(၁-၁၂-၂၀၁၃)
မိဘ ပြည်သူများ ခင်ဗျား
ယခုလ ရေဒီယိုကနေ ပြည်သူ လူထုထံ ဆက်သွယ်
ပြောကြားတဲ့ အစီ အစဉ်မှာ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ထွန်း နေတဲ့ နိုင်ငံရေး အပြောင်း
အလဲများနဲ့ ပတ်သက်တဲ့ သဘောထားနှင့် ရပ်တည်ချက် အချို့ကို ရှင်းလင်း ပြောကြား သွားမှာ
ဖြစ်ပါတယ်။
လက်ရှိ ကျွန်တော်တို့ မြန်မာ နိုင်ငံမှာ
ရရှိထားတဲ့ နိုင်ငံရေး အပြောင်း အလဲများနဲ့ ဖြစ်စဉ်များဟာ ၂ နှစ် ကျော် ကာလကို ရောက်ရှိ
လာခဲ့ပြီ ဖြစ်ပါတယ်။ ဒီလို ရောက်ရှိ လာတာနဲ့အညီ သိသာတဲ့ အဆင့် တစ်ခုသို့ ရောက်နေပြီ
ဆိုတဲ့ အချက် ကတော့ ငြင်းဆိုလို့ မရတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဒီအဆင့်ကို ရောက်ရှိ လာအောင်
ကျွန်တော်တို့ မြန်မာ့ လူ့အဖွဲ့အစည်း တစ်ခုလုံး အနေနဲ့ အခက်အခဲ ပေါင်းများစွာ၊ ပြဿနာ
ပေါင်းများစွာနဲ့ စိန်ခေါ် မှုများစွာ ရှိနေတဲ့ ကြားထဲက ကြိုးစား တက်လှမ်း နိုင်ခဲ့ခြင်း
ဖြစ်တယ် ဆိုတာကလည်း ငြင်းဆိုလို့ မရတဲ့ အချက်ပါပဲ။ အခု ရရှိထားတဲ့ အဆင့်ဟာ ဆိုရင် မျိုးစေ့
အဆင့်ကနေ အစို့အညှောက် ပေါက်တဲ့အဆင့်သို့ ရောက်ရှိ လာပြီလို့ ပြောရမှာ ဖြစ်ပါတယ်။ အစို့အညှောက်
ဘဝကနေ အဆင့်ဆင့် ရှင်သန် ကြီးထွားဖို့ ဆိုတာ ကတော့ ကျွန်တော်တို့ အားလုံး မဖြစ်မနေ
ဆက်လက် လုပ်ဆောင် သွားရမယ့် အမျိုးသားရေး တာဝန် တစ်ရပ်ပဲ ဖြစ်ပါတယ်။ ဒီကိစ္စဟာ တခြား
ရွေးချယ်စရာ နည်းလမ်း မရှိဘဲ၊ လက်ရှိ ဖြစ်ထွန်းနေတဲ့ နိုင်ငံရေး အပြောင်း အလဲများ ခိုင်မာပြီး
အသွင် ကူုးပြောင်းရေး ကိစ္စအရပ်ရပ် လမ်းမှန်ကမ်းမှန် ဖြစ်စေဖို့ မိမိတို့ အားလုံး မဖြစ်မနေ
လုပ်ဆောင် ကြရမှာပဲ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်တွေ ဆက်လက် ရှင်သန်နိုင်ဖို့ ဆိုတာ ကျွန်တော်တို့
မြန်မာ နိုင်ငံသား အားလုံးမှာ တာဝန်ရှိ ပါတယ်။ နိုင်ငံရေး အပြောင်းအလဲများနဲ့ အသွင်းကူးပြောင်း
ဖြစ်စဉ်များ ဒီအဆင့်ကို ရောက်လာဖို့ ဆိုတာ အစိုးရ တစ်ဖွဲ့တည်းရဲ့ ကြိုးပမ်း အားထုတ်မှုနဲ့
ရောက်ရှိလာခြင်း မဟုတ်ဘဲ အစိုးရ လွှတ်တော်များ၊ နိုင်ငံရေး ပါတီများနဲ့ နိုင်ငံရေး
အစုအဖွဲ့များ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ စီးပွားရေး လုပ်ငန်းများနှင့် အသင်း အဖွဲ့များ၊
တပ်မတော်နဲ့ နိုင်ငံသား တစ်ဦးချင်းစီက ကျရာ ကဏ္ဍကနေပြီး လွန်ခဲ့သည့် ၂ နှစ်ကျော် ကာလအတွင်း
ဝိုင်းဝန်း အားထုတ် ကြိုးပမ်း လုပ်ဆောင်ခဲ့ကြလို့ ယခုလို အခြေအနေကို တက်လှမ်း နိုင်ခဲ့တာ
ဖြစ်ပါတယ်။
ယခု ၂ နှစ်ကျော် ကာလမှာ တက်လှမ်း နိုင်ခဲ့တဲ့
နိုင်ငံရေး ဖြစ်ထွန်းမှု အဆင့်ဆင့်ကို ရေရာသေချာတဲ့ အသွင် ကူးပြောင်း ရေး ဖြစ်စဉ်တစ်ရပ်
အနေနဲ့ ခိုင်ခိုင်မာမာ ဖြစ်ပေါ်လာဖို့ ဆိုရင် မိမိတို့ ထားရှိရမယ့် တူညီတဲ့ ရည်မှန်းချက်
တွေဟာလည်း ခိုင်မာတဲ့ ရပ်တည်ချက်တွေ ပါဝင်ဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် ထားရှိရမယ့်
တူညီတဲ့ ရည်းမှန်းချက် တွေဟာ လက်တွေ့ ကျဖို့လည်း လိုအပ်ပြီး ကျွန်တော်တို့ အားလုံး
ညီညီညွတ်ညွတ် ၀ိုင်းဝန်းကြိုးပမ်း တည်ဆောက်ကြရမှာ ဖြစ်ပါတယ်။ လက်ရှိ မျိုးဆက်အတွက်
သာမကဘဲ နောင်လာမယ့် မျိုးဆက်သစ်တွေ အတွက်ပါ ခိုင်မာတဲ့၊ အာမခံချက်ရှိတဲ့ နိုင်ငံရေးအနာဂတ်
ပိုင်ဆိုင်ဖို့အတွက် လိုအပ်တဲ့ အခြေခံကောင်းများ ပါဝင်တဲ့ အုတ်မြစ်တွေ ချနေခြင်း ဖြစ်တယ်လို့
ရှုမြင်ကြရမှာ ဖြစ်ပါတယ်။
နိုဝင်ဘာလ အတွင်းမှာ လုပ်ဆောင်ခဲ့တဲ့
နိုင်ငံရေး ဆိုင်ရာ ကိစ္စရပ်များ၊ ငြိမ်းချမ်းရေး ဆိုင်ရာ ကိစ္စရပ်များကို ဆက်လက် ရှင်းလင်း
တင်ပြ လိုပါတယ်။ နိုဝင်ဘာလမှာ အရေးကြီးတဲ့ ကိစ္စတစ်ခု ကတော့ EU-Myanmar Task Force ဆွေးနွေးပွဲများ
အောင်မြင်စွာ ကျင်းပ နိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပွင့်လင်း လွတ်လပ်တဲ့
လူ့အဖွဲ့အစည်း တစ်ရပ် ဖြစ်ပေါ်ရေး၊ ရေရှည် ဖွံ့ဖြိုးတိုးတက် မှုရှိပြီး ပြည်သူ အများကို
အကျိုးပြုတဲ့ အမျိုးသား စီးပွားရေး စနစ်တစ်ရပ် ပိုင်ဆိုင်ရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်
တွေကနေ တဆင့် အမျိုးသား စည်းလုံး ညီညွတ်ရေး တည်ဆောက်မှု လုပ်ငန်းစဉ် များကို အကောင်
အထည်ဖော် ကြိုးပမ်း ဆောင်ရွက်ရေး ကိစ္စတွေကို ကျွန်တော်တို့ အနေနဲ့ လွန်ခဲ့တဲ့ ၂ နှစ်ကျော်
ကာလအတွင်း ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်တွေ အတွက် အောင်မြင်ဖို့ ဆိုရင် ဒီမိုကရေစီ
စနစ် ရှင်သန်ရေးနဲ့ အမြစ်တွယ် ခိုင်မာရေး၊ မတူညီ ကွဲပြားမှုတွေ ရှိနေတဲ့ မိမိတို့ လူ့အဖွဲ့အစည်းမှာ
တန်းတူရည်တူ ရှိမှုနဲ့ အပြန်အလှန် လေးစားမှု ရှိရေး၊ လူများစုက လူနည်းစုရဲ့ လိုလားချက်
များကို အလေးထားရေး၊ ပွင့်လင်း လွတ်လပ်ပြီး တည်ငြိမ်မှု ရှိတဲ့ နိုင်ငံရေး ဖြစ်စဉ်နဲ့
နိုင်ငံရေးမှာ နိုင်ငံသား အားလုံး ပါဝင်နိုင်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးတက်
မြင့်မားလာရေးနဲ့ နိုင်ငံတကာ ရင်းနှီးမြှပ်နှံမှု အပါအ၀င် ကမ္ဘာ့စီးပွားရေး စနစ်နဲ့ ပြန်လည်
ချိတ်ဆက်မိရေး ဆိုတဲ့ ကိစ္စရပ်များဟာ အထူး အရေးကြီးပါတယ်။ ဒီလုပ်ငန်းစဉ်တွေကို မြန်မာနိုင်ငံနဲ့
ဥရောပ သမဂ္ဂနိုင်ငံများ အကြား ထိထိရောက်ရောက် ပူးပေါင်း ဆောင်ရွက် နိုင်ဖို့အတွက်
EU-Myanmar Task Force ကို ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ အခုလို ပူးပေါင်းဆောင်ရွက်ရာမှာ
အစိုးရ၊ လွှတ်တော်များ၊ စီးပွားရေးလုပ်ငန်းရှင်များနဲ့ အသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများနဲ့
နိုင်ငံရေး အစုအဖွဲ့များ၊ အရပ်ဘက် လူ့အဖွဲ့အစည်း များနဲ့ လုံခြုံရေး အဖွဲ့အစည်းများ
အချင်းချင်း အဆင့်ဆင့် အလွှာပေါင်းစုံ ချိတ်ဆက် လုပ်ဆောင်ဖို့ စီမံ ဆောင်ရွက်ထားတယ်
လို့လည်း သိရှိရပါတယ်။ EU- Myanmar Task Force ကို ဖွဲ့စည်း နိုင်ခြင်းဟာ ဥရောပသမဂ္ဂ
နိုင်ငံများနဲ့ မြန်မာနိုင်ငံ အကြား ရေရှည်ခိုင်မာတဲ့ ဆက်ဆံရေး တစ်ရပ် အစပြု ထူထောင်ခြင်းလည်း
ဖြစ်ပါတယ်။ ဒီကနေ့ အချိန်ကာလလို မြန်မာနိုင်ငံ အနေနဲ့၊ သိက္ခာရှိတဲ့ မိသားစုဝင် နိုင်ငံတစ်နိုင်ငံ
အနေနဲ့ ကမ္ဘာ့မိသားစု နိုင်ငံများအကြား ပြန်လည် ၀င်ရောက်ဖို့ ကြိုးပမ်းနေချိန်မှာ အခုလို
ဘက်စုံ ဆက်ဆံရေး ပုံစံတစ်ခု အစပြုနိုင်ရေး ကြိုးပမ်း အားထုတ်ခဲ့ကြတဲ့ ဥရောပသမဂ္ဂမှ တာဝန်ရှိသူများနဲ့
မိမိအစိုးရ တာဝန်ရှိ ၀န်ကြီးများ၊ ၀န်ထမ်းများ ကိုလည်း မှတ်တမ်း တင်ရမှာ ဖြစ်ပါတယ်။
ယခုလို ကိစ္စရပ်များကို ဆက်လက်ကြိုးပမ်း ဆောင်ရွက် သွားကြမယ် ဆိုရင်တော့ များမကြာမီ
ကာလမှာ မြန်မာနိုင်ငံ အနေနဲ့ ကမ္ဘာ့ မိသားစုအလယ်မှာ သိက္ခာရှိတဲ့၊ တာဝန်သိတဲ့ နိုင်ငံ
တစ်နိုင်ငံအဖြစ် ရပ်တည်နိုင်မှာ ဖြစ်တယ်လို့ ကျွန်တော့် အနေနဲ့ ယုံကြည်ကြောင်း အလေးအနက်
ပြောကြားလိုပါတယ်။
ငြိမ်းချမ်းရေး ဆိုင်ရာ ကိစ္စရပ်များနဲ့
ပတ်သတ်လို့ လိုင်ဇာဒေသမှာ ကျင်းပပြုလုပ်ခဲ့တဲ့ တိုင်းရင်းသား အဖွဲ့ပေါင်းစုံ ပါဝင်တဲ့
ဆွေးနွေးပွဲဟာ ငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ်မှာ အရေးကြီးတဲ့ သမိုင်းမှတ်တိုင်
တစ်ခုပဲ ဖြစ်ပါတယ်။ ဒီ လိုင်ဇာဆွေးနွေးပွဲနဲ့ ဆက်စပ်ပြီး မြစ်ကြီးနားမြို့မှာ ကျင်းပခဲ့တဲ့
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ တိုင်းရင်းသားအဖွဲ့ ပေါင်းစုံတို့ရဲ့
ဆွေးနွေး ညှိနှိုင်းမှုများ ဟာလည်း အောင်မြင်မှုရရှိပြီး တစ်ပြည်လုံး အတိုင်းအတာ အပစ်အခတ်
ရပ်စဲရေးအတွက် အဆင့်ဆင့် ဖြစ်ထွန်းမှုများ ဖြစ်တယ်ဆိုတာ တွေ့မြင်ရမှာဖြစ်ပါတယ်။ မြစ်ကြီးနား
ဆွေးနွေးပွဲများကို အခြေခံပြီး ဒီဇင်ဘာလမှာ တိုင်းရင်းသား အဖွဲ့ပေါင်းစုံ ဘားအံမြို့မှာ
တွေ့ဆုံ ဆွေးနွေးဖို့ ဆုံးဖြတ်ချက် ချနိုင်ခဲ့တာကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ကြားကာလမှာ
ငြိမ်းချမ်းရေး ဆိုင်ရာ ဆွေးနွေး ညှိနှိုင်းမှုများ မြန်ဆန် သွက်လက်စေဖို့အတွက် တိုင်းရင်းသား
အဖွဲ့အစည်း ပေါင်းစုံက တာဝန် ပေးအပ်ထားတဲ့ အလုပ်အဖွဲ့ တစ်ရပ် ဖွဲ့စည်းပြီး တိုင်းရင်းသား
အဖွဲ့အစည်း ပေါင်းစုံ အခြေပြုရာ ဒေသ အားလုံးကို
သွားရောက် ညှိနှိုင်းလျှက် ရှိကြောင်း ကိုလည်း သိရှိထား ပါတယ်။ အခုလို ဆောင်ရွက်မှုများဟာ
မိမိတို့ အားလုံး လက်တွဲပူးပေါင်း လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ်မှာ တိုင်းရင်းသား
အဖွဲ့အစည်း အားလုံးရဲ့ ထက်သန်သော စိတ်ရင်း စေတနာမှန်ကို ပြသနေခြင်း ဖြစ်တယ်လို့ ကျွန်တော့်အနေနဲ့
ရှုမြင်ပါကြောင်း ပြောကြား လိုပါတယ်။ အလျဉ်းသင့်လို့ ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ စပ်လျဉ်းတဲ့
အချက်တစ်ချက်ကို ဒီနေရာမှာ ပြောကြားလိုပါတယ်။ ကျွန်တော့်အနေနဲ့ ၂၀၁၁ ခုနှစ်၊ ဩဂုတ်လ
၁၈ ရက်နေ့မှာ ငြိမ်းချမ်းရေးကို စတင် ဖိတ်ခေါ်ခဲ့ပါတယ်။ ဖိတ်ခေါ်ခဲ့တဲ့ အစဦး ကာလတွေမှာ
ဒီငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ်မှာ မယုံကြည်မှု၊ သံသယ ဖြစ်မှုတွေ များစွာ ရှိခဲ့ပေမယ့်
လွန်ခဲ့တဲ့ နှစ်နှစ်တာ ကာလမှာ အပစ် အခတ် ရပ်စဲရေး အပါအဝင် ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များ
အဆင့်ဆင့် တက်လှမ်းနိုင်ခဲ့ပါတယ်။ ဒီလို တက်လှမ်းနိုင်ခြင်းဟာ ပါဝင်ပတ်သက်သူ အားလုံးရဲ့
စိတ်ရင်းစေတနာမှန်ကို အခြေခံတဲ့ အောင်မြင်မှုများလို့ ဆိုရမှာ ဖြစ်ပါတယ်။ ကျန်ရှိနေသေးတဲ့
သံသယတွေ၊ မယုံကြည်မှုတွေ၊ စိုးရိမ်ကြောင့်ကြမှုတွေကို ဖြေလျှော့ပြီး မှန်ကန်တဲ့ နိုင်ငံရေး
နည်းလမ်းတွေနဲ့ တိုင်းရင်းသား များရဲ့ လိုလားချက် များကို ဆွေးနွေး ညှိနှိုင်းဖို့ အခိုင်အမာ
သံန္နိဋ္ဌာန် ချထားကြောင်းကိုလည်း ပြောကြားလိုပါတယ်။ ထပ်လောင်း ပြောကြားလိုတဲ့ ကိစ္စကတော့ ယခု တစ်ကြိမ် ငြိမ်းချမ်းရေး ကမ်းလှမ်းတာဟာ စိတ်ရင်း
စေတနာမှန်ကို အခြေပြုတဲ့၊ နိုင်ငံရေး နည်းလမ်းနဲ့ ဆွေးနွေး ညှိနှိုင်းဖို့ ဖြစ်တယ်ဆိုတဲ့
အချက်ပဲ ဖြစ်ပါတယ်။ ဒီနိုင်ငံရေး နည်းလမ်းနဲ့ ဆွေးနွေး ညှိနှိုင်းရန် အတွက် လုပ်ငန်းစဉ်
အဆင့်ဆင့် ဖြစ်တဲ့ တပြည်လုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေး ထိုးခြင်း၊ နိုင်ငံရေး
ဆွေးနွေးပွဲ ဆိုင်ရာ မူဘောင် သဘောတူညီမှု ရယူခြင်းနဲ့ နိုင်ငံရေး ဆွေးနွေးပွဲများ စတင်ခြင်းတို့ကို
အဆင့်ဆင့် လုပ်ဆောင် သွားကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
အခြား ဖြစ်ထွန်းမှု တစ်ရပ်အနေနဲ့ နိုင်ငံရေး
ပါတီများမှ ကိုယ်စားလှယ်များ စုစည်းပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များနဲ့
စတင်ထိတွေ့ ဆွေးနွေးလျက် ရှိကြောင်း သိရှိရပါတယ်။ ယခုလို ဆွေးနွေး ညှိနှိုင်းမှုများ
ကိုလည်း ကျွန်တော့် အနေနဲ့ ကြိုဆို အားပေးလျက် ရှိကြောင်း ပြောကြား လိုပါတယ်။ ဒါ့ကြောင့်
ကျွန်တော့် အနေနဲ့ ဒီဇင်ဘာလ ထဲမှာ ကျင်းပမယ့် ဘားအံ ညီလာခံများ ကနေ အစွန်းတရား များကို
ရှောင်နိုင်တဲ့ ဆွေးနွေး ညှိနှိုင်းမှုများက တဆင့် ရလဒ် ကောင်းများ ရရှိပြီး ငြိမ်းချမ်းရေး
တည်ဆောက်မှု လုပ်ငန်းများ အဆင့်လိုက် တိုးမြှင့် လုပ်ဆောင် သွားနိုင်မယ်လို့ မျှော်လင့်
လျှက် ရှိကြောင်း ပြောကြား လိုပါတယ်။
လက်ရှိ အစိုးရ လက်ထက်မှာ ချမှတ်ထားတဲ့
ဦးစားပေး လုပ်ငန်းစဉ် တစ်ရပ်ဖြစ်တဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်ရဲ့ အဓိက
အစိတ်အပိုင်း များဖြစ်တဲ့ ကျေးလက်ဒေသ လျှပ်စစ်မီး ရရှိရေးနဲ့ သန့်ရှင်းသော သောက်သုံးရေ
ရရှိရေး ကိစ္စရပ်များကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက် ရှိပါတယ်။ ဒီကိစ္စရပ်တွေနဲ့
ပတ်သက်ပြီး ပြောကြား လိုတာကတော့ ကျေးလက်ဒေသ သန့်ရှင်းသော သောက်သုံးရေ ရရှိရေးကို အမျိုးသား
အဆင့် စီမံချက်များ ချမှတ်ပြီး ဦးစားပေး လုပ်ငန်းများအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်
ရှိပါတယ်။ အမျိုးသား ကျန်းမာရေး တည်ဆောက်မှုရဲ့ အခြေခံ အကျဆုံး လိုအပ်ချက် ဖြစ်တဲ့ သန့်ရှင်းသော
သောက်သုံးရေ ရရှိရေးအတွက် မိမိတို့နိုင်ငံမှာ ရှိနေပြီးဖြစ်တဲ့ ရေအရင်းအမြစ် များစွာကို
ပေါင်းစည်းထားသည့် ရေစီမံခန့်ခွဲမှု စနစ်နဲ့ ထိရောက်စွာ အသုံးချနိုင်ဖို့ အမျိုးသားရေး
လိုအပ်ချက်အဖြစ် ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။
ဒါ့အပြင် အခြေခံဥပဒေ ပြင်ဆင်ရေး အတွက်
ကြိုးပမ်း ဆောင်ရွက်ကြတဲ့ အခါမှာ ကျွန်တော့်အနေနဲ့ အရးကြီးဆုံး အချက်လို့ ရှုမြင်တဲ့
ကိစ္စရပ်ကတော့ လက်တွေ့ နိုင်ငံရေး အခြေအနေကို ထင်ဟပ်တဲ့ စဉ်းစား တွေးခေါ်မှုတွေ၊ လုပ်ဆောင်မှု
တွေနဲ့ နိုင်ငံရေးဦးဆောင်မှု ပေးခြင်းတို့ပဲ ဖြစ်ပါတယ်။ ဒီလို ကြိုးပမ်း ဆောင်ရွက်ရာမှာ
နိုင်ငံရေး ခေါင်းဆောင်များ အားလုံးအနေနဲ့ ဒီမိုကရေစီ အရေးကို နှောင့်နှေးစေသည့် အစွန်းနှင့်
မြန်ဆန် လွန်းသည့်အတွက် အလှမ်းကျယ် အလယ်လပ်တဲ့ အစွန်းနှစ်ပါးကို ရှောင်ရှားပြီး မိမိတို့နိုင်ငံရဲ့
နောက်ခံ သမိုင်းကြောင်း၊ ယခု ပစ္စုပ္ပန် အခြေအနေနဲ့ အနာဂတ် အတွက် အကျိုးအပြစ် တို့ကို
ရှုမြင် သုံးသပ်ကာ နိုင်ငံရေး ရင့်ကျက်မှု ရှိရှိ၊ ဓမ္မဓိဋ္ဌာန် ကျကျနဲ့ ယခု ရရှိထားတဲ့
နိုင်ငံရေး အပြောင်းအလဲနဲ့ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များကို အားဖြည့်ရာ ရောက်စေမယ့်
ချဉ်းကပ် မှုများနဲ့ ကိုင်တွယ် လုပ်ဆောင် ကြဖို့လည်း တိုက်တွန်း ပြောကြားအပ်ပါတယ်။
တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်နေ့ဟာ
ဆိုရင် ၉၃ နှစ်မြောက် အမျိုးသားနေ့ပဲ ဖြစ်ပါတယ်။ ဒီအမျိုးသားနေ့ အခါသမယမှာဆိုရင် ကျွန်တော်တို့ဟာ
အတိတ်ကာလမှာ မြန်မာနိုင်ငံသူ နိုင်ငံသားတွေရဲ့ မှန်ကန်တဲ့ အမျိုးသားရေး စိတ်ဓာတ် ပြင်းထန်နိုးကြား
လာမှုတွေဟာ ပြည်သူများ အကြားမှာ နိုင်ငံရေး အသိစိတ် နိုးကြားမှုနဲ့ နိုင်ငံရေး ဖြစ်စဉ်မှာ
ပါဝင်လိုမှု တွေကို မြင့်မားလာခဲ့ စေတယ် ဆိုတာကို ပြန်လည် အမှတ်ရ ကြမှာပဲ ဖြစ်ပါတယ်။
မှန်ကန်တဲ့ အမျိုးသားရေး စိတ်ဓာတ်ကို အခြေခံပြီး စတင်ခဲ့တဲ့ နိုင်ငံရေး နိုးကြားမှု၊
ဒီနိုင်ငံရေး နိုးကြားမှုကို အခြေခံတဲ့ နိုင်ငံရေး ဖြစ်စဉ်၊ အမျိုးသား စည်းလုံး ညီညွှတ်မှု
အားနဲ့ လွတ်လပ်ရေး ရယူနိုင်ခဲ့ သလိုပါပဲ။ ကျွန်တော်တို့ မြန်မာနိုင်ငံသား အားလုံးအနေနဲ့
ယခု အချိန်မှာလည်း လွတ်လပ်ရေး ရယူစဉ် ကာလကလို အမျိုးသား စည်းလုံး ညီညွှတ်မှု အားတစ်ခု
တည်ဆောက်ပြီး မိမိတို့ မြင်တွေ့လိုတဲ့ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လွတ်လပ်တဲ့
လူ့အဖွဲ့အစည်း တစ်ရပ် ဖြစ်အောင် ကြိုးစား ဆောင်ရွက် ရမှာ ဖြစ်ပါတယ်။ ဒီလို ပွင့်လင်း
လွတ်လပ်တဲ့ လူ့အဖွဲ့အစည်း ဖြစ်ပေါ် လာအောင်ဆိုရင် လက်ရှိ ရရှိထားတဲ့ နိုင်ငံရေး အပြောင်းအလဲ
များနဲ့ ဖြစ်စဉ်တွေ ဆက်လက် ရှင်သန်ဖို့ လိုပါတယ်။ ဒီလို ဆက်လက် ရှင်သန်မှလဲ ခိုင်မာတဲ့
အသွင် ကူးပြောင်းရေး အဆင့်ကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ယနေ့ ပြည်သူလူထု
အများစု လိုလားတဲ့ ဒီမိုကရေစီစနစ် ပီပြင်စွာ ပေါ်ပေါက် လာစေရေးနဲ့ အမြစ်တွယ် ခိုင်မာစေရေး
အတွက် လက်ရှိ ဖြစ်စဉ်တွေ ဆက်လက် ရှင်သန်အောင်၊ ခိုင်မာတဲ့ အသွင် ကူးပြောင်းရေး အဆင့်ဆင့်ကို
တက်လှမ်း နိုင်အောင်၊ အမျိုးသားစည်းလုံး ညီညွှတ်မှု အားနဲ့ တည်ဆောက် သွားကြပါလို့ တိုက်တွန်း
ပြောကြား လိုပါတယ်။
နိဂုံးချုပ် အနေနဲ့ လာမယ့် ဒီဇင်ဘာလ
(၁၁) ရက်နေ့မှာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခွင့် ရခဲ့တဲ့
(၂၇) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကြီးကို နေပြည်တော်
ဝဏ္ဏသိဒ္ဓိ အားကစား ကွင်းမှာ ကျင်းပ ပြုလုပ်တော့မှာ ဖြစ်ပါတယ်။ နှစ်ပေါင်း (၄၄) နှစ်ကြာပြီးမှ
ကျင်းပ ပြုလုပ်ခွင့် ရခဲ့တဲ့အတွက် ကျွန်တော်တို့ နိုင်ငံသား အားလုံး ငါတို့ လုပ်နိုင်တယ်လို့
ဂုဏ်ယူ ကြရမှာ ဖြစ်ပါတယ်။ အဝေးကနေ လာရောက်ကြတဲ့ မိမိတို့ရဲ့ အာဆီယံ မိသားစုဝင် အားကစား
သမားတွေကို ကူညီကြဖို့၊ ကာကွယ် စောင့်ရှောက် ကြဖို့ မိမိတို့မှာ တာဝန်ရှိ ပါတယ်။ ကူညီ
စောင့်ရှောက် ပေးကြဖို့နဲ့ အားကစား ပြိုင်ပွဲများမှာ နိုင်ငံကြီးသား ပီသစွာ မျှမျှတတ
အားပေးကြဖို့ တိုက်တွန်း ပြောကြားရင်း နိဂုံးချုပ် အပ်ပါတယ်။
မိဘ ပြည်သူများ ကိုယ်စိတ် နှစ်ပါး ကျန်းမာ
ချမ်းသာ ကြပါစေ။
No comments:
Post a Comment