Saturday, November 23, 2013

ပြန်ကြားရေးဝန်ကြီးဌာနနှင့် Shanti Volunteer Association နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုး



နေပြည်တော် နိုဝင်ဘာ ၂၃
ပြန်ကြားရေးဝန်ကြီးဌာနနှင့် Shanti Volunteer Association နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးပွဲကို ယနေ့ နံနက် ၁၁ နာရီအချိန်က ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပ ပြုလုပ် သည်။ လက်မှတ် ရေးထိုးပွဲသို့ ပြန်ကြားရေး ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးရဲထွဋ် တက်ရောက် ချီးမြှင့်ပြီး ပြန်ကြားရေး ၀န်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲတင့်နှင့် Shanti Volunteer Association မှ ဥက္ကဋ္ဌ Mr. Kyoei Wakabayashi တို့က လက်မှတ် ရေးထိုးကြပြီး နားလည်မှု စာချွန်လွှာကို အပြန်အလှန် လဲလှယ်ကြသည်။

ပြန်ကြားရေး ၀န်ကြီးဌာနနှင့် Shanti Volunteer Association အကြား ရေးထိုးသည့် နားလည်မှု စာချွန်လွှာတွင် မြန်မာနိုင်ငံ ကလေးများအတွက် စာအုပ် ထုတ်လုပ်ရန်နှင့် စာဖတ်စွမ်းရည် တိုးတက်လာစေရန်၊ စာတတ်မြောက် စေရန်နှင့် ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများ ဖြည့်ဆည်း ဆောင်ရွက် ပေးရန်၊ ကလေးများ အတွက် စာအုပ် အရည်အသွေး တိုးတက်လာစေရန်၊ မော်တော်ဆိုင် ကယ်ဖြင့် ရွေ့လျား စာကြည့်တိုက်များ ပြုလုပ်ပေးရန်၊ ကလေးများ အတွက် နေရာထိုင်ခင်း တိုးတက် ကောင်းမွန်လာရေး ဆောင်ရွက်ရန်၊ စာကြည့်တိုက်များ အတွက် အင်တာနက် အသုံးပြုရန် ကွန်ပျူတာများ ပံ့ပိုးခြင်း နှင့် စာကြည့်တိုက် သင်တန်းများ ပေးခြင်းတို့ကို Shanti Volunteer Association မှ ထောက်ပံ့ ဆောင်ရွက် သွားမည် ဖြစ်ပြီး စီမံကိန်း ကာလမှ (၃)နှစ် ဖြစ်သည်။
အဆိုပါစီမံကိန်းကို ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ (၁)ရက်နေ့တွင် စတင်မည် ဖြစ်ပြီး စီမံကိန်းအတွက် အသုံးပြု မည့်ငွေမှာ အမေရိကန် ဒေါ်လာ ၅၇၅၈၀၀ ဖြစ်ကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment