Tuesday, November 3, 2026

တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၃ ရက်မြောက်နေ့ ကျင်းပ

 


နေပြည်တော် နိုဝင်ဘာ ၂

တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၃ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးရှေ့မှောက်၌ ကတိသစ္စာမပြုရသေးသည့် တပ်မတော်သားအမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးကကတိသစ္စာပြုပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးသည်။

ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ်အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၃ ရက်မြောက်နေ့သို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၂၀၉ ဦးရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၂၀၂ ဦးတက်ရောက်သဖြင့် ထက်ဝက်ကျော်သည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာကာ အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။

ယင်းနောက် ရခိုင်ပြည်နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၀) ဒေါက်တာခိုင်ခိုင်ဆု၏ မြန်မာနိုင်ငံတစ်ဝန်းတွင်ရှိသော ပြည်တွင်းယာယီနေရပ်စွန့်ခွာနေရသည့် အမျိုးသမီးများ၏ကျန်းမာရေး၊ လူမှုရေးနှင့်စီးပွားရေးဆိုင်ရာအခက်အခဲများကို နိုင်ငံတော်အနေဖြင့် မည်သို့ကူညီဖြေရှင်းပေးရန်စီမံထားရှိသည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ အမျိုးသမီးရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာနေသွယ်ကြည်က ယာယီနေရပ်စွန့်ခွာအမျိုးသမီးများ ရွှေ့ပြောင်းနေထိုင်ရသူများအတွက် လိုအပ်သောမိခင်နှင့်မျိုးဆက်ပွားဆိုင်ရာ အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုများကို အခြားအမျိုးသမီးများနည်းတူ ခွဲခြားဆက်ဆံမှုမရှိစေဘဲ ကျန်းမာရေးဝန်ကြီးဌာနက ၂ဝ၂၂ ခုနှစ်၌ National Sexual and Reproductive Health Policy တွင် ထည့်သွင်းထားသည်နှင့်အညီ ဆောင်ရွက်ပေးနေပါကြောင်း။

အမျိုးသမီးများနှင့် အရေးပေါ်အခြေအနေကဏ္ဍတွင် သဘာဝဘေးအန္တရာယ်များ၊ ပဋိပက္ခများနှင့် အခြားအရေးပေါ်အခြေအနေများအတွင်း ထိခိုက်ခံစားလွယ်သည့်အမျိုးသမီးများအတွက် ဘေးကင်းလုံခြုံပြီးပိုမိုကောင်းမွန်သောလူမှုဘဝရရှိနိုင်စေရေးနှင့် အာဆီယံအမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့်လုံခြုံရေးဆိုင်ရာ လုပ်ငန်းစီမံချက်နှင့်အညီ လုပ်ငန်းအစီအစဉ်များအား ထည့်သွင်းရေးဆွဲထားပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကဏ္ဍအနေဖြင့် အမျိုးသမီးများနှင့် အမျိုးသမီးငယ်ရွယ်သူများအပေါ် နည်းမျိုးစုံနှင့်အကြမ်းဖက်မှုမှ လျော့ကျကင်းဝေးစေရေးနှင့် ကြိုတင်တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်များ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဖြစ်စဉ်များကို တုံ့ပြန်ရေးလုပ်ငန်းစဉ်များအပြင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှတားဆီးကာကွယ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရသည့် ဝန်ထမ်းများအား စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ ပြည်သူများအတွက် ကျား၊ မအခြေပြုအကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းစဉ်များ ထည့်သွင်းရေးဆွဲထားကာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း။

အိမ်တွင်းအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ကျား၊ မအခြေပြု အကြမ်းဖက်မှုများ၊ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို တိုင်ကြားနိုင်ရန် ယခင်ကလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်တွင် ၂၄ နာရီ Helpline တယ်လီဖုန်းနံပါတ် “၁၅၆၆” ဝန်ဆောင်မှုကို တည်ထောင်ထားရှိပြီး တိုင်ကြားလာမှုများကို Case Manager များဖြင့် ဖြေရှင်းအကူအညီပေးလျက်ရှိပါကြောင်း၊ ယခုအခါ အမျိုးသမီးရေးရာဝန်ကြီးဌာနအောက်တွင် Helpline တယ်လီဖုန်းနံပါတ် “၁၅၄၄” ကို ဖွင့်လှစ်ထားရှိပြီးဖြစ်သဖြင့် “၁၅၄၄” သို့ တိုင်ကြားလာသည့် ဖြစ်ရပ်အပြင် “၁၅၆၆” သို့ တိုင်ကြားလာပြီး အမျိုးသမီးရေးရာဝန်ကြီးဌာနသို့ လွှဲပြောင်းပေးပို့လာသည့် ဖြစ်ရပ်များကိုလက်ခံကာ ဥပဒေအရစိစစ်အရေးယူဆောင်ရွက်နိုင်ရေး Service Provider များဖြင့် ဖြေရှင်းအကူအညီပေးလျက်ရှိပါကြောင်း၊ အကြမ်းဖက်ခံရသည့် အမျိုးသမီးများအတွက် လိုအပ်ချက်ပေါ်မူတည်၍ ငွေကြေးထောက်ပံ့မှုအနေဖြင့် တရားရင်ဆိုင်ခရီးစရိတ်၊ ပြန်လည်ရပ်တည်ရန်စရိတ်၊ အမျိုးသမီးဦးဆောင်အိမ်ထောင်စုများအတွက်ထောက်ပံ့မှုစရိတ်များကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အထိ ထောက်ပံ့ပေးခဲ့ပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်မှစ၍ အမျိုးသမီးရေးရာဝန်ကြီးဌာနမှ ဆက်လက်ထောက်ပံ့ပေးလျက်ရှိပါကြောင်း။

အမျိုးသမီးရေးရာဝန်ကြီးဌာနသည် အကြမ်းဖက်ခံရသူများအတွက် မိသားစု၊ ပတ်ဝန်းကျင်မှ လုံခြုံမှုမပေးနိုင်ပါက “အကြမ်းဖက်ခံရသော အမျိုးသမီးများအား တစ်နေရာတည်းတွင် ဝန်ဆောင်မှုပေးသည့် စင်တာ” (One Stop Women Support Center- OSWSC) ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ လွိုင်ကော်၊ လားရှိုး၊ မုံရွာ၊ စစ်တွေတို့တွင် ဖွင့်လှစ်ထားရှိပြီး နည်းမျိုးစုံဖြင့် အကြမ်းဖက်ခံရပြီး ယာယီလုံခြုံမှုလိုအပ်သည့် အမျိုးသမီးများနှင့် အမျိုးသမီးငယ်ရွယ်များကို လက်ခံစောင့်ရှောက်၍ ရုပ်ပိုင်း/စိတ်ပိုင်းဆိုင်ရာလုံခြုံမှုပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ တရားရေးဆိုင်ရာချိတ်ဆက်မှုပေးခြင်းနှင့်စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုပေးခြင်း စသည့်ဝန်ဆောင်မှုများဆောင်ရွက်ပေးလျက်ရှိပြီး ၎င်းတို့၏လိုအပ်ချက်ပေါ်မူတည်၍ ဘဝရပ်တည်ရေးအတွက် ငွေကြေးအထောက်အပံ့ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အဆိုပါစင်တာများအတွက် စီမံခန့်ခွဲမှုလုပ်ငန်းလမ်းညွှန်ကို ရေးဆွဲထားရှိပြီး ယင်း Guideline နှင့်အညီ ဝန်ဆောင်မှုများပေးလျက်ရှိပါကြောင်း၊ အမျိုးသမီးရေးရာဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အားလုံးတွင် OSWSC များ တိုးချဲ့ဖွင့်လှစ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

ပြည်တွင်းယာယီနေရပ်စွန့်ခွာနေရသည့် အမျိုးသမီးများလုံခြုံရေးအတွက် ယာယီခိုလှုံရာနေရာများတွင်တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသမီးများကို လူမှုကွန်ရက်မှတစ်ဆင့်မက်လုံးပေးစည်းရုံး၍ ပြည်ပနိုင်ငံများသို့ လိမ်လည်ပို့ဆောင်နေမှုများအပေါ် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့အနေဖြင့် စုံစမ်းဖော်ထုတ်ရရှိမှုများအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေဖြင့် အမှုဖွင့်လှစ်အရေးယူဆောင်ရွက်ခြင်း၊ လူကုန်ကူးမှုများဖြစ်ပွားလာပါက အချိန်နှင့်တစ်ပြေးညီ ဖော်ထုတ်အရေးယူပြီး ထိရောက်သည့်ပြစ်ဒဏ်ရရှိရေး ဆောင်ရွက်ပေးနေပါကြောင်း၊ ပြည်တွင်းယာယီနေရပ်စွန့်ခွာ အမျိုးသမီးများအပါအဝင် နိုင်ငံတစ်ဝန်းရှိအမျိုးသမီးများအားလုံး၏ ကျန်းမာရေး၊ လူမှုဖူလုံရေးနှင့်ဘဝလုံခြုံရေးများကို ဘက်ပေါင်းစုံမှ အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။

တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၅) ဦးမိုးမြင့်၏ မဟာဓာတ်အားလိုင်းမရောက်ရှိသော သဘာဝဓာတ်ငွေ့ထွက်ရှိပြီး သုံးစွဲခွင့်မရသောပြည်သူများ လျှပ်စစ်ဓာတ်အားခသက်သာစွာဖြင့် သုံးစွဲနိုင်ရေးအတွက် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ဘုတ်ပြင်းခရိုင်၊ ကော့သောင်းခရိုင်များသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ စက်သုံးဆီဒီဇယ်နှင့် ချောဆီ၊ အင်ဂျင်ဝိုင်များကို ဖြန့်ဖြူးရောင်းချပေးရန် အစီအစဉ် ရှိ/မရှိနှင့်ရောင်းချပေးပါက မည်ကဲ့သို့ ဖြန့်ဖြူးရောင်းချပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်းက တနင်္သာရီတိုင်းဒေသကြီးရှိ ထားဝယ်ခရိုင်၌ စက်သုံးဆီအရောင်းဆိုင် ၁၉ ဆိုင်၊ မြိတ်ခရိုင်၌ ၁၅ ဆိုင်၊ ကော့သောင်းခရိုင်၌ ၇ ဆိုင် စုစုပေါင်း စက်သုံးဆီအရောင်းဆိုင် ၄၁ ဆိုင်ရှိပါကြောင်း၊ စက်သုံးဆီအရောင်းဆိုင်များနှင့် အခြားကဏ္ဍလုပ်ငန်းများအနေဖြင့် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် နယ်စပ်နှင့်ပင်လယ်ရေကြောင်းတို့မှ တင်သွင်းသည့်စက်သုံးဆီများကို ရောင်းချလျက်ရှိပါကြောင်း။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်နှင့်မြိတ်ခရိုင်အတွင်း နိုင်ငံတော်ဓာတ်အားစနစ် ပြင်ပရှိဒေသခံပြည်သူများ ဓာတ်အားခဈေးနှုန်းချိုသာစွာ အသုံးပြုနိုင်ရေးနှင့် လျှပ်စစ်ဓာတ်အား အဆက်မပြတ်ရရှိနိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ ရေနံဓာတုဗေဒစက်ရုံစု(သံပရာကန်)မှ ထုတ်လုပ်သော ဓာတ်ဆီနှင့်ဒီဇယ်ဆီများအား ဌာနဆိုင်ရာအချင်းချင်း ရောင်းဈေးနှုန်းဖြင့် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ၂၀၂၁ ခုနှစ် စက်တင်ဘာလမှစ၍ လစဉ်ရောင်းချပေးလျက်ရှိပါကြောင်း။

သို့ဖြစ်ပါ၍ တနင်္သာရီတိုင်းဒေသကြီးအတွင်း ကဏ္ဍအလိုက်လိုအပ်သောစက်သုံးဆီများကို တိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့်တင်သွင်းခွင့်ပြုထားပြီးဖြစ်ပါသဖြင့် ပုဂ္ဂလိကလျှပ်စစ်ဓာတ်အားပေးလုပ်ငန်းဆောင်ရွက်သည့် ကုမ္ပဏီများ၊ လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဒေသများအလိုက် တင်သွင်းခွင့်ပြုထားသော ကုမ္ပဏီများထံမှ သင့်တင့်မျှတသောဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ပါကြောင်း၊ ကော့သောင်းမြို့နှင့် ဘုတ်ပြင်းမြို့များတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရန်အတွက် လိုအပ်သော ပြည်တွင်းထုတ်ဒီဇယ်အား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဝယ်ယူအသုံးပြုလိုပါက တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှတစ်ဆင့် တင်ပြလျှောက်ထားသွားရန်ဖြစ်ပါကြောင်းနှင့် ဖြန့်ဖြူးရောင်းချပေးနိုင်ရေး စိစစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁၁) ဦးစိုးကြည်၏ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် မြိတ်တောင်ကျေးရွာအုပ်စု မြို့နယ်စုပေါင်းရုံးအနီးရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း(မြိတ်)တွင် သင်တန်းသားများ လက်ခံစောင့်ရှောက် ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်ရန် လိုအပ်သောလုံခြုံရေးအဆောက်အအုံနှင့် အထောက်အကူပြုပစ္စည်းများ ဖြည့်ဆည်းဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်က မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း(မြိတ်)၏ ဝန်ထမ်းအင်အားဖွဲ့စည်းပုံသည် ခွင့်ပြု အင်အား အရာထမ်း သုံးဦး၊ အမှုထမ်း ၂၈ ဦး စုစုပေါင်း ၃၁ ဦးဖြစ်ပြီး ခန့်အပ်အင်အားသည် အရာထမ်းတစ်ဦး၊ အမှုထမ်းခြောက်ဦး စုစုပေါင်း ခုနစ်ဦးဖြစ်သဖြင့် စခန်းဖွဲ့စည်းပုံ လူအင်အား၏ ၂၅ ဒသမ ၈ ရာခိုင်နှုန်းသာ ဖြစ်ပါကြောင်း။

မူးယစ်ဆေးဖြတ်ပြီးသူများအား ပြန်လည်ထူထောင်ရေးစခန်း(မြိတ်)သို့ ၂၀၂၀ ပြည့်နှစ်စခန်းဖွင့်ချိန်မှစ၍ လုပ်ငန်းဆောင်ရွက်မှုနှင့်လိုအပ်ချက်အရ ငွေစာရင်းဖွင့်လှစ်ရန်ပုံငွေလွှဲအပ်လုပ်ငန်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စခန်းစီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များ၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာကိစ္စရပ်များအတွက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မူးယစ်ဆေးဖြတ်ပြီးသူများအား ပြန်လည်ထူထောင်ရေးစခန်း(မြိတ်)၌ သင်တန်းများဆောင်ရွက်နိုင်ချိန်တွင် လိုအပ်ချက်များစိစစ်ပံ့ပိုးသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့မှလည်း ပံ့ပိုးကူညီပါက ပိုမိုမြန်ဆန်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း(မြိတ်)အတွက် ဖြည့်ဆည်းမှုများအား လုပ်ငန်းဆောင်ရွက်နိုင်မှုနှင့်ဘဏ္ဍာငွေရရှိမှုပေါ်မူတည်၍ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်ပူးပေါင်းပြီး မူးယစ်ဆေးဖြတ်ရန် အမှန်တကယ်လိုအပ်သော လူငယ်ဦးရေကို စစ်တမ်းကောက်ယူခြင်း၊ ဆေးဖြတ်စခန်းဖွင့်လှစ်နိုင်ရန်အတွက် ရှေးဦးစွာလက်ရှိတည်ရှိနေသောအဆောက်အအုံတွင် လုံခြုံရေးဆိုင်ရာ သံပန်းများတပ်ဆင်ခြင်း၊ အဆောက်အအုံပတ်ဝန်းကျင်တွင် လက်ရှိသံဆန်ခါတပ်တံတိုင်းအစား အုတ်တံတိုင်း တည်ဆောက်နိုင်ရေးအတွက် အသေးစိတ်တွက်ချက်ကာ နီးစပ်ရာဘဏ္ဍာရေးနှစ်များတွင် ဘဏ္ဍာငွေရရှိမှုပေါ်မူတည်၍ ထည့်သွင်းတည်ဆောက်လျာထားနိုင်ရေး စီမံဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း ဖြေကြားသည်။

ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၈) ဦးအောင်တင်မြင့်၏ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့နယ် အမှတ်(၇)ရပ်ကွက် ဘဲဂရက်ကျေးလက်ကျန်းမာရေးဌာန(ခွဲ) ကိုယ်ထူကိုယ်ထအဆောက်အအုံမှာ ပျက်စီးယိုယွင်းနေပါသဖြင့် စံကိုက်ကျေးလက်ကျန်းမာရေးဌာန(ခွဲ) အဆောက်အအုံ ဆောက်လုပ်ခွင့်ပြုပေးနိုင်ပါရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာတင်ထွန်းက ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ် အမှတ်(၇)ရပ်ကွက်ရှိ ဘဲဂရက်ကျေးလက်ကျန်းမာရေးဌာနခွဲသည် တကုန်းကြီးကျေးလက်ကျန်းမာရေးဌာန အောက်တွင်ရှိပြီး (၂၀၂၄)ခုနှစ်ကတည်းက အလှူရှင် လှူဒါန်းခဲ့သော မြေနေရာပေါ်တွင် ကိုယ်ထူကိုယ်ထ ဆောက်လုပ်လှူဒါန်းခဲ့သည့် ဓနိနှင့်သွပ်မိုး၊ ဝါးဘိုးဝါးတိုင်များဖြင့် ဆောက်လုပ်ထားသော အဆောက်အအုံဖြစ်ပါကြောင်း၊ အဆောက်အအုံသည် အိုဟောင်းပြီးကြံ့ခိုင်မှုအားနည်းနေပြီဖြစ်ပါကြောင်း၊ အဆိုပါမြေနေရာသည် ကွင်းအမှတ် (၁၇၅- B)၊ ဦးပိုင်အမှတ် (၁၂၀/၄၈) အလျား ပေ ၁၀၀၊ အနံပေ ၁၀၀၊ (၀ ဒသမ ၂၃)ဧကရှိ မြို့မြေအမျိုးအစားဖြစ်ပြီး ကျန်းမာရေးဌာန အမည်ပေါက် ပုံစံ(၁၀၅)/(၁၀၆) ရရှိပြီးဖြစ်ပါကြောင်း။

သို့ပါ၍ အဆိုပါမြေနေရာပေါ်တွင် စံကိုက်ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အအုံဖြစ်သည့် ဆေးခန်းအဆောက်အအုံတစ်လုံး၊ (၂)ခန်းတွဲ ဝန်ထမ်းအိမ်ရာတစ်လုံး ဆောက်လုပ်ရန် (၂၀၂၇-၂၀၂၈) ဘဏ္ဍာရေးနှစ်တွင် လျာထားဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

 မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၂) ဦးတင်မျိုးဇော်၏ မကွေး တိုင်းဒေသကြီး မကွေးမြို့နယ် မြင်ကွန်းတိုက်နယ်၊ မြင်ကွန်းကျေးရွာအုပ်စုရှိ ကျေးရွာများ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုဆောင်ရွက်ပေးနိုင်ရေးအတွက် မြင်ကွန်းကျေးရွာတွင် တိုက်နယ်ဆေးရုံချထားဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ၊ မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်နှင့် ရှိပါက မည်သည့်ကာလအပိုင်းအခြားတွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးဒေါက်တာတင်ထွန်းက မြင်ကွန်းကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနတစ်ခုရှိပြီး ၎င်းအောက်တွင် ကျေးလက်ကျန်းမာရေးဌာနခွဲခြောက်ခုဖြင့် ကျေးရွာ ၂၄ ရွာ လူဦးရေစုစုပေါင်း ၂၈၃၄၂ ဦးအား လက်ထောက်ကျန်းမာရေးမှူး ဦးဆောင်သော ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပါကြောင်း၊ လူနာများ လွှဲပြောင်းပေးပို့ကုသရန်လိုအပ်ပါက မကွေးပြည်သူ့ဆေးရုံကြီးနှင့် (၂၈)မိုင် သစ်ရာ ကောက်တိုက်နယ်ဆေးရုံနှင့် မိုင်(၂၀) မိကျောင်းရဲ တိုက်နယ်ဆေးရုံနှင့် (၁၈) မိုင်ခန့် ကွာဝေးပါကြောင်း။

ပုံစံ(၁၀၅)/(၁၀၆) လျှောက်ထားဆဲဖြစ်သော မြင်ကွန်းတိုက်နယ်ဆေးရုံအတွက် လျာထားမြေနေရာသည် လုံလောက်သောအကျယ်အဝန်း ၄ ဧကရှိခြင်း၊ ပတ်ဝန်းကျင်ကျေးရွာများနှင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ခြင်းတို့ကြောင့် တိုက်နယ်ဆေးရုံဖွင့်လှစ်ပါက ပတ်ဝန်းကျင်ကျေးရွာမှ လူနာများ လာရောက်ပြသရေးလွယ်ကူမည်ဖြစ်ပြီး အတွင်းလူနာများပါ ကုသပေးနိုင်မည်ဖြစ်ပါကြောင်း၊ သို့ပါ၍ မြင်ကွန်းတိုက်နယ်ဆေးရုံချထား ဆောင်ရွက်ပေးရေးနှင့်စပ်လျဉ်း၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်ထောင်စုအစိုးရအဖွဲ့သို့ ဆက်လက်တင်ပြသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၇) ဦးခင်မောင်မြင့်၏ ရှမ်းပြည်နယ် (တောင်ပိုင်း) ရပ်စောက်မြို့နယ် မားသဲကျေးရွာအုပ်စုရှိ ရေဦးကျေးလက်ကျန်းမာရေးဌာနခွဲကို ကျေးလက်ကျန်းမာရေးဌာနအဖြစ် အဆင့်တိုးမြှင့်ပေးရန် ရှိ/မရှိ၊ နန်းလွဲကျေးရွာအုပ်စု မုံပြင်ကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲအသစ် ခွင့်ပြု ချထားတည်ဆောက်ပေးရန် ရှိ/မရှိနှင့် ကျောက်တောကျေးရွာအုပ်စုတွင် ဗန်းမက်အပါအဝင်ရွာ(၉)ရွာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများခံယူရန်အတွက် ဗန်းမက်ကျေးလက်ကျန်းမာရေးဌာနခွဲ အသစ် ခွင့်ပြုချထားတည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွန်းက ရပ်စောက်မြို့နယ် ရေဦးကျေးရွာတွင် အိမ်ခြေ ၂၀၆ အိမ်နှင့် လူဦးရေ ၈၄၈ ဦးရှိပြီး ရေဦးကျေးလက်ကျန်းမာရေးဌာနခွဲကို အင်တောတိုက်နယ်ကျန်းမာရေးဌာနအောက်တွင် ဖွဲ့စည်းထားပါကြောင်း၊ ရေဦးကျေးလက်ကျန်းမာ ရေးဌာနခွဲသည် ကျေးရွာပေါင်း ၁၇ ရွာ၊ အိမ်ခြေ ၁၄၁၈ နှင့် လူဦးရေ ၆၆၀၆ ဦးကို ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပါကြောင်း။

ရေဦးကျေးလက်ကျန်းမာရေးဌာနခွဲမှ ၁၅ မိုင်ကွာဝေးသော ရပ်စောက်ပြည်သူ့ဆေးရုံသို့ မော်တော်ကားဖြင့် ၄၅ မိနစ်ခန့်၊ ၆၁ မိုင်ကွာဝေးသော အင်တောတိုက်နယ်ဆေးရုံသို့ မော်တော်ကားဖြင့် ၃ နာရီခန့်သွားရပါကြောင်း၊ ရေဦးကျေးလက် ကျန်းမာရေးဌာနခွဲအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလွှမ်းခြုံပေးနိုင်သော ကျေးရွာနှင့်လူဦးရေများပြားခြင်း၊ ပတ်ဝန်းကျင်ကျေးရွာများမှလာရောက်ရန် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ခြင်းတို့ရှိ သည့်အတွက် သတ်မှတ်မြေအကျယ်အဝန်း ပိုင်ဆိုင်မှုရှိပါက ကျေးလက်ကျန်းမာရေးဌာနအဖြစ် အဆင့်မြှင့်တင်ပေးသွားမည်ဖြစ်ပါကြောင်း။

ရေဦးကျေးလက်ကျန်းမာရေးဌာန၏ မြေနေရာ (၃ ဒသမ ၃၄)ဧကအား မြေစာရင်းပုံစံ(၁၀၅) မြေပိုင်ဆိုင်မှုရရှိပါက ရေဦးကျေးလက်ကျန်းမာရေးဌာနခွဲအား ကျေးလက်ကျန်းမာရေးဌာနအဖြစ် အဆင့်မြှင့်တင်ရေး ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ယင်းဌာနအောက်တွင် ဗန်းမက်နှင့် မုံပြင်ကျေးရွာကျေးလက်ကျန်းမာရေးဌာနခွဲ(အသစ်)များပါ ဖွင့်လှစ်ပေးသွားနိုင်မည်ဖြစ်ပါကြောင်း ဖြေကြားသည်။

ဆက်လက်၍ ပြည်သူလူထု၏ ကျန်းမာရေးနှင့်သဘာဝပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် ပလတ်စတစ်ထုတ်ကုန်များ၊ အထူးသဖြင့် ကြွပ်ကြွပ်အိတ်များ ထုတ်လုပ်၊ တင်သွင်း၊ ရောင်းချ၊ အသုံးပြုမှုကို အဆင့်လိုက်လျှော့ချ ကန့်သတ်နိုင်ရေးဆောင်ရွက်ပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၂) ဒေါ်ခင်ဆွေက တင်သွင်းရာတွင် ပလတ်စတစ်ပစ္စည်းများ အထူးသဖြင့် ကြွပ်ကြွပ်အိတ်များသည် တစ်ခါသုံးစနစ်ပစ္စည်းများဖြစ်ပြီး စွန့်ပစ်ပြီးသည့်နောက်နှစ်ပေါင်းများစွာမပျက်စီးဘဲ သဘာဝပတ်ဝန်းကျင်တွင် ကျန်ရှိနေပါကြောင်း၊ ပလတ်စတစ်အမှိုက်များကြောင့် မြေဆီလွှာများပျက်စီးခြင်း၊ ရေမြောင်းများပိတ်ဆို့ခြင်း၊ ရေကြီးရေလျှံမှုများ ဖြစ်စေခြင်း၊ ရောဂါပိုးမွှားများ အလွယ်တကူပေါက်ပွားနိုင်ခြင်းတို့ကြောင့် မြေဆီလွှာနှင့်ရေထု၊ လေထုညစ်ညမ်းမှုများဖြစ်ပေါ်စေခြင်းအပြင် တိရစ္ဆာန်များ၏ အသက်အန္တရာယ်များကို ခြိမ်းခြောက်လျက်ရှိပါကြောင်း၊ ပင်လယ်သမုဒ္ဒရာထဲရှိ အမှိုက်များ၏ ၈၀ ရာခိုင်နှုန်းကျော်သည် ပလတ် စတစ်အမှိုက်များဖြစ်ပါကြောင်း။

အသုံးပြုပြီးသော စွန့်ပစ်ကြွပ်ကြွပ်အိတ်များသည် သဘာဝပတ်ဝန်းကျင်ကို ကြီးမားသော ဝန်ထုပ်ဝန်ပိုးဖြစ်လျက်ရှိပါကြောင်း၊ ပလတ်စတစ်ပစ္စည်း ထုတ်လုပ်သောစက်ရုံများကြောင့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုပြဿနာသည် တစ်ကမ္ဘာလုံးတွင်ရှိကြသည့် သဘာဝပတ်ဝန်းကျင်ပညာရှင်များနှင့် အစိုးရများရင်ဆိုင်တွေ့ကြုံနေရသည့် အရေးကြီး ပြဿနာတစ်ခုဖြစ်ပါကြောင်း၊ ပလတ်စတစ်အသုံးပြုမှုများပြားလာသည်နှင့်အမျှ မြေထု၊ လေထု၊ ရေထုကိုညစ်ညမ်းစေပြီး ကမ္ဘာမြေ၏ဂေဟစနစ်ကိုလည်း မတည်မငြိမ်ဖြစ်စေပါကြောင်း၊ ထို့ကြောင့် မြို့ရွာများသန့်ရှင်းလှပရေး၊ ပြည်သူများ၏ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့အတွက် အရေးယူဆောင်ရွက်ရန် အချိန်တန်ပြီဖြစ်ပါကြောင်း။

ပလတ်စတစ်ပစ္စည်းနှင့် ကြွပ်ကြွပ်အိတ်သုံးစွဲမှု များကိုလျှော့ချရန် အစားထိုးနည်းလမ်းများအဖြစ် အဝတ်အိတ်၊ စက္ကူအိတ်၊ ငှက်ပျောရွက်၊ ပေါက်ဖက်၊ အင်ဖက်စသည့် သဘာဝပစ္စည်းများ အစားထိုးအသုံး ပြုနိုင်ပါကြောင်း၊ ပြည်သူများ၏ကျန်းမာရေး၊ ရောဂါကာကွယ်ရေးအတွက် မူဝါဒများချမှတ်ဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်ပါကြောင်း။

တစ်ခါသုံးကြွပ်ကြွပ်အိတ်များ ထုတ်လုပ်၊ တင်သွင်း၊ ရောင်းချ၊ အသုံးပြုမှုကို အဆင့်လိုက်ကန့်သတ်လျှော့ချရန်၊ ဇီဝပျက်စီးနိုင်သော အစားထိုးထုတ်ကုန်များနှင့် ပြန်လည်အသုံးပြုနိုင်သောအိတ် များကိုသုံးစွဲရေး အားပေးမြှင့်တင်ရန်၊ ပလတ်စတစ်အမှိုက်စနစ်တကျစီမံခန့်ခွဲရေးနှင့် ပြန်လည်အသုံးပြုရေးလုပ်ငန်းစဉ်များ တိုးမြှင့်ဆောင်ရွက်ရန်၊ ပြည်သူများအကြား ပလတ်စတစ်လျှော့ချအသုံးပြုရေး အသိပညာပေးအစီအစဉ်များ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန်၊ သက်ဆိုင်ရာဥပဒေ နည်းဥပဒေများကို ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း အဆိုတင်သွင်းသည်။

ယင်းအဆိုနှင့်စပ်လျဉ်း၍ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၉) ဒေါ်ကျင်သိန်းက ထောက်ခံသည်။

ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးရန်သင့်၊မသင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ သဘောတူသဖြင့် အဆိုအားလွှတ်တော်က ဆွေးနွေးမည်ဖြစ်ကြောင်းနှင့် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမျိုးသားလွှတ်တော်ရုံးညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

ယင်းနောက် တတိယအကြိမ်အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၃ ရက် မြောက်နေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး ၁၄ ရက်မြောက်နေ့ကို နိုဝင်ဘာ ၆ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment