား အသုံးပြုခဲ့ ကြရသည်။ ဒေသခံများ၏ ပြောပြချက်အရ ကန်မြဲကန်ကြီးကို ပုဂံခေတ် အနော်ရထာမင်းကြီး လက်ထက်က တူးဖော်ခဲ့ပြီး ရှေးဟောင်း သမိုင်းဝင်ကန်ကြီး ဖြစ်ကြောင်း၊ ရှေးယခင်က ကန်ပေါင်ကြီး မကြာခဏ ကျိုးပေါက်တတ်၍ ကန်ကြီးမြဲမြံစေရန် ပညာရှိမှူးမတ်တို့၏ လျှောက်ထားချက်အရ သံခမောက် ဆောင်းလာ သည့် ပုဂ္ဂိုလ်တစ်ဦးအား စတေးရန်စီစဉ်ခဲ့ကြောင်း၊ ထိုအချိန်တွင် နို့ဆွဲမိခင် အကြော် သည်မတစ်ဦးက အကြော်ဒယ်အိုးကို ဦးခေါင်းပေါ်သို့ တင်ရွက်လာစဉ် စတေးခံခဲ့ရကြောင်း နှုတ်ရာဇဝင်များ ရှိခဲ့သည်။ ထိုအချိန်မှစ၍ ကန်မြဲဟု ခေါ်တွင်စေခဲ့ကြောင်း၊ ကန်ကြီးမှာ ကြိုးကြာမသောက်၊ ကြာမပေါက်ဘဲ၊ ရေလဲမနောက်၊ သဲမရောက်ဟု ဆိုရိုးစကားရှိခဲ့ရာ ကန်ထဲရေဝင်ပြီး နှစ်ရက်ခန့်အကြာ ကြည်လင်သွား၍ သောက်သုံးရန် အဆင်ပြေခဲ့ကြောင်း၊ ရေကန်ကြီးအတွင်းမှ ဆင်အော်သံကို ကန်အောက်မှ မကြားနိုင် လောက်အောင် နက်ခဲ့ကြောင်း၊ ယခုအခါ သဲနုန်းများကြောင့် တိမ်ကောသွားပြီး ရေအခက်အခဲများ ဖြစ်ပေါ် လာခဲ့ကြောင်း သိရသည်။
ကန်ကြီးရေပြည့်လျှင် ကန်၏မြောက်ဘက် ကန်အောက်ရှိ ပေ ၃၀ ကျော်ခန့် နက်သော အုတ်ရေတွင်းများမှ စိမ့်ရေများကို သောက်သုံးရေအဖြစ် အသုံးပြုခဲ့ပြီး ကန်ရေကုန်လျှင် ရေတွင်းများမှ ရေယိုထွက်မှုမရှိတော့သည့် အတွက် ရေကန်အတွင်းသို့ ၁၅ ပေခန့် အနက်၊ သုံးပေအကျယ် ရေတွင်းငယ်များကို နှစ်အိမ်ထောင်၊ သုံးအိမ်ထောင်တစ်တွင်း တူးဖော်၍ သော့ခတ်အဖုံးအုပ်ကာ ညအိပ်စောင့်ပြီး ရေခပ်ခဲ့ရကြောင်း၊ ရေထွက် အားနှင့် လူဦးရေ မမျှတသည့်အတွက် ရွာအရှေ့ဘက် လေးမိုင်ခန့်ဝေးသော ဆင်တဲဝချောင်းသို့ သွားရောက် ရေသယ်ခဲ့ရကြောင်း၊ ရေချိုးသည့်အခါ နွားစာကျင်းထဲဆင်း၍ နှစ်မြူ သုံးမြူအိုးလောက်သာ ချိုးကြပြီး နွားစာကျင်းထဲမှရေကို နွားတိုက်ရေအဖြစ် အသုံးပြုခဲ့ ကြောင်း သိရသည်။
ယခင်က ကျန်းမာရေးနှင့် ညီညွတ်မှုမရှိသည့် သောက်သုံးရေကို အသုံးပြုခဲ့ရသဖြင့် ကိုယ်ရေပြားရောဂါသည် များပင် ရှိခဲ့ကြောင်း၊ အချို့က “ကန်ရေသောက်၊ မြက်ခြောက်စား” သည့် ဒေသဟု နှိမ့်ချပြောဆိုမှုများ ရှိခဲ့ကြောင်း ဒေသခံ တစ်ဦးက ပြောပြသည်။
လုပ်ငန်းများ ဆောင်ရွက်မှုကို မတ်လကုန်ပိုင်းတွင် ပြီးစီးမည်ဖြစ်ရာ မူလ ရေသိုလှောင်ပမာဏ ၅၄ ဧကအပြင် ဧက ၁၂၀ ပိုမိုသိုလှောင်နိုင်မည်ဖြစ်ပြီး ပတ်ဝန်းကျင်ကျေးရွာ ၁၅ ရွာရှိ အိမ်ခြေပေါင်း ၃၇၅၈ အိမ်၊ အိမ်ထောင်စုပေါင်း ၃၄၄၂ စု၊ လူဦးရေပေါင်း ၂၀၀၀၂ ဦးနှင့် ကျွဲ၊ နွား၊ တိရစ္ဆာန်များ သောက်သုံးရေ ဖူလုံစေမည်ဖြစ်ပြီး ဒေသတွင်း စိမ်းလန်းစိုပြည်ရေး အတွက် အထောက်အကူ ဖြစ်လာမည်ဖြစ်သည်။
ယခုကဲ့သို့ ဒေသခံပြည်သူများ၏ လတ်တလော လိုအပ်နေသည့် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်စေရေး အခက်အခဲများ အဆင်ပြေရန် နိုင်ငံတော်၏ ဆောင်ရွက် ပေးမှုများအပေါ် ဒေသခံပြည်သူများက ဝမ်းမြောက် ဝမ်းသာ အထူးပင် ကျေးဇူးတင်ရှိ နေကြကြောင်း သိရသည်။

No comments:

Post a Comment