ယမန်နေ့မှအဆက်
၅။ ကလောမြို့နယ် ဘော်ဆိုင်းဒေသတွင် ကုမ္ပဏီနှစ်ခုမှ
Dynamite သုံးပြီးလိုဏ်ဂူဖောက်လုပ်သဖြင့် ရေလှောင်ကန်များ ကွဲအက်ခြင်း၊ ဘုရားဆင်းတုတော်ပြုတ်ကျခြင်းများ
ဖြစ်ခဲ့ပါကြောင်း၊ သတ္တုရိုင်းများ ဆေးကြောရာမှ ထွက်ရှိသော ရေများမှ ရေသုံးကန်များသို့
စီးဝင်သဖြင့် ခဲဆိပ်သင့်ကြောင်း၊ သတ္တုသယ်သည့် ကားများ ရွာလမ်းသုံးသဖြင့် လမ်းတစ်လျှောက်နှင့်
ဝန်းကျင်ဒေသတစ်ခုလုံး ဖုန်များ ထူထပ်နေသဖြင့် ကျန်းမာရေး ထိခိုက်ပါကြောင်း၊
ကုမ္ပဏီဝန်ထမ်းများမှာ
ရွာမှအိမ်များကို ငှားရမ်းပြီး မကောင်းသော မိန်းမများပါခေါ်ထားသဖြင့် ဖြေရှင်းပေးစေလိုကြောင်း
တင်ပြထားချက်နှင့်ပတ်သက်၍ မြန်မာ့သတ္တုတွင်း နည်းဥပဒေများ၊ အခန်း (၁၄) ဓာတ်သတ္တုထုတ်လုပ်ရန်
မြေနှင့်ရေသုံးစွဲခွင့်တွင် လူနေအိမ်၊ အဆောက်အအုံ၊ စိုက်ပျိုးမြေ၊ ဆည်မြောင်း၊ ရေကန်၊
ရေလှောင်တမံ၊ မီးရထားလမ်း၊ လမ်းမကြီး၊ လေယာဉ်ကွင်း၊ လျှပ်စစ်ဓာတ်အားလိုင်း၊ ဓာတ်ငွေ့ပိုက်လိုင်း၊ရေပိုက်လိုင်း၊
ဘာသာရေးအတွက် သီးသန့်ထားသော မြေဧရိယာစသည် တို့နှင့်ပတ်သက်၍ သတ်မှတ်ချက်များပါရှိပြီးဖြစ်ကြောင်း၊
သတ္တုတွင်းဝန်ကြီးဌာနမှ ဓာတ်သတ္တုထုတ်လုပ်ရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ
ထိခိုက်ပျက်စီးမှုမရှိစေရေးအတွက် ခွင့်ပြုမိန့်ရရှိသူများ လိုက်နာရန်အမိန့်ကို ၁၂-၅-၂၀၀၄
ရက်စွဲပါ အမိန့်ကြေညာစာအမှတ် (၈၆/၂၀၀၄) ဖြင့် ထုတ်ပြန်ထားပြီးဖြစ်ပါကြောင်း၊ အဆိုပါ
ကုမ္ပဏီနှစ်ခုအား ခေါ်ယူပြီး ရပ်ရွာနစ်နာမှုမရှိစေရေး ဆောင်ရွက်ပေးရန် ညှိနှိုင်းပေးမည်ဖြစ်ကြောင်း၊
အဆိုပြုတင်ပြသူနှင့် တွေ့ဆုံညှိနှိုင်းပေးမည်ဖြစ်ကြောင်း၊ ယဉ်ကျေးမှု၊ စာရိတ္တထိခိုက်စေသည့်အပြုအမူမျိုးကို
ဥပဒေနှင့်အညီ အရေးယူပေး မည်ဖြစ်ကြောင်း၊ အဆိုပါ ဒေသသို့ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများ၊
ရပ်မိရပ်ဖများသွားရောက်၍ ကွင်းဆင်းကြည့်ရှု မည် ဖြစ်ကြောင်း ဖြေကြားအပ်ပါသည်။
၆။ ဓာတ်သတ္တုတူးဖော်ခွင့် လိုင်စင်လျှောက်ထားရာတွင် လွိုင်ကော်မြို့နယ်အတွင်း
ကုမ္ပဏီ ၃၀ ခန့်ရှိကြောင်း၊ လက်တွေ့တူးဖော်မှု မရှိ အမည်ခံ၍လွှဲပြောင်းရောင်းချနေမှုများရှိနေကြောင်း၊
ဒေသခံများ တစ်ပိုင်တစ်နိုင် ဆောင်ရွက်ရန် လျှောက်ထားရာတွင် အခက်အခဲရှိနေပါ၍ မည်ကဲ့သို့သောမူဖြင့်
လိုင်စင်များချထားသည်ကို သိရှိလိုပါကြောင်း တင်ပြမေးမြန်းချက်နှင့်ပတ်သက်၍ ဓာတ်သတ္တုထုတ်လုပ်ရန်
ခွင့်ပြုမိန့်ရရှိသူသည် ကိုယ်တိုင် လုပ်ကိုင် ဆောင်ရွက်ရမည်ဖြစ်ပြီး လွှဲပြောင်းထုတ်လုပ်ခွင့်မရှိပါကြောင်း၊
လက်တွေ့တူးဖော်မှုမရှိဘဲအမည်ခံ၍ လွှဲပြောင်းရောင်းချမှု ကို စိစစ်တွေ့ရှိပါက ခွင့်ပြုမိန့်ကို
ပယ်ဖျက်ရုပ်သိမ်းပြီး လုပ်ထုံးလုပ်နည်းအရ အရေးယူဆောင်ရွက်ပါကြောင်း၊ မြန်မာသတ္တုတွင်း
နည်းဥပဒေများ အခန်း(၁၅)၊ အပိုဒ် ၇၄၊ ၇၅၊ ၇၆ တို့အရ ခွင့်ပြုမိန့်လွှဲပြောင်းခွင့်အတွက်
သဘောတူညီချက်ရရှိရန် လျှောက်လွှာကို အကျိုးအကြောင်း အပြည့်အစုံ ဖော်ပြလျက် သတ္တုတွင်းဝန်ကြီးဌာနသို့
လျှောက်ထားခွင့်ရှိပြီး ဝန်ကြီးဌာနမှ အဘက်ဘက်မှ စိစစ်ပြီးခွင့်ပြုခြင်း (သို့မဟုတ်)
ငြင်းပယ်ခြင်းပြုပါကြောင်း၊ လုပ်ကွက်လျှောက်ထားမှုအတွက် သတ်မှတ်ချက်များနှင့် အညီ သတ္တုတွင်းဝန်ကြီးဌာနသို့
လျှောက်ထားရကြောင်း၊ မြေပိုင်ဆိုင်မှု အရှုပ်အရှင်းကင်းရှင်း၍ လုပ်ကွက် လွတ်ကင်းမှုရှိပြီး
ကုမ္ပဏီဆိုင်ရာအထောက်အထားများ၊ခွင့်ပြုနိုင်သည့် လိုအပ်ချက်များနှင့် ကိုက်ညီလျှင် ပြည်နယ်အစိုးရအဖွဲ့၏
သဘောထားတောင်းခံပေးကြောင်း၊ ပြည်နယ် သဘောထားရရှိပြီးပါက ဝန်ကြီးဌာန၏ စီမံပိုင်ခွင့်အတွင်းဖြစ်ပါက
သတ္တုတွင်းဝန်ကြီးဌာနမှ ခွင့်ပြုမိန့် ထုတ်ပေးနိုင်ရေးဆက်လက်ဆောင်ရွက်ပါကြောင်း ဖြေကြားအပ်ပါသည်။
၇။ ဖားဆောင်မြို့နယ်တွင် ခဲမဖြူ၊ အဖြိုက်နက်၊ ရှီးလိုက်သတ္တုရိုင်းများ
ထွက်ရှိသဖြင့် သတ္တုသန့်စင် စက်ရုံ တည်ဆောက်ပေးစေလိုကြောင်း တင်ပြချက်နှင့်ပတ်သက်၍ သတ္တုသန့်စင်ကျိုချက်ခြင်းများနှင့်စပ်လျဉ်း၍
သတ္တုများ အရိုင်းအတိုင်း မရောင်းစေရေးအတွက် နိုင်ငံတော်မှ ကြိုဆိုပါကြောင်း၊ ဈေးကွက်စီးပွားရေးစနစ်အရ
သတ္တုလုပ်ငန်းများကို ပုဂ္ဂလိကကဏ္ဍသို့လွှဲပြောင်းပေးထားပြီးနိုင်ငံတော်ပိုင်အနေဖြင့် လုပ်ကိုင်ခြင်းမရှိတော့
ပါကြောင်း၊ သတ္တုသန့်စင် စက်ရုံကိုကုမ္ပဏီများမှသာ သတ်မှတ်ချက်များနှင့်အညီ အကောင်အထည်ဖော်
တည်ဆောက်ရမည်ဖြစ်ပါကြောင်း၊ ပြည်သူ ဗဟိုပြုစနစ်ဖြစ်သဖြင့် စက်ရုံတည်ဆောက်မည့်နေရာရှိ
ဒေသခံများ သဘောထားလိုအပ်ပါကြောင်း၊ EIA,SIA,HIA တို့ကို ပူးတွဲ တင်ပြရန်လိုကြောင်း၊
ပြည်နယ်သဘောထား အဓိကဖြစ်ပါကြောင်း ဖြေကြားအပ်ပါသည်။
၈။ ရှားတောမြို့နယ်၌ ခနောက်စိမ်း သတ္တုရိုင်း စမ်းသပ်တိုင်းတာခွင့်အားကုမ္ပဏီနှစ်ခုမှ
လျှောက်ထားသည့် အခြေအနေကို သိလိုကြောင်း မေးမြန်းချက်နှင့်ပတ်သက်၍ ခနောက်စိမ်းသတ္တုဖြစ်သဖြင့်
၄၉ ဒသမ ၅ ဧကဖြစ်ပါကအမှတ် (၁) သတ္တုတွင်းလုပ်ငန်းသို့ လျှောက်ထားရမည်ဖြစ်ကြောင်း၊ မြေပိုင်ဆိုင်မှု
အရှုပ်အရှင်း ကင်းရှင်းပြီး လုပ်ကိုင်ရန် ခွင့်ပြုမိန့်ချထားပြီး လုပ်ကွက်(သို့မဟုတ်)တင်ကြိုလျှောက်ထားသောလုပ်ကွက်များနှင့်
လွတ်ကင်းပါက ပြည်နယ် သဘော ထား တောင်းပေးမည်ဖြစ်ပါကြောင်း၊ ကယားငွေတောင် သတ္တုတူးဖော်ရေး
ကုမ္ပဏီမှအမှတ် (၁) သတ္တုတွင်း လုပ်ငန်းသို့ ခနောက်စိမ်းသတ္တု စမ်းသပ်တိုင်းတာခွင့် လျှောက်ထားမှုကို
လုပ်ကွက်လွတ်ကင်းမှုရှိသဖြင့် ပြည်နယ် အစိုးရအဖွဲ့၏ သဘောထားမှတ်ချက်တောင်းခံထားပါကြောင်း
ဖြေကြား အပ်ပါသည်။
၉။ ဘော်လခဲနယ်တွင် သတ္တုများရှိနိုင်သဖြင့် စမ်းသပ်တိုင်းတာမည့်အဖွဲ့စေလွှတ်ပေးစေလိုကြောင်း
တင်ပြချက်နှင့် ပတ်သက်၍ ဘော်လခဲမြို့နယ် ဘူမိဗေဒမြေပုံရေးဆွဲထားပြီးဖြစ်ပါကြောင်း စမ်းသပ်တိုင်းတာ
ပေးစေလိုသည့် နေရာ၊ သတ္တုပေါ်ထွက်မှုမှ ရရှိသည့် နမူနာများနှင့် သတ္တုတွင်းဝန်ကြီးဌာနသို့
စနစ်တကျ တင်ပြပေးပါက ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း အလားတူပင် ယမန်နှစ်ကမယ်စဲ့-မယ်ဆဲနန်ဒေသတွင်
ဆောင်ရွက်ပေးခဲ့ဖူးပါကြောင်း ဖြေကြားခဲ့ပါ သည်။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့်ပတ်သက်၍
မေးမြန်းမှု အပေါ်ဆောင်ရွက်မှုအခြေအနေ
၁။ ဖယ်ခုံဒေသတွင် ရေတံခွန်နှစ်ခုရှိကြောင်း၊ အဆိုပါရေတံခွန်များမှ
လျှပ်စစ်ဓာတ်အားရရှိရေးဆောင်ရွက်ရန် ဖြစ်နိုင်/မဖြစ်နိုင်သိလိုကြောင်း မေးမြန်းချက်နှင့်ပတ်သက်၍
ရေအားလျှပ်စစ်ထုတ်ယူနိုင်ရေးအတွက် စမ်းသပ်တိုင်းတာရန်၊ တိုင်းတာရေးအဖွဲ့စေလွှတ်ရန်၊
ရေတံခွန်နေရာများအား မြေပုံနှင့်တကွ ပြောကြားစေလို ကြောင်း၊ မည်သည့်ပုံစံဖြင့် အကောင်အထည်ဖော်ရမည်ဆိုသည်ကို
စမ်းသပ်တိုင်းတာပြီးမှသာ ပြောကြားနိုင် မည်ဖြစ်ကြောင်း ဖြေကြားအပ်ပါသည်။
၂။ ဆီဆိုင်မြို့နယ်တွင် လျှပ်စစ်ဓာတ်အား ရရှိရေးနှင့် ကျောက်တစ်လုံးကြီးဒေသ
မီးလင်းရေးအတွက် ဆောင်ရွက်ပေးရန် တင်ပြချက်နှင့် ပတ်သက်၍ ဆီဆိုင်မြို့နယ်တွင် မြို့တွင်း
11 kV လိုင်း ၄ မိုင် သွယ်တန်းထားပါကြောင်း၊ ထရန်စဖော်မာ သုံးလုံးတပ်ဆင်မည်ဖြစ်ကြောင်း၊
၄၀၀ ဝပ် ဓာတ်အားလိုင်း နှစ်မိုင်ခွဲကိုယ့်အားကိုယ်ကိုး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဘတ်ဂျက်ပါ
လျာထားချက်များအတိုင်း တစ်ဆင့် ချင်းဆောင်ရွက်နေပါကြောင်း၊ ကျောက်တစ်လုံးကြီးဒေသအတွက်
ညောင်ရွှေမြို့နယ်မှ 66 kW ဓာတ်အား လိုင်းဆွဲရန် လျာထားထားပါကြောင်း၊ ၂၀၁၄-၂၀၁၅ ဘတ်ဂျက်တွင်
ပါဝင်ပါကြောင်း၊ ဆီဆိုင်၊ ဆိုက်ခေါင်၊ ကျောက်တစ်လုံးကြီးဒေသများတွင် ၁၀ မိုင်အတွင်းရှိ
ရွာများ ဓာတ်အားရရှိ အောင်၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် အတွင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဖြေကြားအပ်ပါသည်။
(ဆက်လက်ဖော်ပြပါမည်)
No comments:
Post a Comment