သန်းဇော် (ဗဟိုစာရင်းအင်းအဖွဲ့)
နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူများ၏ လူမှုဘဝအခြေအနေကို မှန်ကန်စွာ သိရှိအကဲဖြတ်နိုင်ရန် ယုံကြည်စိတ်ချရသော စာရင်းအင်းအချက်အလက်များ လိုအပ်ပါသည်။ ထိုသို့သော အချက်အလက်များရရှိစေရန် ဆောင်ရွက်သည့် လုပ်ငန်းစဉ်များအနက် အိမ်ထောင်စုဝင်ငွေနှင့် စားသုံးမှု စစ်တမ်းကောက်ယူခြင်းသည် အရေးပါသော စာရင်းအင်းလုပ်ငန်းတစ်ရပ်ဖြစ်ပါသည်။
အိမ်ထောင်စုဝင်ငွေနှင့် စားသုံးမှုစစ်တမ်းသည် အိမ်ထောင်စုတစ်စုချင်းစီ၏ ဝင်ငွေရရှိမှု၊ သုံးစွဲမှုနှင့် လူနေမှုအခြေအနေများကို ကောက်ယူခြင်းဖြစ်သောကြောင့် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုကို မှန်ကန်စွာအကဲဖြတ်နိုင်ရန်အတွက် ပြည်သူများ၏ လူနေမှုအဆင့်အတန်း၊ ဝင်ငွေအခြေအနေနှင့် အသုံးစရိတ်ပုံစံများကို သိရှိနိုင်ရန် အထောက်အပံ့ပြုပါသည်။ စစ်တမ်းအချက်အလက်များသည် နိုင်ငံတော်၏စီးပွားရေးမူဝါဒများ ချမှတ်ရန်နှင့် ပြည်သူများ၏လူမှုစီးပွားဘဝ တိုးတက်ကောင်းမွန်စေရန် စီမံဆောင်ရွက်ရာတွင် အရေးပါသော အခြေခံအချက်အလက်များဖြစ်ပါသည်။
ပြည်သူများ၏ လိုအပ်ချက်ကို သိရှိနိုင်
အိမ်ထောင်စုဝင်ငွေနှင့် စားသုံးမှုစစ်တမ်းကောက်ယူခြင်းဖြင့် အိမ်ထောင်စုများ၏ဝင်ငွေနှင့် အသုံးစရိတ်အခြေအနေ၊ လူနေမှုအဆင့်အတန်းနှင့် လူမှုစီးပွားရေးဆိုင်ရာအခြေအနေများကို သိရှိနိုင်ပါသည်။ ထို့အတူ အိမ်ထောင်စုတစ်စုချင်းစီ၏ ဝင်ငွေရရှိသည့် ရင်းမြစ်များ၊ အစားအသောက်၊ အဝတ်အထည်၊ နေထိုင်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အခြားလိုအပ်ချက်များအတွက် သုံးစွဲသည့်ပမာဏတို့ကို စနစ်တကျ ကောက်ယူလေ့လာခြင်းကြောင့် ပြည်သူများ၏ လိုအပ်ချက်များကို သိရှိနိုင်ပါသည်။
ထို့အပြင် စစ်တမ်းမှရရှိသော အချက်အလက်များကို အသုံးပြု၍ ဆင်းရဲနွမ်းပါးမှုအခြေအနေ၊ ဝင်ငွေမညီမျှမှု၊ လူနေမှုစရိတ်နှင့် စားသုံးမှုပုံစံများကို လေ့လာအကဲဖြတ်နိုင်ပြီး နိုင်ငံတော်၏ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုအတွက် သင့်လျော်သော မူဝါဒများချမှတ်နိုင်ပါသည်။
စစ်တမ်းအကျိုးကျေးဇူးများ
၁။ အိမ်ထောင်စုများ၏ လူနေမှုအဆင့်အတန်းကို သိရှိနိုင်ခြင်း
စစ်တမ်းကောက်ယူခြင်းဖြင့်
အိမ်ထောင်စုများ၏ ဝင်ငွေရရှိမှု၊ အခြေခံစားသောက်ကုန်များအပေါ် သုံးစွဲမှု၊ နေထိုင်ရေးနှင့်
အခြားလိုအပ်ချက်များအတွက် ကုန်ကျစရိတ်များကို သိရှိနိုင်ပါသည်။ ယင်းအချက်အလက်များမှတစ်ဆင့်
အိမ်ထောင်စုများ၏ လူနေမှုအဆင့်အတန်းကို သိရှိနိုင်ပြီး လူမှုစီးပွားဘဝတိုးတက်ရေးအတွက်
လိုအပ်သောအစီအမံများကို ဖော်ထုတ်နိုင်ပါသည်။
၂။ ဝင်ငွေမညီမျှမှုကို လေ့လာနိုင်ခြင်း
အိမ်ထောင်စုများအကြား ဝင်ငွေရရှိမှုကွာဟချက်များကို လေ့လာခြင်းဖြင့် ဝင်ငွေမညီမျှမှုအခြေအနေကို သိရှိနိုင်ပါသည်။ ယင်းမှတစ်ဆင့် ဝင်ငွေနည်းပါးသော အိမ်ထောင်စုများနှင့် အခြားအုပ်စုများအကြား ကွာဟချက်များကိုလျှော့ချရန် လိုအပ်သော လူမှုစီးပွားရေးဆိုင်ရာ အစီအမံများကို ရေးဆွဲနိုင်ပါသည်။ ထို့ကြောင့် လူမှုဘဝတန်းတူညီမျှမှု တိုးတက်လာစေရန် အထောက်အကူပြုပါသည်။
၃။ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရန် အထောက်အကူပြုခြင်း
အိမ်ထောင်စုများက ပညာရေးနှင့် ကျန်းမာရေးအတွက် မည်မျှသုံးစွဲနေကြသည်ကို သိရှိခြင်းအားဖြင့် အဆိုပါကဏ္ဍများတွင် ပြည်သူများ ကြုံတွေ့နေရသော အခက်အခဲများကို ဖော်ထုတ်နိုင်ပါသည်။ ဥပမာအားဖြင့် ပညာရေးစရိတ်ကြောင့် ကျောင်းတက်ရန် အခက်အခဲရှိသည့် အိမ်ထောင်စုများ သို့မဟုတ် ကျန်းမာရေးကုန်ကျစရိတ်ကြောင့် လိုအပ်သောဆေးကုသမှုကို မရရှိနိုင်သည့် အိမ်ထောင်စုများ၏အခြေအနေကို လေ့လာနိုင်ပါသည်။ ထိုအချက်အလက်များသည် ပညာသင်ထောက်ပံ့ကြေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များ ချမှတ်ရာတွင် အသုံးဝင်ပါသည်။
၄။ အစားအသောက်နှင့် အာဟာရအခြေအနေကို လေ့လာနိုင်ခြင်း
အိမ်ထောင်စုများ၏ အစားအသောက်စားသုံးမှုပုံစံနှင့် အစားအသောက်အတွက် သုံးစွဲသည့် ငွေကြေးပမာဏတို့ကို လေ့လာခြင်းဖြင့် အာဟာရပြည့်ဝသော အစားအစာများ ရရှိနိုင်မှုအခြေအနေကို နားလည်နိုင်ပါသည်။ ထို့အပြင် ဝင်ငွေနည်းပါးမှုကြောင့် အစားအသောက် လိုအပ်ချက်များကို လုံလောက်စွာ မဖြည့်ဆည်းနိုင်သည့် အိမ်ထောင်စုများကို ဖော်ထုတ်နိုင်သဖြင့် အာဟာရမြှင့်တင်ရေးနှင့် စားနပ်ရိက္ခာဖူလုံရေးအစီ အစဉ်များရေးဆွဲရာတွင် အထောက်အကူဖြစ်စေပါသည်။
၅။ ကုန်ဈေးနှုန်းနှင့် ငွေကြေးဖောင်းပွမှုကို လေ့လာနိုင်ခြင်း
အိမ်ထောင်စုများ၏ အသုံးစရိတ်ပုံစံကို သိရှိခြင်းသည် ကုန်ဈေးနှုန်းအပြောင်းအလဲများနှင့် ငွေကြေးဖောင်းပွမှု၏ သက်ရောက်မှုများကို လေ့လာရာတွင် အရေးပါပါသည်။ အထူးသဖြင့် အိမ်ထောင်စုများ၏ အသုံးစရိတ်တွင် အစားအသောက်၊ အိမ်ငှားခ၊ သယ်ယူပို့ဆောင်ရေး၊ ပညာရေးနှင့် ကျန်းမာရေးစရိတ် စသည်တို့ပါဝင်မှုကို သိရှိနိုင်ခြင်းကြောင့် လူနေမှုစရိတ်အပြောင်းအလဲများကို ပိုမိုနားလည်နိုင်ပါသည်။ ထို့အပြင် စားသုံးသူဈေးနှုန်း (Consumer Price Index- CPI) တွက်ချက်ရာတွင်လည်း စစ်တမ်းမှရရှိသော အသုံးစရိတ်ဆိုင်ရာ အချက်အလက်များကို အသုံးပြုနိုင်ပါသည်။ စားသုံးမှုပုံစံနှင့် အသုံးစရိတ်အချိုးအစားများကို လေ့လာခြင်းဖြင့် ဈေးနှုန်းညွှန်းကိန်းတွက်ချက်ရာတွင် အသုံးပြုမည့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ၏အရေးပါမှုကို သတ်မှတ်နိုင်ပါသည်။ ထိုမှတစ်ဆင့် ကုန်ဈေးနှုန်းပြောင်းလဲမှုနှင့် ငွေကြေးဖောင်းပွမှုတို့၏ သက်ရောက်မှုကို လေ့လာနိုင်ပါသည်။
၆။ အချိန်ကာလအလိုက် လူမှုစီးပွားအခြေအနေကို နှိုင်းယှဉ်လေ့လာနိုင်ခြင်း
စစ်တမ်းကို သတ်မှတ်ထားသော အချိန်ကာလများတွင် ပုံမှန်ကောက်ယူပါက အိမ်ထောင်စုများ၏ ဝင်ငွေ၊ အသုံးစရိတ်နှင့် လူနေမှုအဆင့်အတန်းတို့ ပြောင်းလဲလာပုံကို နှိုင်းယှဉ်လေ့လာနိုင်ပါသည်။ ယင်းမှတစ်ဆင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ အကျိုးသက်ရောက်မှု၊ ကုန်ဈေးနှုန်းမြင့်တက်မှု၏ သက်ရောက်မှုနှင့် အစိုးရ၏မူဝါဒများကြောင့် ဖြစ်ပေါ်လာသောအပြောင်းအလဲများကို အကဲဖြတ်နိုင်ပါသည်။
၇။ ဆင်းရဲနွမ်းပါးမှုအခြေအနေကို အကဲဖြတ်နိုင်ခြင်း
အိမ်ထောင်စုများ၏ ဝင်ငွေနှင့် အသုံးစရိတ်အချက်အလက်များကို လေ့လာခြင်းအားဖြင့် ဆင်းရဲနွမ်းပါးမှုအခြေအနေကို အကဲဖြတ်နိုင်ပါသည်။ အထူးသဖြင့် အခြေခံစားဝတ်နေရေးအတွက် လုံလောက်သောဝင်ငွေမရှိသည့် အိမ်ထောင်စုများကို ဖော်ထုတ်သိရှိနိုင်သဖြင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအစီအစဉ်များကို ထိရောက်စွာ ရေးဆွဲအကောင်အထည်ဖော်နိုင်ပါသည်။
၈။ စားသုံးမှုပုံစံများနှင့် ဈေးကွက်လိုအပ်ချက်များကို သိရှိနိုင်ခြင်း
အိမ်ထောင်စုများ၏
စားသုံးမှုပုံစံများကို လေ့လာခြင်းဖြင့် ပြည်သူများ၏ လိုအပ်ချက်နှင့် ဝယ်ယူသုံးစွဲမှုအလေ့အထများကို
သိရှိနိုင်ပါသည်။ ယင်းအချက်အလက်များသည် စီးပွားရေးလုပ်ငန်းများအတွက် ကုန်ပစ္စည်းထုတ်လုပ်မှု၊
ဝန်ဆောင်မှုများစီစဉ်ပေးမှုနှင့် ဈေးကွက်လိုအပ်ချက် ခန့်မှန်းမှုတို့တွင် အထောက်အကူဖြစ်စေပါသည်။
ထို့အပြင် ပြည်သူများ၏ လိုအပ်ချက်နှင့်ကိုက်ညီသော ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများပံ့ပိုးနိုင်ရန်လည်း
အထောက်အကူပြုပါသည်။
၉။ နိုင်ငံတော်၏ စီးပွားရေးမူဝါဒများ ချမှတ်ရာတွင် အထောက်အကူပြုခြင်း
အိမ်ထောင်စုဝင်ငွေနှင့် အသုံးစရိတ်စစ်တမ်းမှ ရရှိသောအချက်အလက်များသည် ဘတ်ဂျက်ရေးဆွဲခြင်း၊ လူမှုဖူလုံရေးအစီအစဉ်များ ချမှတ်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးခြင်း၊ ပြည်သူများ၏ အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများရေးဆွဲခြင်းနှင့် ပြည်သူများ၏ လူနေမှုဘဝမြှင့်တင်ရေးဆိုင်ရာ မူဝါဒများချမှတ်ခြင်းတို့အတွက် အထောက်အကူပြုပါသည်။
၁၀။ ဖွံ့ဖြိုးရေးစီမံကိန်းများကို ထိရောက်စွာ ရေးဆွဲနိုင်ခြင်း
ဒေသအလိုက် အိမ်ထောင်စုဝင်ငွေနှင့် စားသုံးမှုပုံစံများ ကွာခြားနိုင်ပါသည်။ မြို့ပြနှင့် ကျေးလက်ဒေသများ၊ ဝင်ငွေအုပ်စုအမျိုးမျိုးနှင့် လူမှုစီးပွားရေးအခြေအနေမတူညီသော အိမ်ထောင်စုများ၏ အချက်အလက်များကို လေ့လာခြင်းဖြင့် ဒေသတစ်ခုချင်းစီ၏ လိုအပ်ချက်များကို ဖော်ထုတ်နိုင်ပါသည်။ ထို့ကြောင့် အခြေခံအဆောက်အအုံ၊ အလုပ်အကိုင်ဖန်တီးရေး၊ လူမှုဝန်ဆောင်မှုနှင့် ဒေသဖွံ့ဖြိုးရေးစီမံကိန်းများကို ပိုမိုသင့်လျော်စွာ ရေးဆွဲနိုင်ပါသည်။
၁၁။ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများ၏ စီမံကိန်းရေးဆွဲမှုကို အထောက်အကူပြုခြင်း
စစ်တမ်းမှရရှိသော အချက်အလက်များသည် အစိုးရဌာနများ၊ သုတေသနအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကလုပ်ငန်းများအတွက်လည်း အသုံးဝင်ပါသည်။ ပြည်သူများ၏ ဝယ်ယူသုံးစွဲမှုပုံစံ၊ လိုအပ်ချက်နှင့် ဈေးကွက်အခြေအနေတို့ကို နားလည်နိုင်သဖြင့် သင့်လျော်သောကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ စီစဉ်ပေးနိုင်ပါသည်။ ထို့အပြင် ဒေသအလိုက် ဖွံ့ဖြိုးရေးစီမံကိန်းများ ချမှတ်ရာတွင်လည်း အထောက်အကူဖြစ်စေပါသည်။
စစ်တမ်းကောက်ယူရာတွင် လိုက်နာသင့်သည့်အချက်များ
စစ်တမ်းကောက်ယူသူများနှင့် ဖြေဆိုသူများသည် မိမိတို့၏တာဝန်များကို နားလည်ပြီး ပူးပေါင်းဆောင်ရွက်ရန်နှင့် စစ်တမ်းမှ ယုံကြည်စိတ်ချရသော အချက်အလက်များရရှိစေရန် အောက်ပါအချက်များကို အလေးထားလိုက်နာသင့်ပါသည်။
မှန်ကန်တိကျစွာ
ဖြေဆိုခြင်း။ အိမ်ထောင်စုဝင်ငွေနှင့်
အသုံးစရိတ်များကို မိမိတို့၏အမှန်အခြေအနေအတိုင်း ဖြေဆိုသင့်ပါသည်။
ရည်ရွယ်ချက်ကို နားလည်ခြင်း။ စစ်တမ်းသည် ပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်ရေးအတွက် အထောက်အကူပြုရန် ကောက်ယူခြင်းဖြစ်ကြောင်း နားလည်ထားသင့်ပါသည်။
ဘက်မလိုက်ဘဲကောက်ယူခြင်း။ စစ်တမ်းကောက်ယူသူများသည် မိမိတို့၏ကိုယ်ပိုင်အမြင်များကို မထည့်သွင်းဘဲ သတ်မှတ်ထားသော မေးခွန်းများနှင့် လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်သင့်ပါသည်။
အချက်အလက်များကို စနစ်တကျစိစစ်ခြင်း။ ကောက်ယူရရှိသော အချက်အလက်များကို စနစ်တကျ စစ်ဆေးအတည်ပြုခြင်းဖြင့် မှားယွင်းမှုများကို လျှော့ချနိုင်ပါသည်။
အချက်အလက်များကို လျှို့ဝှက်ထိန်းသိမ်းခြင်း။ စစ်တမ်းမှရရှိသော ကိုယ်ရေးအချက်အလက်များကို သတ်မှတ်ထားသည့် စည်းမျဉ်းများနှင့်အညီ လုံခြုံစွာထိန်းသိမ်းသင့်ပါသည်။
အထောက်အကူပြု
အိမ်ထောင်စုဝင်ငွေနှင့် စားသုံးမှုစစ်တမ်းကောက်ယူခြင်းသည် အိမ်ထောင်စုများ၏ လူနေမှုအဆင့်အတန်းကို သိရှိနိုင်ရုံသာမက ဆင်းရဲနွမ်းပါးမှု၊ ဝင်ငွေမညီမျှမှု၊ လူနေမှုစရိတ်နှင့် လူမှုစီးပွားရေးဆိုင်ရာအခြေအနေများကို လေ့လာအကဲဖြတ်နိုင်သည့် အရေးပါသော လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါသည်။ စစ်တမ်းမှရရှိသော အချက်အလက်များသည် နိုင်ငံတော်၏မူဝါဒများနှင့် ဖွံ့ဖြိုးရေးစီမံကိန်းများကို အထောက်အထား အခြေပြုရေးဆွဲဆောင်ရွက်နိုင်ပြီး ပြည်သူများ၏ လူနေမှုဘဝတိုးတက်ကောင်းမွန်ရေးအတွက် အထောက်အကူပြုပါသည်။
ထို့ကြောင့် အိမ်ထောင်စုဝင်ငွေနှင့် စားသုံးမှုစစ်တမ်းကို အောင်မြင်စွာကောက်ယူနိုင်ရန် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ စစ်တမ်းကောက်ယူသူများနှင့် ပြည်သူများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်လိုအပ်ပါသည်။ တိကျမှန်ကန်သော စာရင်းအင်းအချက်အလက်များသည် ထိရောက်သောမူဝါဒများနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုတို့၏ အခြေခံအုတ်မြစ်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။ ။
No comments:
Post a Comment