Friday, October 18, 2013

ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ခြင်းအားဖြင့် လက်ရှိ လျှောက်လှန်းနေတဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ တည်တည် ငြိမ်ငြိမ်၊ အေးအေး ချမ်းချမ်းနဲ့ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားနိုင်

နေပြည်တော် အောက်တိုဘာ ၁၇
၁၄-၁၀-၂၀၁၃ ရက်နေ့နှင့် ၁၆-၁၀-၂၀၁၃ ရက်နေ့တို့တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအစီအစဉ်မှ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဥပဒေ စကားဝိုင်းကို စီစဉ်တင်ဆက်သွားခဲ့ပါသည်။
ယနေ့အချိန်တွင် နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများ၊ ဥပဒေပညာ ရှင်များအကြားတွင်လည်းကောင်း၊ သတင်း မီဒီယာများ တွင်လည်းကောင်း၊ ဆွေးနွေးနေကြသည်များမှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အသစ် ပြန်ရေးကြရန်၊ ပြင်ဆင်ကြရန် ဆိုသည့်အကြောင်းအရာပင် ဖြစ်ပါသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေဆို သည်မှာ  နိုင်ငံတစ်နိုင်ငံ၏ အသက် ဖြစ်ပါသည်။  ပြည်သူများအားလုံး အခြေခံဥပဒေအကြောင်း ကျယ်ကျယ် ပြန့်ပြန့် သိရှိစေရန် အတွက် ဥပဒေ စကားဝိုင်း ကိုရွေးချယ်ဆွေးနွေးတင်ပြခြင်းဖြစ်ကြောင်း သိရှိ ရသည်။
ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးကြသူများမှာင်ငံတော်သမ္မတ၏ဥပဒေအကြံပေးဦးသောင်းညွန့်၊ကချင်တိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင် ဒေါက်တာမနန်တူးဂျာ၊ Myanmar Peace Centerမှ  ဥပဒေအကြံပေး ပုဂ္ဂိုလ် ဒေါက်တာအင်ဒရူး ငွန်ကျုံးလျန်၊ အမျိုးသားလွှတ်တော်နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေရေးရာ ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းနှင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံး အငြိမ်းစားညွှန်ကြားရေးမှူး ဥပဒေပညာရှင်  ဦးသန်းအောင် တို့ဖြစ်ပါသည်။
ယမန်နေ့မှအဆက်
ဦးသန်းအောင်။ ဆရာဦးကျော်ဝင်းက ကျွန်တော့်ကို ဆွေးနွေးဖို့ တိုက်တွန်းလာတဲ့အတွက်ကြောင့် ဖွဲ့ စည်းပုံ အခြေခံ ဥပဒေကို အသစ်ရေး ကြမလား၊ ပြင်ကြမလားဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ကျွန်တော် သိထားသမျှ လေးကို   ဗဟုသုတနဲ့   ဥပဒေရှုထောင့်ကနေပြီး ရှင်းပြချင်ပါတယ်။  ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ဆရာဦးကျော်ဝင်း ပြောသွားတဲ့ အတိုင်း  ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းဆိုတဲ့အခန်း၊ အခန်း ၁၂ မှာ ပါပါတယ်။  ပုဒ်မ ၄၃၃ ကနေပြီးတော့ ပုဒ်မ ၄၃၆ အထိရှိပါတယ်။  အခုပြောနေကြတာက ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အသစ်ရေးကြမလား၊ ပြန်ပြင်မလား ပြောနေကြ ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ အသစ် ပြန်ရေးဖို့ဆိုတဲ့ ပြဋ္ဌာန်းချက် မပါရှိပါဘူး။ ပြင်ဆင်ဖို့ ပြဋ္ဌာန်းချက်ပဲ ပါပါတယ်။
အသစ်ရေးကြမယ်ဆိုရင်လည်းပဲ အကြောင်းတရား(၃)ရပ်အပေါ်မှာ အခြေခံပြီးတော့မှပဲ ဖွဲ့စည်းပုံ အသစ် ရေးလေ့ရေးထ ရှိပါတယ်။ ပထမ အကြောင်းတရားကဘာလဲဆိုတော့ နိုင်ငံတစ်နိုင်ငံကိုတပ်မတော်က အာဏာ သိမ်းလိုက်တယ်။ နောက်လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်း လိုက်တယ်။ အဲဒီအခါမျိုးမှာ အသစ် ရေးရတော့တာ။ ဒုတိယ အကြောင်းတရား ကတော့ လက်ရှိအစိုးရကိုပြည်သူတွေက မကြိုက်ကြတော့ဘူးဆိုရင် ဆူပူ အုံကြွမှုတွေ ဖြစ်လာတယ်။ အစိုးရကိုဖြုတ်ချတယ်။ ကြားဖြတ်အဖွဲ့အစည်း တစ်ခုက အုပ်ချုပ်ရတယ်။ အဲဒီမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးကြရပါ တယ်။  နောက်ဆုံးတစ်ခုကတော့ ပြည်သူတွေက လက်ရှိရှိနေတဲ့ စနစ်၊ နိုင်ငံရဲ့အသွင်သဏ္ဌာန်ကို ပြောင်းချင်တယ်။ ငြီးငွေ့ လာကြပြီ။ စနစ်ဟောင်း ကနေ စနစ်သစ်တစ်ခုကို ပြောင်းချင်ပြီ။ ပြည်သူတွေရဲ့ တညီတညွတ်တည်း သောဆန္ဒနဲ့ ပေါ့လေ။ အေးချမ်းတည်ငြိမ်စွာနဲ့  ပြောင်းချင်လာ တဲ့အခါကျတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသစ်ပြန်ရေးပြီး ပြောင်းကြ တယ်။
ဒီအကြောင်းတရား (၃)ရပ်ကလည်း ကျွန်တော်တို့နိုင်ငံရဲ့ သမိုင်းကြောင်းမှာ ပြန်ကြည့်ရင်တောင် သာဓက အနေနဲ့ တွေ့နိုင်ပါတယ်။ ဒီဖွဲ့စည်းပုံအခြေခံ အသစ်ကို ရေးကြမယ်။ ပြင်ကြမယ်။ အသစ်ရေးရင် ဘာတွေလိုအပ်ချက် တွေနဲ့ စိန်ခေါ်မှု တွေရှိနိုင်သလဲ။ ပြင်ဆင်ရင် ဘာလိုအပ်ချက်တွေ ရှိမလဲ။ စိန်ခေါ်မှု တွေရှိမလဲ။ ဘယ်လိုအကျိုးအပြစ်တွေ ရနိုင်မလဲ ဆိုတာနဲ့ ပတ်သက် ပြီးတော့ ဆက်ပြီးတော့ ဆွေးနွေးပါမယ်။
အသစ်ရေးတော့မယ်ဆိုရင် ဘာလိုအပ်လာလဲဆိုတော့ ပြန်လည်ပြု ပြင်ရေး၊ ပြောင်းလဲရေးအတွက် အဲ့ဒီကာလ အတွင်းမှာ ပြည်သူတွေရဲ့ အများ သဘောဆန္ဒကိုရယူဖို့ လိုအပ်လာတယ်။ တကယ်လို့များ အများသဘော တူညီမှုမရဘူးဆိုရင်   နိုင်ငံမ တည်မငြိမ်မှုတွေ ဖြစ်လာမယ်၊  ကာလတွေ ရှည်ကြာတတ်ပါတယ်။ ဥပမာအားဖြင့် ကင်ညာနိုင်ငံကို ကြည့် လိုက်မယ် ဆိုရင်   ကင်ညာနိုင်ငံမှာ ၁၉၉၇  ခုနှစ်ကနေပြီးတော့ ၂၀၁၀ခုနှစ်အထိ အဖြစ်ဆိုးနဲ့ ကြုံခဲ့ပါတယ်။  နောက်ဆုံး ၂၀၀၈ ခုနှစ်မှာသူတို့နိုင်ငံမှာ အကြမ်းဖက်မှုတွေ ပေါ်ခဲ့တဲ့ နမူနာလေး ရှိပါတယ်။
နောက်တစ်ခါ အသစ်ရေးတော့မယ်ဆိုရင် အသွင်ကူးပြောင်းရေး ကာလတစ်ခု လိုပါတယ်။ အဲဒီ့အသွင် ကူးပြောင်းရေး ကာလကလည်း ပဋိပက္ခ နည်းရင် မြန်ပေမယ့် ပဋိပက္ခများရင် ကြာတတ်ပါတယ်။ နောက်တစ်ခု က အသွင် ကူးပြောင်းရေး ကာလအတွင်းမှာ တရားမျှတမှုနဲ့ ပြန်လည်ရင်ကြား စေ့ရေးအတွက် လုပ်ငန်းစဉ်တွေ လိုအပ်သလို ဖွဲ့စည်းပုံ အခြေခံဥပဒေမူ ကြမ်းကို ရေးတဲ့အခါမှာလည်း ဘက်လိုက်မှုကင်းကင်းနဲ့ မျှမျှတတလုပ်ဖို့ လိုပါတယ်။ အဲ့ဒီလိုမှ မလုပ်ဘူးဆိုရင် ကျွန်တော်တို့ အောင်မြင်မှုမရနိုင်ပါဘူး။
နိုင်ငံရေးမတည်ငြိမ်မှုတွေ  ဖြစ်တတ်ပါတယ်။ ဥပမာအားဖြင့် လက်ရှိ ဖြစ်ပေါ်နေတဲ့ အီဂျစ်နိုင်ငံကိုကြည့်ရင် အဲဒီ့ပုံစံပါပဲ။ နောက်တစ်ခုက ဘက်စုံ ပြီးပြည့်စုံတဲ့ပါဝင်မှုမျိုး  လိုပါတယ်။ ပြည်သူတွေရဲ့ လိုလားထောက်ခံမှုမျိုး လိုပါတယ်။ နောက်တစ်ခါ ကျွမ်းကျင်ပညာရှင်တွေရဲ့ အထောက်အကူတွေ လိုပါတယ်။ ဒါဟာ လိုအပ်ချက်တွေ နဲ့ စိန်ခေါ်မှုတွေပါ။
အသစ်ရေးမယ်ဆိုရင် အကျိုးထက် အပြစ်က များပါတယ်။ အကျိုးက တော့ သိသာတဲ့  ပြောင်းလဲမှု ဖြစ်ပေါ်မယ်။ နောက်တစ်ခါ အဲဒီ့လို ရေးတဲ့အခါ ပြည်သူတွေရဲ့ လိုအင်ဆန္ဒနဲ့ ကိုက်ညီအောင် ဆောင်ရွက်နိုင် ရင် ပြည်သူတွေရဲ့ ထောက်ခံမှု၊ လိုလားမှုအပြည့်အဝရရှိမယ်။ နောက်တစ်ခါ ပြောင်းလဲနေတဲ့ ခေတ်အခြေ အနေနဲ့ ထင်ဟပ်ပြီးတော့ လုပ်ကိုင် ဆောင်ရွက်နိုင်မယ်။
ဒါပေမယ့် အပြစ်ပြန်ကြည့်လိုက်တဲ့အခါ အကျိုးစီးပွား၊ အတွေးအခေါ်၊ လူမှုစီးပွားတွေ ကွာဟချက်ကြီးမားတဲ့ လူ့အဖွဲ့ အစည်းမျိုး ဖြစ်နေတဲ့အခါကျ တော့ အဲဒီ့မှာ မတည်ငြိမ်မှုတွေဖြစ်လာနိုင်တယ်။  ဒါ့ထက်ဆိုးတာက နိုင်ငံရေး မတည်ငြိမ် မှုတွေ၊ အကြမ်းဖက်မှုတွေ ဖြစ်လာနိုင်တယ်။
အဲဒီအခါကျတော့ စစ်ဘက်ကနေပြီး ဝင်ရောက်စွက်ဖက်ရတဲ့ကိစ္စမျိုးတွေ ပေါ်လာတတ်ပါတယ်။ နောက်တစ်ခါ ငွေကုန် ကြေးကျတွေ များလာမယ်။ အချိန်ကာလတွေ ကြာလာမယ်။ အဲဒီ့လိုကြာလာတာနဲ့အမျှ ကျွမ်းကျင်မှု လိုအပ် ချက်တွေ လည်း လိုလာမယ်။ ဒါ့ထက်ဆိုးတာက အသွင်ကူးပြောင်းတဲ့ ကာလ အတွင်းမှာ ဖြစ်ပေါ်လာ မယ့်  အခက်အခဲတွေ အများကြီး ကြုံတွေ့နိုင်ပါတယ်။
ဒါက အသစ်ရေးရင်တွေ့ရမယ့် ဆိုးကျိုး၊ အပြစ်တွေ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ကြမယ် ဆိုရင်ကော။ ဒါကတော့ အခုလက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ကျွန်တော်တို့ အခန်း (၁၂) မှာပါတဲ့    ပြင်ဆင်တဲ့နေရာမှာ လိုက်နာရတဲ့ သတ်မှတ်ထားတဲ့ အချက်တွေကို လိုက်နာဖို့လိုသလို အဲ့ဒီမှာ သတ် မှတ်ထားတဲ့  ဆန္ဒမဲအရေအတွက် ထောက်ခံဆန္ဒမဲရဖို့  လိုအပ်မှာ ဖြစ်ပါတယ်။
နောက်တစ်ခါ လွှတ်တော်အတွင်းမှာ အချင်းချင်းသဘောတူညီမှုရအောင် သဘောထားကြီးကြီးနဲ့ စိတ်ရှည် ရှည်နဲ့ထားပြီး စည်းရုံးရမယ့်၊ ညှိနှိုင်းရမယ့် နိုင်ငံရေးရင့်ကျက်မှုလေးတွေလည်း လိုပါတယ်။ ဘဏ္ဍာငွေ လိုအပ်ချက်ရှိမယ်။ ကျွမ်းကျင်မှု အထောက် အကူတွေ လိုအပ်တာတွေရှိမယ်။ ဒါတွေက လိုအပ်ချက် တွေနဲ့ စိန်ခေါ်မှုတွေပါ။ အဲ့ဒီတော့ ပြင်ဆင်တဲ့ နေရာမှာတော့ အကျိုးနဲ့အပြစ် ပြန်ကြည့်လိုက်တဲ့အခါကျတော့ သူက အပြစ်ကနည်းပါတယ်။ အကျိုးရှိတာ များပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်တဲ့အခါကျတော့ အချိန်တိုအတွင်းမှာ ပြင်ဆင်တာကတော့ ပြီးသွား နိုင်မယ်။ ဒါဟာလွှတ်တော် တွင်းကိစ္စဖြစ်နေတာမို့ ပြင်ဆင်တာ အချိန်တို အတွင်းမှာ  ပြီးသွားနိုင်တယ်။ အသစ်ရေးတဲ့ နေရာမှာကြုံတွေ့ရမယ့် အကြမ်းဖက်မှုတွေ၊ နိုင်ငံရေး  မတည်ငြိမ်မှု တွေလည်း မတွေ့နိုင်ဖို့ ပိုပြီးတော့ များပါတယ်။ အေးအေးဆေးဆေး တည်တည် ငြိမ်ငြိမ်နဲ့ တစ်ဆင့်ပြီးတစ်ဆင့် ပြောင်းလဲသွားနိုင်တဲ့ အနေအထား တွေနဲ့လည်း ကြုံနိုင်ပါတယ်။
နောက်တစ်ခါ ပြင်ဆင်ဖို့အတွက်ဆိုရင်လည်း ပုဒ်မတစ်ခုချင်းအလိုက်ပဲ ဖြစ်စေ၊ အခန်းတစ်ခန်းချင်းစီ အလိုက်ပင်ဖြစ်စေ၊ အချင်းချင်းပြေလည်အောင် ညှိနှိုင်းပြီး အပေးအယူသဘောနဲ့ ညှိနှိုင်းကြရင် လွယ်လွယ် ကူကူနဲ့ ပြင်ဆင်တဲ့ နေရာမှာ ဆောင်ရွက်လို့ လွယ်သွားနိုင်တဲ့ အနေအထားတွေ ရှိပါတယ်။ ဒါကြောင့်အသစ်ရေးမလား၊ ပြင်ဆင်မလား ဆိုတာနဲ့ ပတ်သက်ရင် ပြည်သူတွေကို သိစေချင်တာက အသစ်ရေး တယ်ဆိုတာက ဆရာဦးကျော်ဝင်း ပြောသွားသလို၊ ဆရာဒေါက်တာ အင်ဒရူး ပြောသွားသလို အန္တရာယ်ကြီး တဲ့အလုပ်တစ်ခုပဲ ဖြစ် ပါတယ်။
ပြင်မယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ ဥပဒေကပြဋ္ဌာန်းပေး ထားတဲ့ ပြင်ဆင်ရာမှာလိုက်နာရမယ့် အချက် ကလေးတွေရရှိအောင် ညှိနှိုင်းပြီး၊ ဆွေးနွေးပြီး နိုင်ငံရေးရင့်ကျက်မှုနဲ့ လုပ်သွားကြမယ်ဆိုရင်  ကောင်းသွားမှာ ဖြစ်ပါတယ်။ ပြင်ဆင်ရင်းနဲ့ပဲ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးဟာ တဖြည်းဖြည်းနဲ့ အားနည်းချက် တွေမရှိတော့ဘဲ အားသာချက်တွေနဲ့ ပြည့်စုံ သွားနိုင်တဲ့ အနေ အထားမျိုး ရှိနိုင်ပါတယ်။
ကျွန်တော့်အနေနဲ့ကတော့ ပြင်ဆင်တာနဲ့ပတ်သက်ပြီးတော့ ဆရာ ဦးကျော်ဝင်း ခုနကပြောသွားသလို အသစ် ရေးမလား၊ ပြင်ဆင်မလား ဆိုတဲ့အပိုင်း လေးကို  ဥပဒေရှုထောင့်မှအမြင်လေးကို  တင်ပြဆွေးနွေးတာပါ။ အားလုံး လည်း ဆွေးနွေးပြီးပြီ ဆိုတော့ ဆက်ပြီးတော့ ဆရာဦးသောင်းညွန့်ကို ထပ်မံ ဆွေးနွေးဖို့များ ရှိသေးလား၊ ရှိသေးတယ်ဆိုရင် ဆွေးနွေး ပေးဖို့ မေတ္တာရပ်ခံ အပ်ပါတယ်။
ဦးသောင်းညွန့်။ တက်ရောက်လာတဲ့ ပုဂ္ဂိုလ်ကြီးများက ကိုယ်တွေ့ကြုံလာ ခဲ့တဲ့ အတွေ့အကြုံလေးတွေ အပေါ်မှာ  အခြေခံပြီး တော့မှ   ဆွေးနွေးသွား တာဟာ နိုင်ငံတော်အတွက် အကျိုးဖြစ်စေမယ့် အခြေအနေကို ဖန်တီးနိုင် အောင် ဆွေးနွေး သွားတာဖြစ်တဲ့အတွက်ကြောင့် အင်မတန်မှ ကောင်းမွန်ပါ တယ်။ စောစောက  ဦးကျော်ဝင်း ဆွေးနွေးသွားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တပ်မတော်ရဲ့အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး လွှတ်တော်တွေမှာ ၂၅ ရာခိုင်နှုန်း ပါဝင်သင့် တယ်ဆိုတဲ့ အချက်နဲ့  ပတ် သက်ပြီး ပြည့်ပြည့်စုံစုံဆွေးနွေးသွား တာ ကောင်းပါတယ်။
၂၅ ရာခိုင်နှုန်းပါဝင်မှုနဲ့ပတ်သက်ပြီး အမျိုးသားညီလာခံ ကျင်းပစဉ် ကတည်းက ဒီအချက်နဲ့ပတ်သက်လို့ လေးလေး နက်နက်   စဉ်းစားခဲ့ကြပါ တယ်။ စဉ်းစားတဲ့အခါမှာ အချက် နှစ်ချက်အခြေခံပြီး  စဉ်းစားခဲ့ကြပါ တယ်။ နံပါတ်တစ် အချက်က ကျွန်တော်တို့နိုင်ငံရဲ့ ယနေ့ရှိနေတဲ့ အခြေအနေအရပ်ရပ်အရ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာ လွှတ်တော် ဖွဲ့စည်းမှု၊ အုပ်ချုပ်ရေးအပိုင်းမှာ တပ်မတော်ပါဝင်သင့်တယ်လို့ တော်တော် လေးလေး နက်နက်စဉ်းစားပြီးတော့မှ အခြေခံမူ တစ်ရပ်အနေနဲ့ ချမှတ်ခဲ့တယ် ဆိုတာကို ပြောလိုပါတယ်။
နောက်တစ်ချက်ကတော့ တပ်မတော်ဆိုတဲ့ အင်စတီကျူးရှင်းကြီးဟာ ကျွန်တော်တို့နိုင်ငံ လွတ်လပ်ရေး သမိုင်းမှာ အင်မတန် အစဉ်အလာကြီးမားတဲ့ တပ်မတော်ဖြစ်ပါတယ်။  ဒီတပ်မတော်ကို   စတင်တည်ထောင် ခဲ့တာ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ဖွဲ့စည်းပြီး တစ်ဆင့်ပြီးတစ်ဆင့် လက်ဆင့် ကမ်းပြီးတော့ လက်ရှိ အခြေအနေအထိ ရောက်လာတဲ့ ဒီတပ်မတော်ဟာ နိုင်ငံမှာပေါ်ပေါက်လာတဲ့ အခက်အခဲ တွေ၊ ပြည်တွင်း၊ ပြည်ပ ပြဿနာ တွေ အပေါ်မှာ ဖြေရှင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါ တယ်။ တပ်မတော်မှာ တိုင်းရင်းသားတွေအားလုံး တူညီစွာ ပါဝင်ဖွဲ့ စည်း ထားပါတယ်။
တိုင်းရင်းသားတွေအားလုံး ဖွဲ့စည်းထားတဲ့ တပ်မတော်ကြီးဟာ နိုင်ငံတော်ကို တကယ့်အရေးကြုံလာတဲ့ အခါတိုင်းမှာ ကာကွယ်ခဲ့တဲ့ အစဉ်အလာ ကြီးမားတဲ့ တပ်မတော်ကြီး ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုအခြေ အနေတွေကို လျစ်လျူမရှုသင့် ဘူးဆိုပြီးတော့ ဆွေးနွေးကြပြီးတော့မှ ဒီအချက်နှစ်ချက် ပေါ်မှာ အခြေခံပြီး အခြေခံမူတွေချတဲ့အခါ တပ်မတော်ပါ ဝင်ရမည်လို့ ပြဋ္ဌာန်း ခဲ့ခြင်းဖြစ်ပါတယ်။ လက်ရှိ ၂၀၀၈ ခုနှစ်  ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ လွှတ်တော်အသီးသီးမှာ တပ်မတော် ကိုယ်စားလှယ်တွေ ပါနေတယ်။ ပါနေတဲ့ ကိုယ်စားလှယ်တွေဟာ ဒီမိုကရေစီနိုင်ငံထူထောင်တဲ့အခါမှာ၊ ဒီမိုကရေစီ ကျင့်စဉ်ကို   ဖော်ဆောင်နေတဲ့ အခါမှာ တပ်မတော်ကိုယ်စားလှယ်တွေက ကပျက်ကယက်လုပ်ခဲ့ခြင်း ရှိခဲ့သလား။ အခုထိမရှိခဲ့ပါဘူး။ သူတို့ ဟာလည်း လက်ရှိအခြေအနေမှာ  တပ်မတော်သည်  ဒီမိုကရေစီကို  လိုလားသော တပ်မတော် လို့ မြင်ပါတယ်။
ဒါဟာ အချက်တစ်ချက်ပါ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင်လည်း ဒီမိုကရေစီလိုလားပြီးတော့   တဖြည်းဖြည်း ဖြေလျှော့ဖို့ ပြောဆိုခဲ့တဲ့ အချက်တွေလည်း ရှိပါတယ်။ တပ်မတော်ပါဝင်မှုနဲ့ ပတ်သက်လို့ အခြေခံ ဥပဒေမှာ သုံးထားတဲ့ အသုံးအနှုန်း စကားအသုံးအနှုန်းကလည်း ၂၅ ရာခိုင်နှုန်းအထိဆိုပြီးတော့ တဖြည်းဖြည်း ချင်း လျှော့ချသွားလို့ရအောင်၊ သို့သော် စဉ်းစားဖို့က အခြေအနေနဲ့ အချိန်အခါဆိုတာ ရှိပါတယ်။ လက်ရှိ အခြေအနေနဲ့ လက်ရှိအချိန်အခါမှာတော့ တပ်မတော်ရဲ့ ပါဝင်ပတ်သက်မှု ရှိနေသေးသင့်တယ်လို့ ပြောလိုပါ တယ်။
နောက်တစ်ခုက ဒေါက်တာတူးဂျာ ဆွေးနွေးသွားတဲ့ ကိစ္စလေးတွေ၊ နောက် ဒေါက်တာအင်ဒရူး ဆွေးနွေးသွားတဲ့  ကိစ္စလေးတွေ၊ Self Determination  ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတာကလည်း ဥပဒေဆိုတာဟာ အခြေခံ ဥပဒေရော၊ တည်ဆဲဥပဒေရော အားလုံးဟာ it is living law အမြဲတမ်း ရှင်သန်နေရမယ်။ အခြေအနေနဲ့ အချိန်အခါပေါ်မှာ မူတည်ပြီးတော့ ပြင်သင့်ရင်လည်း ပြင်ရမယ်။ ဖြည့်စွက်သင့်ရင်လည်း ဖြည့်စွက်ရမယ်။ ဒါတွေဟာ အားလုံးတိုင်တိုင်ပင်ပင်၊ ညှိညှိနှိုင်းနှိုင်း ဆွေးနွေးပြီးတော့ သဘောတူညီချက်နဲ့ လုပ်လို့ရှိရင်  ပြင်လို့လည်းရတယ်။ ဖြုတ်လို့လည်း ရတယ်။ ဖျက်လို့ လည်း ရတယ်။
ဒီတော့ ခုနက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ပတ်သက်လို့ ၂၀၀၈ အခြေခံဥပဒေမှာ ဥပဒေပြုစာရင်း၊  ဥပဒေပြု ဇယားဆိုပြီးတော့ ဖော်ပြထားတာလဲပါပါ တယ်။ ပြည်ထောင်စုဥပဒေပြုစာရင်း၊ တိုင်းဒေသကြီးနဲ့ပြည်နယ် ဥပဒေပြု စာရင်း၊ နောက်ပြီးတော့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းနဲ့  ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ဥပဒေပြုစာရင်း။ ဒါတစ်ပိုင်း၊ နောက်တစ်ပိုင်းက တိုင်းဒေ သကြီးနဲ့ ပြည်နယ်တွေ ရပိုင်ခွင့်ရှိသောသယံဇာတနဲ့ပတ်သက်တဲ့ အခွန်အကောက်တွေ၊ လုပ်ပိုင်ခွင့်တွေ၊ ဒါတွေဇယား တစ်ခုပါပါတယ်။
ဒီတော့ ဒါတွေဟာ အားလုံးညှိညှိနှိုင်းနှိုင်းနဲ့  ဘယ်ကိစ္စဖြင့် ဗဟိုက ပြဋ္ဌာန်းတဲ့ဥပဒေဟာ တိုင်းဒေသကြီးအတွက် လုပ်လို့ ကိုင်လို့မရဘဲဖြစ်နေတယ်။ ဥပမာ-စောစောက ပြောသွားတဲ့ ကျောက်မျက် ကိစ္စ၊ ကျောက်မျက်ကိစ္စ ဆိုလို့ ရှိရင် လုပ်လို့ မရဘူး။ ကိုင်လို့မရဘဲဖြစ်နေတယ်  စသည်ဖြင့် အဲဒီလိုဖြစ်နေ လို့ရှိရင်   ဒါလေးတွေကတော့ အားလုံး ညီညီ ညာညာနဲ့ သဘောထား ကြီးစွာနဲ့ပေါ့လေ။ အရေးအကြီးဆုံးကတော့ သဘောထားကြီးဖို့ အရေးကြီး ပါတယ်။ သဘောထား ကြီးစွာနဲ့  ညှိနှိုင်း တိုင်ပင်ပြီးတော့  လုပ်လိုက်ရင်  သိပ်ခဲယဉ်းတဲ့ ကိစ္စမဟုတ် ဘူးလို့ ကျွန်တော့် အတွေ့အကြုံအရ အဲဒီလို မြင်ပါ တယ်။
တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည် နိုင်အောင်တော့ ရှိသင့်တယ်။ အဲဒီလိုရှိဖို့အတွက် သူတို့မှာ သူတို့ဒေသမှာ ရှိတဲ့ Rနျသကမခနျ တွေနဲ့ပတ်သက်လို့     သူတို့ရပိုင်ခွင့် ကလေးကိုလည်းပဲ အားလုံး ညှိနှိုင်းပြီးတော့ အတိုင်းအတာတစ်ရပ်အထိ ဘယ်လောက် ဘယ်မျှ ယူမယ်ဆို တာလေးတွေ ဆွေးနွေးလိုက်လို့ရှိရင် ဒါတွေဟာ မဖြစ်နိုင်စရာ အကြောင်းမရှိဘူးလို့ ကျွန်တော်တော့ မြင်ပါတယ်။ တိုတိုပြောရရင် လိုတိုး ပိုလျှော့ပေါ့လေ။ အဲဒီလို လိုတိုးပိုလျှော့လုပ်ခြင်းအားဖြင့် အခြေခံဥပဒေကြီး တစ်ရပ်လုံး အသစ်ဆွဲကြစို့ဆိုတဲ့အမြင်ထက် လိုတဲ့အပိုင်း လေးတွေကိုပဲ စိတ်ရှည်လက်ရှည် သဘောထား ကြီးစွာနဲ့ ပြင်ဆင်သွားကြစို့ဆိုလို့ရှိရင် နိုင်ငံတော် အတွက်လည်း အကျိုးရှိမယ်။ ပြည်သူတွေအတွက်လည်း အကျိုးရှိ မယ်။ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေ၊ အထူးသဖြင့် ပြည်နယ် တွေပေါ့လေ၊ ပြည်နယ်တွေအတွက် သူတို့လိုလားတဲ့ လိုလားချက်တွေရယ် ပြည့်စုံလိမ့်မယ်လို့ ကျွန်တော့်အနေနဲ့ အဲဒီလို သုံးသပ်ရရှိပါတယ်။ ဒါလောက်ပါပဲ။
ဦးသန်းအောင်။ ဟုတ်ကဲ့ပါခင်ဗျာ၊ ဆရာ ဖြည့်စွက်ဆွေးနွေးသွားတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်။ ဆရာဒေါက်တာ မနန်တူးဂျာအနေနဲ့ရော ဘာများဖြည့်စွက် ဆွေးနွေးချင်တာလေးတွေ ရှိဦးမလဲ ခင်ဗျ။
ဒေါက်တာမနန်တူးဂျာ။   ကျွန်တော်နည်းနည်း ဖြည့်စွက်ဆွေးနွေးချင်တာက တိုင်းရင်းသားအခွင့်အရေးမှာ ယခင်ပြဋ္ဌာန်း ခဲ့တဲ့၊  သုံးစွဲခဲ့တဲ့ အခြေခံ ဥပဒေများမှာမပါတဲ့ တိုင်းရင်းသား အခွင့်အရေးတစ်ရပ်လို့   ဆိုလို့ရတဲ့ အချက်တစ်ခု ဒီလက်ရှိအခြေခံဥပဒေ မှာပါနေတယ်။ အဲဒါဘာလဲဆို တိုင်းရင်းသားရေးရာဝန်ကြီး ခန့်အပ် နိုင်တဲ့အချက်တစ်ခု ဖြစ်ပါတယ်။ ဒါလည်း  ထူးခြားတဲ့တိုင်းရင်းသား  အခွင့်အရေးတစ်ရပ်လို့ မှတ်ယူလို့ ရပါ တယ်ဆိုတာကို ကျွန်တော် ဖြည့်စွက် ပြောကြားလိုပါတယ်။
ဦးသန်းအောင်။ ဟုတ်ကဲ့ပါခင်ဗျာ။ ဒေါက်တာအင်ဒရူးအနေနဲ့ရော ဘာများဖြည့်စွက် ဆွေးနွေး ချင်တာလေး တွေ ရှိသေးလဲ ခင်ဗျ။
ဒေါက်တာအင်ဒရူးငွန်ကျုံးလျန်။   သဘာဝသယံဇာတအရင်းအမြစ် ဝင်ငွေ ခွဲဝေရေး၊ နောက်ပြီးတော့  ကျေး လက်နဲ့ မြို့ပြဖွံ့ဖြိုးမှု ကွာဟချက်တွေကို လျှော့ချနိုင်ရေးအတွက် ဒီသဘာဝတစ်ခုကိုပဲ မကြည့်ဘဲနဲ့   ထပ်ပြီး တော့ တစ်ဆင့် ကြည့်ဖို့က လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးပဲ ဖြစ်ပါတယ်။   ဒီကိစ္စမှာ လက်ရှိ ၂၀၀၈  အခြေခံဥပဒေမှာ ပညာရေးနဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ဟာတွေ အများစုဟာ ပြည်ထောင်စုရဲ့ ဥပဒေပြုခွင့်၊  ဒါမှမဟုတ်   လက်ရှိ တည်ဆဲဥပဒေအရ  ပြည်ထောင်စုအစိုးရအဆင့်ကနေ ကိုင်တွယ်တဲ့ ဟာတွေ များပါတယ်။ အဲဒီတော့ ကျွန်တော့် အမြင်မှာ တော့ ကျွန်တော်တို့ရဲ့ အနေအထားနဲ့ကိုက်ညီတဲ့ တိုင်းရင်းသားတွေ၊  ကျေးလက်မှာ နေတဲ့လူတွေရဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ထဲကလူတွေ တဖြည်းဖြည်းနဲ့ ဒီဟာကို အခုချိန် ကနေ ပြောင်းပြီးတော့ ဥပဒေပြုဇယား(၂)ထဲမှာပြောင်း၊ ဒါမှမဟုတ် လို့ရှိရင် တိုင်းဒေသကြီးနဲ့ ပြည်နယ်ရဲ့ လုပ်ပိုင်ခွင့်ထဲမှာ တဖြည်းဖြည်းပြန်ပြီးတော့ Incrementally ပေးသင့် တယ်လို့ ကျွန်တော်ယူဆပါတယ်။ အဲဒီလိုမလုပ် လို့ရှိရင် မြို့ပြနဲ့ကျေးလက်ဒေသက ဆင်းရဲချမ်းသာကွာဟမှု၊  နောက်ပြီး တော့ ဖွံ့ဖြိုးမှု ကွာဟမှုတွေကို တိုက်ဖျက်နိုင်မှာ မဟုတ်ပါဘူး။
ဒုတိယအချက်အနေနဲ့ ပြောချင်တာက ဇယား(၁)၊ ဇယား(၂)မှာ ဇယား (၂)ကို တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို လုပ်ပိုင် ခွင့်ပိုပြီးတော့ ပေးသင့် တယ်လို့ ယူဆတဲ့အချက်တွေဖြစ်ပါတယ်။ အဲဒီလို မပေးခင်မှာလည်း ခုနက ဒီလိုပေးပြီးတော့ တကယ်တမ်း အလုပ်မလုပ်နိုင်တဲ့ဟာတွေကိုလည်း အလုပ် မဖြစ်အောင် အဟန့်အတားဖြစ်နေတဲ့ တည်ဆဲဥပဒေတွေကိုပါ တစ်ခါတည်း နှစ်ခုစလုံး အခြေခံဥပဒေလည်း ပြုပြင်ရင်း၊ လိုတိုးပိုလျှော့လုပ်ရင်းနဲ့လည်း တစ်ဖက်မှာတည်ဆဲဥပဒေကို အနှောင့်အယှက်ပေးနေတဲ့ ဒီဥပဒေလေး တွေကိုလည်း ပြုပြင်ရင်း၊ နောက်ပြီးတော့ ဇယား(၅)မှာလည်း တိုင်းဒေသကြီး နဲ့ ပြည်နယ်တွေက  ကောက်ခံနိုင်တဲ့ အခွန်အတုတ်တွေကိုလည်း သူတို့ ဘဏ္ဍာငွေ ပိုပြီးတော့တိုးလာအောင် နည်းနည်း ပြန်တိုးပေးဖို့တော့ လိုပါတယ်လို့ ယူဆပါတယ်။ အဲဒီလို တဖြည်းဖြည်းနဲ့သွားတယ်ဆိုလို့ရှိရင် ၂၀၀၈ အခြေခံဥပဒေကနေ ကျွန်တော်တို့ကို ခင်းပေးထားတဲ့ ဒီမိုကရေစီလမ်း ကြောင်းဟာ ဆက်ပြီးတော့ လမ်း ကြောင်းမှန် လျှောက်နိုင်မယ်လို့ ထင်ပါတယ်။ အဲဒီလို မဟုတ်ဘဲနဲ့ ဒီလမ်းကြောင်းကိုဖြတ်တောက်ပြီးတော့ နောက်လမ်းကြောင်း  အသစ်တစ်ခု ထွင်မယ်ဆိုလို့ရှိရင်တော့ ကျွန်တော် တို့မှာ တော်တော်ကြီးမားတဲ့ ပြဿနာ တို့၊ စိန်ခေါ်မှုတို့၊ အခက်အခဲတို့ ကြုံတွေ့ရလိမ့်မယ်လို့ ယူဆပါ တယ်။
ဦးသန်းအောင်။  ဆရာဖြည့်စွက်ဆွေးနွေးသွားတာလည်း ကောင်းပါတယ် ခင်ဗျ။ ဆက်ပြီးတော့  ဆရာဦး ကျော်ဝင်း ဘာများဆွေးနွေးချင်တာလေးများ ရှိသေးလဲခင်ဗျ။
ဦးကျော်ဝင်း။    ကျွန်တော်တို့ နားလည်သလောက်ဆိုရင်ပေါ့။ အခြေခံ ဥပဒေတစ်ခုနဲ့ပတ်သက်ရင် လက်တွေ့ အလုပ် လုပ်ကြည့်ရင်းနဲ့ ရှေ့ဆက်ဖို့ အဟန့်အတားဖြစ်နေတယ်၊ အခက်အခဲရှိနေတယ်ဆိုတာမျိုးတွေ တွေ့ရင်တော့ ညှိနှိုင်းပြင် ဆင်သင့်ပါတယ်။ ကျွန်တော်ဉာဏ်မီသလောက် စဉ်းစားကြည့်တော့ သွားနေတဲ့ အပြောင်းအလဲက သုံးပွင့်ဆိုင်ပေါ့၊ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုနဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ပေါ့။ ငြိမ်းချမ်းရေးဖြစ်စဉ် ရှေ့ဆက်ဖို့ ဆိုရင်တော့ ဆရာဒေါက်တာတူးဂျာတို့၊  ဒေါက်တာအင်ဒရူးတို့ ပြောတဲ့ထဲလည်း ပါပြီးပါပြီ။ ပြည်နယ်နဲ့ ဗဟိုအစိုးရအကြား Power Sharging  တို့၊ Resource Sharging တို့ ဒါလေးတွေကိုတော့ အကျေအလည်ညှိပြီးတော့ သဘောထားကြီးကြီးနဲ့ ညှိနှိုင်းကြရင် ပိုပြီးအဆင်ချောမယ် ထင်ပါတယ်။
တပ်ကိစ္စကျတော့ ဒီနေ့သွားနေတဲ့အပြောင်းအလဲကို ကတိမ်းကပါးဖြစ်စေတဲ့ အဟန့်အတားဖြစ်စေတဲ့ အပြု အမူတွေ ကျွန်တော်လည်း အခုထိတော့ မတွေ့ဘူး။ အထူးသဖြင့် ကျွန်တော်သတိပြုမိတာက ဒါလည်း  လွှတ်တော်ထဲ ရောက်ပြီးမှပါ။ တပ်က တပ်ရဲ့ရပ်တည်မှုက ဘယ်နိုင်ငံရေးပါတီတစ်ခုနဲ့မှ သိပ် မပတ်သက်ဘူး။  သူ့မူနဲ့သူ သွားနေ သလိုပဲ။ အဲဒါလည်း လွတ်လပ်တဲ့ Professional Institution ဖြစ်ဖို့ အတွက်ကျ  အလားအလာကောင်း တစ်ခုလို့မြင် ပါတယ်။ ချုပ်လိုက်ရင်တော့ လောလောဆယ်တပ်ကိစ္စ ၂၅   ရာခိုင်နှုန်း ကိစ္စက အဆောတလျင် ကိုင်စရာလည်း မလိုသေးဘူး။ ကိုင်လည်း မကိုင်သင့်ဘူးလို့ ထင်ပါတယ်။   အကုန်လုံး ချုပ်လိုက်ရင်တော့ ဒါတော့ ကျွန်တော် တစ်ဦးချင်းနဲ့ပဲ ဆိုင်ပါတယ်။ ကျွန်တော်တို့  တစ်သက် တာအတွက်တော့   အခုကြုံနေတဲ့ အပြောင်းအလဲလို စိတ်ကူး တွေနဲ့ မျှော်လင့်လို့ရတာမျိုးကို ပွင့်ပွင့် လင်းလင်းပြောရရင် ကျွန်တော်တစ်ခါမှ မကြုံဖူးဘူး။ အဲဒီတော့ ဒီဟာလေး ကိုတော့ တန်ဖိုးထားစေချင်ပါတယ်။ အထူးသဖြင့်  ဒီအပြောင်းအလဲကို ကတိမ်းကပါး မဖြစ်စေချင်ဘူး။ ဘာကိုပဲ ဆုံးဖြတ်ဆုံးဖြတ်၊ လက်ရှိ အပြောင်းအလဲကို ကတိမ်းကပါး မဖြစ်စေဖို့ဆိုတဲ့ဟာလေးကို သတိချပ်ထားရင် ပိုကောင်းမယ် ထင်ပါတယ်။
နောက်ဆုံးကျွန်တော်ဖတ်ဖူးတဲ့ စာသားတစ်ခုပါ။ ဒီမိုကရေစီအပြောင်း အလဲမှာ ပြဿနာများနိုင်တဲ့၊ မသေချာ မရေရာနိုင်တဲ့ ကိစ္စတွေကို သိပ်အာရုံ မပြုမိပါစေနဲ့၊ ဒါတွေကမစပါနဲ့၊ အကျိုးရလဒ် သေချာပေါက် ရနိုင်မယ့်ကိစ္စတွေ ကိုအာရုံ စိုက်ပါ။ ဒါကစတာ ပိုသင့်လျော်ပါတယ်ဆိုတဲ့ စကားပါ။ ကျွန်တော် အဲဒါလေးကို လည်း ဖျတ်ခနဲသတိရမိတယ်။ အဲဒီတော့ သဘောထားကြီးကြီးနဲ့ အမြော်အမြင်ကြီးကြီးနဲ့လုပ်ကြရင်တော့ ကျွန်တော်တို့ မျှော်လင့်သလိုဖြစ်မယ် ထင်ပါ တယ်။
ဦးသန်းအောင်။  ဆွေးနွေးသွားတာတွေ ကြားလိုက်ရတဲ့အခါကျတော့ ဆရာတို့ဆွေးနွေးတဲ့အပေါ်မှာ ဘာသွား ထပ်ပြီး တွေ့လိုက်သလဲဆိုတော့ အားလုံးခြုံကြည့်လိုက်ရင်  ကျွန်တော်တို့နိုင်ငံမှာ  ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဒီနေ့ထိဆိုရင် သုံးခုရှိသွားပါပြီ။ ၁၉၄၇ ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကလည်း သူ့အကြောင်း တရားနဲ့သူ လွတ်လပ်ရေး ရရှိဖို့အတွက် ရေးဆွဲ ခဲ့တဲ့ဥပဒေပါ။ ၁၉၇၄ ခုနှစ် ဥပဒေကတော့ ကျွန်တော်တို့နိုင်ငံကို ဆိုရှယ်လစ် စနစ်နဲ့ ချီတက်မယ် ဆိုပြီးတော့ ရေးဆွဲခဲ့တဲ့ဥပဒေပါ။ အခု ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကတော့ လူတွေက ဆိုရှယ်လစ်စနစ်ကို မကြိုက်ကြ တော့ဘူး။ လက်မခံကြတော့ဘူး။ ဒါကြောင့်   ပါတီစုံဒီမိုကရေစီ စနစ်နဲ့   သွားမယ်ဆိုပြီး တော့ ရေးဆွဲခဲ့ကြတာပါ။ ကျွန်တော်တို့ နိုင်ငံသမိုင်းကို ပြန်ကြည့်လိုက်တဲ့ အခါကျတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ   သုံးခုစလုံးဟာ   သူ့အကြောင်း တရားနဲ့သူ ပြည်သူတွေကနေ ပြောင်းလဲ ချင်တဲ့ စိတ်တွေ ပေါ်လာပြီး  စနစ် တစ်ခုကနေတစ်ခုကို ပြောင်းချင်တဲ့ ဆန္ဒတွေ ပေါ်လာပြီးတော့ ပြောင်းလာတဲ့ အနေအထား၊ အသစ်ရေးလိုက်ရတဲ့အနေအထားမျိုး ဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေဆိုရင် (၁၅) နှစ်လောက် လက်ခံကျင့်သုံးလိုက်ရပါတယ်။    (၇၄) ခုနှစ်   ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုရင် လည်းပဲ (၁၄) နှစ်လောက် လက်ခံကျင့်သုံးလိုက်ရပါတယ်။ အခု ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက သုံးနှစ်တောင် မပြည့်သေးပါဘူး။ အမှန်အတိုင်း  ပြောရရင်တော့  ဒီမိုကရေစီလမ်းကြောင်းပေါ်မှာစပြီးတော့  လျှောက်လှမ်း နေစ၊ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းနေတဲ့ သုံးနှစ်မပြည့်သေးတဲ့   ကလေးတစ်ယောက်နဲ့ တူပါတယ်။ သုံးနှစ် ဆိုတာဟာ လမ်းလျှောက်တတ်ခါစ အရွယ်ပါ။
အခုအချိန်မှာ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်လိုက်ပြီး အသစ်ရေး လိုက်မယ်ဆိုရင် သုံးနှစ်သား လမ်းလျှောက်တတ်ခါစ ကလေးတစ်ယောက်ရဲ့ ခြေထောက်ကို ရိုက်ချိုးလိုက်သလိုများ တူသွားမလားလို့ စိုးရိမ်ပါတယ်။ စောစောကလည်း ဆရာတို့လည်း အဲဒါကို ပြောသွားပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်ပြီးတော့ အဓိကက ဒီဖွဲ့စည်းပုံအခြေခံ ဥပဒေမှာပါတဲ့ ပြဋ္ဌာန်းချက်တွေနဲ့ ပတ်သက်ပြီးတော့ ဒီနေ့အထိ အပြည့်အဝအနှစ် သာရပေါ်လွင်အောင် အကောင်အထည်မဖော်ရသေးဘူးလို့ပဲ ကျွန်တော် မြင်ပါတယ်။ အခုမှ လုပ်ကိုင်တုန်းအနေအထားပဲ ရှိပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အကောင်အထည် ဖော်တဲ့ အဖွဲ့အစည်းတွေအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့အချက်တွေကို ပြည့်ပြည့်၀၀နဲ့ အကောင် အထည် ဖော်မှလည်း ဒီဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အနှစ်သာရဟာ ပေါ်လွင်ပါတယ်။ နိုင်ငံနဲ့ပြည်သူ အတွက် လည်း အကျိုးရှိပါတယ်။
အဓိကကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို  အကောင်အထည်ဖော် ဆောင်ရွက်ကြတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပါတဲ့ ပြဋ္ဌာန်းချက်တွေကို အတိအကျလိုက်နာပြီးတော့ ဆောင်ရွက်ဖို့ လိုပါ တယ်။ မဆန့်ကျင်မိဖို့လည်း လိုပါတယ်။ ဒါကတော့ နိုင်ငံတိုင်းကို ပြန်ကြည့် လိုက်ရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေအနေ အချိန်အခါအလျောက် လိုအပ်လာရင် ပြင်ရတာချည်းပါပဲ။ မပြင်ရတဲ့နိုင်ငံဆိုတာ မရှိပါဘူး။ ပြင်သင့် ရင်တော့ ပြင်ရမှာပါ။ အသစ်ရေး တယ်ဆိုတာဟာ အန္တရာယ်အလွန်ကြီးပါတယ်။ ပြင်ဆင်ခြင်းအားဖြင့် ကျွန်တော်တို့နိုင်ငံဟာ လက်ရှိလျှောက်လှမ်းနေတဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ တည်တည်ငြိမ်ငြိမ်၊ အေးအေးချမ်းချမ်းနဲ့ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားနိုင်မယ့်  အနေ အထားတွေ အများကြီး တွေ့နေရပါတယ်။
အခုဆိုရင်လည်း ဒီခေါင်းစဉ်နဲ့ပတ်သက်ပြီးတော့ ဆရာတို့ဝိုင်းဝန်း ဆွေးနွေးခဲ့ကြတာဟာ တော်တော်လေး လည်း စုံသွားပါပြီ။ ပြည်သူတွေအနေနဲ့လည်း ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်ပြီးတော့ မသိသေးတာကို လည်းသိ၊ ဗဟုသုတ တွေလည်း တိုးပွားရရှိကြမယ်လို့ ယုံကြည်ပါတယ်။ ဒီလို မအားလပ်တဲ့ကြားထဲက လာရောက်ပြီးတော့ ဆွေးနွေးပေးကြတဲ့  ဆရာ ဦးသောင်းညွန့်၊ ဒေါက်တာမနန်တူးဂျာ၊ ဒေါက်တာအင်ဒရူးနဲ့ ဆရာဦးကျော်ဝင်းတို့ကို ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြား လိုပါတယ်။           

No comments:

Post a Comment