Thursday, November 12, 2026

ချယ်ရီပန်းတို့ ပွင့်လန်းရာ ရှမ်းပြည်နယ်ဂုဏ်ဆောင် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်သို့ လှမ်းလာဖို့ဖိတ်ခေါ်

 



သော်တာနမ့်စန်

မြန်မာနိုင်ငံသည် တိုင်းရင်းသားပေါင်းစုံ၊ ဘာသာပေါင်းစုံတို့ အေးအတူ၊ ပူအမျှအတူယှဉ်တွဲနေထိုင်သည့် ပြည်ထောင်စုကြီးဖြစ်သည်။ အထူးသဖြင့် မတူကွဲပြားသော တိုင်းရင်းသားတို့၏ ကိုယ်ပိုင်ရိုးရာယဉ်ကျေးမှုတို့ကို တစုတစည်းတည်းပေါင်းစည်းထားသော ပြည်ထောင်စုကြီး၏ အလှတရားနှင့် ယဉ်ကျေးမှုကြွယ်ဝသော နိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်။

ကိုယ်ပိုင်ရိုးရာယဉ်ကျေးမှုသည် တိုင်းရင်းသားတစ်မျိုးတည်းအတွက်သာမက ပြည်ထောင်စုတစ်ခုလုံးအတွက် တန်ဖိုးမဖြတ်နိုင်သော အမျိုးသားအမွေအနှစ်တစ်ခုဖြစ်သည်။ တိုင်းရင်းသားတို့၏ ကိုယ်ပိုင်ရိုးရာယဉ်ကျေးမှုကို လက်ဆင့်ကမ်းထိန်းသိမ်းဖော်ဆောင်သော ပွဲတော်များစွာရှိရာ ထိုပွဲတော်များအနက် ချယ်ရီပန်းတို့ပွင့်လန်းရာ ရှမ်းပြည်နယ် တောင်ကြီးတန်ဆောင်တိုင် မီးထွန်းပွဲတော်နှင့် မီးပုံးပျံပြိုင်ပွဲသည် အာရှသာမက ကမ္ဘာကပါ အထူးစိတ်ဝင်တစားလာရောက်လည်ပတ် ကြည့်ရှုအားပေးကြသည့် ပွဲတော်ကြီးတစ်ခုအဖြစ် ယနေ့တိုင်ရှင်သန်လျက်ရှိသည်။

ဘာသာတရားကိုင်းရှိုင်းမှု၊ စည်းလုံးညီညွတ်မှုနှင့် ချစ်ကြည်ရင်းနှီးမှုကိုပြသသည့် ပွဲတော်ကိုပြပါဆိုလျှင် ထိုပွဲတော်သည် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ပင်ဖြစ်သည်။ ၁၈၉၄ ခုနှစ် ကိုလိုနီခေတ်တွင် တောင်ကြီးမြို့၌ ပထမဆုံးမီးပုံးပျံပြိုင်ပွဲများ ကျင်းပခဲ့ပြီး ၁၉၄၀ ပြည့်နှစ်တွင် ကုန်းသာဘုန်းတော်ကြီးကျောင်းဆရာတော် ဦးထာနှင့် လူပုဂ္ဂိုလ်များက ဒေသခံရိုးရာ မီးပုံးပျံကြီးတစ်လုံးလွှတ်တင်ခဲ့ရာမှ ယနေ့ခေတ်တိုင် မီးပုံးပျံပွဲတော်အစဉ်အလာရှိခဲ့ကာ ၁၉၅၀ ပြည့်နှစ်တွင် မီးပုံးပျံလွှတ်တင်ခြင်းကို ပြိုင်ပွဲပုံစံဖြင့် စတင်ကျင်းပ၍ ဆုများချီးမြှင့်သည့် အစဉ်အလာဖြစ်ပေါ်ခဲ့သည်။

‌‌နောက်ပိုင်းတွင် ပရိသတ်အထူးစိတ်ဝင်စားသည့် စိန်နားပန် မီးကြီးယှဉ်ပြိုင်မှုနှင့် နေ့လွှတ်မီးပုံးပျံပြိုင်ပွဲတို့ကို ကျောက်တိုင်အားကစားကွင်း၊ ဗိုလ်ချုပ်ပန်းခြံ၊ ကရင်မရေထွက်နှင့် စူဠာမုဏိခြေတော်ရင်းတို့၌ ကျင်းပခဲ့ကြပြီး နောက်ဆုံးအဝေရာမီးပုံးပျံကွင်းတွင် ကျင်းပခဲ့သည်မှာ ယနေ့တိုင်ပင်ဖြစ်သည်။ တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်သည် ဒေသခံတိုင်းရင်းသားတို့၏ အသွေးအသားထဲသာမက ရိုးတွင်းခြင်ဆီထဲအထိ စိမ့်ဝင်နေသော ရိုးရာဓလေ့ပွဲတော်တစ်ခုဖြစ်ပြီး ပွဲတော်ကာလတွင် နိုင်ငံတစ်ဝန်းမှ လာရောက်ကြည့်ရှုအားပေးကြသည့်အပြင် နိုင်ငံတကာ ခရီးသွားများ နှစ်စဉ်လာရောက်လေ့ရှိသည့် ရှမ်းပြည်နယ်၏ ဂုဏ်ဆောင်တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကြီးဖြစ်သည်။

တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို နေ့ပိုင်းနှင့်ညပိုင်း နှစ်ပိုင်းခွဲ၍ ယှဉ်ပြိုင်ကျင်းပလေ့ရှိသည်။ ယခုနှစ်သည် ယခင်နှစ်များထက် ပြိုင်ပွဲဝင်မီးပုံးပျံအလုံးရေများလာသောကြောင့် မူလသတ်မှတ်ထားသည့် နိုဝင်ဘာလ ၁၈ ရက်နေ့မှ ၂၄ ရက်နေ့အထိ အစားနိုဝင်ဘာလ ၁၆ ရက်နေ့မှ ၂၅ ရက်နေ့အထိ ပြောင်းလဲသတ်မှတ်၍ ကျင်းပမည်ဖြစ်သည်။ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ကွင်းဖွင့်ပွဲကျင်းပပြီး နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ပိတ်ပွဲကို ကျင်းပမည်ဖြစ်သည်။ တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပြိုင်ပွဲကို နိုဝင်ဘာလ ၁၆ ရက်နေ့မှ ၂၄ ရက်နေ့အထိ ၁၀ ရက်တာ ကျင်းပခြင်းဖြစ်ရာ ယခင်နှစ်များထက် ကြက်ပျံမကျစည်ကားမည်မှာ အမှန်ပင်ဖြစ်သည်။

ပြိုင်ပွဲတွင် ညမီးကြီးမီးပုံးပျံ၊ စိန်နားပန်းမီးပုံးပျံ၊ နေ့လွှတ်အရုပ်ခြေနှစ်ချောင်း၊ နေ့လွှတ်အရုပ်ခြေလေးချောင်းနှင့် နေ့လွှတ်အရုပ်အုပ်စုတို့ ပြိုင်ပွဲဝင်ကြမည်ဖြစ်သည်။ နေ့လွှတ်မီးပုံးပျံများကို နေ့ခင်းပိုင်းတွင် လွှတ်တင်ကြပြီး အရုပ်ပုံသဏ္ဌာန်၊ အနုပညာလက်ရာနှင့် လှပသောဒီဇိုင်းလက်ရာတို့ကို အခြေခံယှဉ်ပြိုင်ကြခြင်းဖြစ်သည်။ ညလွှတ်မီးပုံးပျံပြိုင်ပွဲဖြစ်သည့် ညမီးကြီးမီးပုံးပျံပြိုင်ပွဲတွင် မီးရှူးမီးပန်းများဖြင့် အလှဆင်ခြင်းနှင့် ကောင်းကင်ယံတွင် မီးရောင်စုံများ ဖောက်လွှတ်ပြသခြင်းကို ယှဉ်ပြိုင်မည်ဖြစ်သည်။

မီးပုံးငယ်များဖြင့် အလှဆင်ချိတ်ဆွဲခြင်းနှင့် ပုံစံအမျိုးမျိုးဖြင့် အရောင်အသွေးစုံလင်စွာ ဖန်တီးထားသည့် စိန်နားပန်မီးပုံးပျံပြိုင်ပွဲကိုလည်း ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ အထူးသဖြင့် တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပြိုင်ပွဲသည် ပြိုင်ဆိုင်မှုပြင်းထန်ပြီး ညမီးကြီးနှင့် စိန်နားပန်ပြိုင်ပွဲသည် ကြည့်ရှုသူတို့၏ ရင်ခုန်စိတ်လှုပ်ရှားမှုအမြင့်ဆုံး ပြိုင်ပွဲတစ်ခုလည်းဖြစ်သည်။ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်များနှင့် ကြည့်ရှုအားပေးသူများ အသက်ရှူမေ့ရလောက်အောင် ကြည့်ရှုအားပေးကြသော ပြိုင်ပွဲအမျိုးအစားဖြစ်၍ ပြိုင်ပွဲအတွက် ကြိုးစားအားထုတ်ခဲ့သမျှ အကောင်းဆုံးယှဉ်ပြိုင်မှုကို လက်တွေ့ချပြသည့် ပြိုင်ပွဲလည်းဖြစ်သည်။

၂၀၂၆ ခုနှစ် ရှမ်းပြည်နယ် တောင်ကြီးမြို့၏ (၈၅) ကြိမ်မြောက် တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲတွင် ညမီးကြီး ၇၁ လုံး၊ စိန်နားပန် ၄၁ လုံး၊ အရုပ် ခြေနှစ်ချောင်း ၂၃၅ လုံး၊ အရုပ်ခြေလေးချောင်း ၁၃၉ လုံးနှင့် အရုပ်အုပ်စု ၇၅ စုတို့ဖြင့် စုစုပေါင်း ၅၆၁ လုံး ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲအပြင် ဘုရား/စေတီများ၌ ဆီမီးထွန်းညှိပူဇော်ခြင်း၊ သံဃာတော်များအား ဆွမ်းနှင့်လှူဖွယ်အစုစုတို့ကို လှူဒါန်းခြင်း၊ မသိုးသင်္ကန်းရက်လုပ်ကပ်လှူခြင်း၊ မြို့လုံးကျွတ် မဟာဘုံကထိန်လှည့်လည်ခြင်း၊ ညပိုင်းမီးပဒေသာဖြင့် လှည့်လည်ပူဇော်၍ ပြိုင်ပွဲဝင်ခြင်း၊ ဆီမီးထွန်းညှိပူဇော်ခြင်းနှင့် ဘာသာရေးဆိုင်ရာ အလှူဒါနကုသိုလ်ကောင်းမှုတို့ကို အပြိုင်အဆိုင်ကျင်းပကြလေ့ရှိသည်။

မီးပုံးပျံပြိုင်ပွဲကို ယခင်က တောင်ကြီးမြို့တွင်ရှိသည့် ရပ်ကွက်၊ ကျေးရွာများအလိုက် ယှဉ်ပြိုင်ခဲ့ရာမှ ရှမ်းပြည်နယ်အတွင်းရှိ လွိုင်လင်၊ ဟိုပုံး၊ ပင်းတယ၊ ရပ်စောက်၊ ပွေးလှ၊ ‌အောင်ပန်း၊ အင်းလေး၊ ကလောနှင့် အခြားမြို့တို့မှ လာရောက်ယှဉ်ပြိုင်ကြသည့် ပြည်နယ်ပွဲတော်ကြီးတစ်ခုအဖြစ် အထူးစည်ကားသော ရိုးရာပွဲတော်ကြီးဖြစ်သည်။

ပွဲတော်တွင် ရှမ်းတိုင်းရင်းသားမျိုးနွယ်စု ၃၃ မျိုးထဲမှ တိုင်းရင်းသားများ ဒေသအလိုက် လာရောက်ယှဉ်ပြိုင်ကြရာ ရှမ်းတိုင်းရင်းသားမျိုးနွယ်စုံလင်လှသည့် ရောင်စုံဖူးပွင့်နေသော ပန်းဥယျာဉ်ကြီးသဖွယ် တိုင်းရင်းသားဝတ်စုံမျိုးစုံဖြင့် ပြည်ထောင်စုဖွားတိုင်းရင်းသားတို့၏ လှပသော ထာဝရသစ္စာအလှတရားတို့ကို ထင်ဟပ်စေသည့်ပမာ တွေ့မြင်ခံစားကြရမည်ဖြစ်သည်။ ပြိုင်ပွဲဖွင့်ပွဲနှင့် ပိတ်ပွဲနေ့သည် ရှမ်းပြည်နယ်တစ်ဝန်းသာမက အထက်ကောင်းကင်ယံသို့တိုင် တောင်ပေါ်တေးသီချင်းသံတို့ လွင့်ပျံစေလျက်နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်နှင့် ငြိမ်းချမ်းမှု၏အနှစ်သာရကို ထဲထဲဝင်ဝင် သိရှိခံစားမိစေသည့် အချိန်ကာလလည်း ဖြစ်သည်။

မီးပုံးပျံပြိုင်ပွဲတွင် လာရောက်ကြည့်ရှုသူအများစု ရင်ခုန်စိတ်လှုပ်ရှားစေသော ပြိုင်ပွဲမှာ ညပိုင်းယှဉ်ပြိုင်လေ့ရှိသည့် ညမီးကြီးနှင့်စိန်နားပန်ပြိုင်ပွဲဖြစ်သည်။ ထိုပြိုင်ပွဲ၌ အဓိကမှာ မီးပုံးပျံတွင် အသုံးပြုသည့် ယမ်းသုံးစွဲမှုအတတ်ပညာရပ်ပင်ဖြစ်သည်။ ထိခိုက်ပျက်စီးမှုမရှိစေရန် ယမ်းထောင်းမှုကို အထူးသတိပြု၍ လုပ်ကိုင်ကြလေ့ရှိသည်။ လွန်ခဲ့သော မီးပုံးပျံပြိုင်ပွဲများတွင် ယမ်းစိမ်း၊ လင်းနို့ချေးနှင့် မီးသွေးရောထောင်းပြီး မီးပုံးပျံအတွက် အသုံးပြုခဲ့ကြပြီး နောက်ပိုင်းတွင် ယမ်းစိမ်း၊ မီးသွေးနှင့် ကန့်ကို အချိုးညီမျှစွာရောစပ်၍ သစ်သားဆုံတွင် ထည့်ထောင်းပြီး အသုံးပြုကြလေ့ရှိသည်။

သံဆုံတွင် ထည့်ထောင်းသည့်အခါ အခန့်မသင့်ပါက ပွတ်အားဖြင့် ယမ်းပေါက်ကွဲမှုများ ဖြစ်ပွားလေ့ရှိရာ အန္တရာယ်ဖြစ်ပွားမှုနည်းပါးသည့် သစ်သားဆုံ၌ထည့်၍ ယမ်းထောင်းကြသည်။ ညပိုင်းမီးကြီးနှင့် စိန်နားပန်ပြိုင်ပွဲတို့တွင် အဓိကယမ်းကို အသုံးပြုခြင်းကြောင့် မြေပြင်၊မီးပုံးပျံစတင်ချိန်နှင့် ဝါးတစ်ပြန်ကျော်အမြင့်တို့တွင် မီးပန်းများပေါက်ကွဲပါက လူများထိခိုက်ခြင်းနှင့် မီးလောင်မှုတို့ကို တန်ဆောင်တိုင်ပွဲတော်တွင် ကြုံတွေ့ရလေ့ရှိသည်။ ထို့ကြောင့် ပြိုင်ပွဲဒိုင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ အထူးကြပ်မတ်ဆောင်ရွက်ကြလေ့ရှိသည်။

ထိုသို့ အန္တရာယ်ရှိသော ပြိုင်ပွဲဖြစ်သော်လည်း ပြိုင်ပွဲဝင်တို့က မီးပုံးပျံနှင့် ယမ်းအသုံးပြုမှုကို တစ်လ၊ နှစ်လမှ တစ်နှစ်အထိ ကြိုတင်၍ အဖွဲ့လိုက် ပြင်ဆင်ဆောင်ရွက်လေ့ရှိပြီး ထိုသို့စိတ်နှစ်၍ ဆောင်ရွက်ကြမှုအပေါ် ဂုဏ်ယူကြလေ့ရှိသည်။ လချီ၊ နှစ်ချီ ကြာမြင့်စွာ မီးပုံးပျံတပ်ဆင်ခဲ့ကြသော ပင်ပန်းခက်ခဲသည့် ဘဝအမောများသည် မိမိတို့ မီးပုံးပျံအဝေရာကွင်း ကောင်းကင်ယံသို့ အန္တရာယ်ကင်းရှင်းစွာ ယမ်းပေါက်ကွဲအား ကောင်းကောင်းဖြင့် ရောင်စုံမီးပန်းများ လင်းထိန်လျက် တစ်ရှိန်ထိုးတက်သွားသော မိနစ်ပိုင်းအချိန်က မီးပုံးပျံတည်ဆောက်ခဲ့သူတို့၏ ပျော်ရွှင်မှုအထွတ်အထိပ်သို့ ရောက်ရှိသော အချိန်ဖြစ်ရာ ပင်ပန်းခဲ့သမျှ ဘဝအမောများ ပြေပျောက်၍ ပျော်ရွှင်ကခုန်ပွေ့ဖက်ကြလေ့ရှိသည်။ ထိုအချိန်သည် နောင်နှစ် တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲတွင် ဘာတွေကြိုတင်ပြင်ဆင်သွားရမည်ဆိုသည့် အချက်ပေးခေါင်းလောင်းသံတို့ သံပြိုင်မြည်ဟည်းလျက်ရှိကာ ရင်ထဲတွင်လည်း အကောင်းဆုံးထက်အကောင်းဆုံးကို လုပ်ဆောင်သွားကြရန် သန္နိဋ္ဌာန်ချမှတ်လေ့ရှိသည့် အချိန်အခါဖြစ်သည်။

တောင်ကြီးမီးပုံးပျံပြိုင်ပွဲသည် နေ့ပိုင်းတွင် မင်းသား/မင်းသမီးအကနှင့် ညပိုင်းတွင် ယက္ခကုမ္ဘဏ်အကဖြင့် ဖျော်ဖြေနေသည့်ပမာဆင်တူလှသည်။ နေ့ပိုင်းရောင်စုံအရုပ်မျိုးစုံ လွှတ်တင်သည့် ပြိုင်ပွဲသည်ကကြိုးစုံလင်စွာကပြနေသည့် မင်းသား/မင်းသမီးအကကို ငေးမောကြည့်ရှုရသည့်ပမာ ခံစားရလေ့ရှိပြီး ညပိုင်းမီးကြီးနှင့် စိန်နားပန်ပြိုင်ပွဲသည် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ဖြင့် ခပ်ကြမ်းကြမ်း၊ မာန်ဟုန်ပြင်းပြင်းဖြင့် ဖနောင့်ပေါက်ဒူးမြှောက်ကာ ကပြနေသည့် ဘီလူးကုမ္ဘဏ်အကကို ရင်တမမနှင့် ကြည့်ရှုခံစားရခြင်းနှင့် ဆင်တူလှသည်။ ထိုခံစားမှုသည် ကြည့်ရှုအားပေးသူတို့ ရင်ခုန်စိတ်လှုပ်ရှားမှု အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေချိန်လည်းဖြစ်သည်။

အများအားဖြင့် ညပိုင်းသည် အေးမြသော လေထုနှင့်အတူ ကြည့်ရှုသည့် ပရိသတ်များပြားလေ့ရှိပြီး သဘာဝကြောင့်ဖြစ်စေ၊ လူကြောင့်ဖြစ်စေ မီးပုံးပျံပြုလုပ်ခဲ့စဉ်က လိုအပ်မှုတို့ကြောင့် မီးပုံးပျံပျက်ကျပြီး ယမ်းပေါက်ကွဲမီးလောင်မှုဖြစ်စဉ်တို့ကြောင့် အသက်အန္တရာယ်နှင့် ရင်ဆိုင်ရနိုင်သည်။

သင်္ကြန်ပွဲတော်ကာလတွင်လည်း ထိခိုက်သေဆုံးမှုများ ရှိတတ်သည်ဖြစ်ရာ မီးပုံးပျံပွဲတော်တွင်လည်း ထိခိုက်မှုဖြစ်ပွားတတ်ခြင်းက ဆန်းလှသည်တော့မဟုတ်ချေ။ သို့သော် အထူးဂရုပြု ထိန်းသိမ်းဆောင်ရွက်မှုဖြင့် ပွဲတော်ကို ကျင်းပခဲ့ကြသည်မှာ ယနေ့တိုင်ပင်ဖြစ်သည်။ ယခုနှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်သည် ပြိုင်ပွဲအမျိုးအစားနှင့် လာရောက်ကြည့်ရှုအားပေးကြမည့် ပြည်တွင်း/ ပြည်ပခရီးသွားများ ယခင်နှစ်များထက် စံချိန်တင်များပြားမှုကို ခရီးသွားပို့ဆောင်ရေးနှင့် ဟိုတယ်၊ တည်းခိုခန်းများပြည့်နေမှုက ပြသနေသည်။

တောင်ကြီးတန်ဆောင်တိုင်ပွဲတော်နှင့် မီးပုံးပျံပွဲတော်ကို နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပြီး တန်ဆောင်တိုင်ပွဲတော်ကို ကျင်းပခြင်းသည် တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းမြှင့်တင်ပေးသည့်အပြင် အနာဂတ်မျိုးဆက်သစ်တို့ထံ ယဉ်ကျေးမှုအမွေအနှစ်များ လက်ဆင့်ကမ်းပေးသည့် ပွဲတော်တစ်ခုလည်း ဖြစ်သည်။

မီးပုံးပျံပွဲတော်ကို ကျင်းပခြင်းမှာ မြန်မာ့ရိုးရာမီးပုံးပျံပညာရပ်ကို မပျောက်ပျက်စေရန်၊ မီးပုံးပျံပြုလုပ်သူတို့၏ လက်မှုပညာကို မြှင့်တင်ပေးရန်၊ အနုပညာဖန်တီးမှုစွမ်းရည် တိုးတက်လာစေရန်နှင့် မျိုးဆက်သစ်လူငယ်တို့ထံ ရိုးရာပညာရပ်များ လက်ဆင့်ကမ်းနိုင်ရန်ဖြစ်ပြီး မြတ်ဗုဒ္ဓ၏ အဆုံးအမများကို လိုက်နာကျင့်သုံးခြင်း၊ ကုသိုလ်ကောင်းမှုပြုလုပ်ခြင်းနှင့် ရှမ်းပြည်နယ်၏ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းမြှင့်တင်ခြင်းကိုလည်း ပေါ်လွင်စေသည်။

အထူးသဖြင့် ဘာသာသာသနာကို ကြည်ညိုလေးစားခြင်း၊ မြန်မာ့ရိုးရာမီးပုံးပျံပညာကို ထိန်းသိမ်းခြင်း၊ ရှမ်းပြည်နယ်၏ ရိုးရာယဉ်ကျေးမှုကို ဖော်ထုတ်ခြင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပြသခြင်းနှင့် ဒေသတွင်းခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်မှုအထောက်အကူဖြစ်စေခြင်းတို့ကို တောင်ကြီးတန်ဆောင်တိုင်ပွဲတော်က ထည်ဝါခန့်ညားစွာ ပြသလျက်ရှိသည်။

တောင်ကြီးမြို့သည် တောင်ပေါ်မြို့ဖြစ်၍ နေ့ချင်စဖွယ်မြို့တစ်မြို့ဖြစ်သည်။ နေ့ပိုင်းတွင် အေးမြသော လေထုကိုခံစားရပြီး ညပိုင်းတွင် ချမ်းအေးသည့် တောင်ပေါ်ရာသီဥတုကို ပိုင်ဆိုင်ထားသောကြောင့် မီးပုံးပျံပြိုင်ပွဲနှင့် လိုက်ဖက်ညီသည့် တောင်ပေါ်မြို့ဖြစ်သည်။

နိုင်ငံတစ်နိုင်ငံ၏ ဂုဏ်သိက္ခာကို လက်နက်အင်အား၊ စီးပွားရေးအင်အားဖြင့် တည်ဆောက်နိုင်သည့်အပြင် ယဉ်ကျေးမှုအမွေအနှစ်၊ ရိုးရာဓလေ့၊ အနုပညာလက်ရာနှင့် ဖန်တီးနိုင်မှုစွမ်းရည်တို့ဖြင့်လည်း တည်ဆောက်နိုင်သည်။

ပုဂံယဉ်ကျေးမှုနယ်မြေကို ကမ္ဘာကသိရှိသည့်အပြင် တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကိုလည်း အသိအမှတ်ပြုထား၍ တိုင်းရင်းသားတို့၏ ရိုးရာအမွေအနှစ်ကို ကမ္ဘာ့အလယ်တွင် ထည်ဝါစွာ ချပြခွင့်ရရှိခြင်းမှာ နိုင်ငံနှင့်လူမျိုးအတွက် ဝမ်းမြောက်ဂုဏ်ယူဖွယ်ဖြစ်သည်။ တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲကြီး စတင်ပါတော့မည်။

ပြိုင်ပွဲတွင် ရှမ်းပြည်နယ်၏ မြို့အသီးသီးမှ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ရာ ထိုသို့သော ယှဉ်ပြိုင်မှုသည်  ပြည်ထောင်စုဖွားတိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်မှုကို ပြသနေသည့်အပြင် ပြည်ထောင်စုကြီး ရေရှည်တည်တံ့ခိုင်မြဲမှုကိုလည်း အထောက်အပံ့ ဖြစ်စေလျက်ရှိသည်။ သို့ဖြစ်၍ ဆောင်းရာသီကာလချယ်ရီပန်းများနှင့်အပြိုင် လှပနေသည့် တောင်ကြီးမြို့၏ တန်ဆောင်တိုင်မီးပုံးပျံပြိုင်ပွဲသို့ နိုင်ငံတစ်ဝန်းမှ ပြည်သူများ လာရောက်ကြည့်ရှုလည်ပတ်ရင်း တောင်ပေါ်လေအေးအေးနှင့်အတူ ရှမ်းအစားအစာစုံလင်လှသည့် ချယ်ရီမြေသို့ အရောက်လှမ်းခဲ့ပါရန် တိုင်းရင်းသားညီအစ်ကိုများ၏ နွေးထွေးသောလက်များက ကမ်းလို့ကြိုဆိုနေပါကြောင်း ရေးသားလိုက်ရပါသည်။ ။

No comments:

Post a Comment