ပါမောက္ခ ဒေါက်တာမျိုးခိုင် (ကွန်ပျူတာတက္ကသိုလ်)
ဘာသာဗေဒပညာရှင် David Crystal ၏ လေ့လာဆန်းစစ်ချက်များအရ ကမ္ဘာပေါ်ရှိ ဘာသာစကားပေါင်း ၆၀၀၀ ကျော်အနက် ထက်ဝက်ခန့်သည် လာမည့်ရာစုနှစ်အတွင်း ပျောက်ကွယ်သွားနိုင်သည့် အန္တရာယ်နှင့်ရင်ဆိုင်နေရပါသည်။ ဤကိန်းဂဏန်းသည် ဘာသာစကားတစ်ခုချင်းစီ၏ ရှင်သန်မှုသာမက ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များအတွက်ပါ ကြီးမားသောခြိမ်းခြောက်မှုတစ်ခုဖြစ်ပါသည်။
နိုင်ငံပေါင်းစုံမှ ကိုယ်စားလှယ်များ စုံညီစွာပါဝင်တက်ရောက်ကြသည့် ပြည်ပခရီးစဉ်တစ်ခုတွင် နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များက မိမိတို့နိုင်ငံ၏ သမိုင်းကြောင်း၊ ယဉ်ကျေးမှု၊ အမျိုးသားဝတ်စုံ၊ ရုံးသုံးဘာသာစကားနှင့် စာပေတို့အကြောင်းကို အလှည့်ကျ မိတ်ဆက်ပြောကြားကြပါသည်။ ထိုအခါ နိုင်ငံအချို့သည် ကိုလိုနီပြုမခံရမီ ရှေးယခင်က ၎င်းတို့၏ ကိုယ်ပိုင်စာပေနှင့် ဘာသာစကား ရှိကောင်းရှိခဲ့နိုင်သော်လည်း ကိုလိုနီခေတ်လွှမ်းမိုးမှုအောက်တွင် ပျောက်ကွယ်သွားခဲ့ဟန်တူပြီး ယနေ့အချိန်တွင်မူ ၎င်းတို့ကို ကိုလိုနီပြုအုပ်ချုပ်ခဲ့ဖူးသည့် အင်္ဂလိပ်၊ ပြင်သစ်၊ စပိန်၊ ပေါ်တူဂီ စသည့်ဘာသာစကားနှင့် စာပေများကိုသာ ရုံးသုံးအဖြစ် သတ်မှတ်ထားကြရသည်ကို တွေ့ရပါသည်။ ထိုနိုင်ငံသားအချင်းချင်း ပြောဆိုဆက်ဆံရာ၌ပင် မိခင်ဘာသာစကားကို အသုံးမပြုကြတော့ဘဲ ကိုလိုနီခေတ် အမွေအနှစ်ဘာသာစကားကိုသာ တရားဝင် အသုံးပြုနေကြသည်မှာ အလွန်ပင်ဝမ်းနည်းစရာ ကောင်းလှပါသည်။
အချို့သောနိုင်ငံများဆိုလျှင် ကမ္ဘာ့အဆင့် အားကစားပြိုင်ပွဲကြီးများတွင် အောင်မြင်မှုများစွာ ရရှိထားသဖြင့် နိုင်ငံအမည်မှာ ထင်ရှားကျော်ကြားသော်လည်း ကိုယ်ပိုင်စာပေနှင့် ဘာသာစကား ပျောက်ကွယ်နေပြီး ကိုလိုနီစာပေနှင့် ဘာသာစကားကိုသာ အသုံးပြုနေကြရသည်ကို တွေ့မြင်ခဲ့ရပါသည်။
မိမိတို့ မြန်မာနိုင်ငံအလှည့် ရောက်ရှိလာသောအခါ ယနေ့တိုင် ရုံးသုံးစာပေနှင့် ဘာသာစကားမှာ မြန်မာစာနှင့် မြန်မာဘာသာစကားပင်ဖြစ်ကြောင်းနှင့် နှစ်ပေါင်းရာထောင်ချီ ရှည်လျားသော သမိုင်းသက်တမ်းရှိသည့် ကိုယ်ပိုင်အက္ခရာ၊ ဂန္ထဝင်အနုစာပေများဖြင့် စနစ်တကျ ဖွံ့ဖြိုးတိုးတက်လာခဲ့ခြင်းဖြစ်ကြောင်းတို့ကို နိုင်ငံတကာ ကိုယ်စားလှယ်များအလယ်တွင် ဂုဏ်ယူဝင့်ကြွားစွာ ပြောပြမိတ်ဆက်နိုင်ခဲ့ပါသည်။
မြန်မာနိုင်ငံသည်လည်း နှစ်ပေါင်းများစွာ ဗြိတိသျှကိုလိုနီလက်အောက်သို့ ကျရောက်ခဲ့ဖူးသော်လည်း ဘိုးဘွားအစဉ်အဆက်၏ ထိန်းသိမ်းစောင့်ရှောက်မှုကျေးဇူးကြောင့် ကိုယ်ပိုင်စာပေနှင့် ဘာသာစကားလုံးဝမပျောက်ကွယ်ဘဲ ယနေ့တိုင် ရှင်သန်တည်တံ့နေရခြင်းဖြစ်ပါသည်။ ဤသို့ ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ယဉ်ကျေးမှု အပြည့်အစုံဖြင့် ရပ်တည်ပြနိုင်ခဲ့သည့် ထိုအခိုက်အတန့်သည် အတိုင်းမသိ ဂုဏ်ယူတင့်တယ်ခဲ့ရသော ကိုယ်တွေ့ အတွေ့အကြုံတစ်ခုဖြစ်ပါသည်။
အမှန်စင်စစ် “စာပေမြင့်မှ လူမျိုးတင့်မည်” ဆိုသည့်အတိုင်း လူမျိုးတစ်မျိုးရပ်တည်ရာ၌ နိုင်ငံအမည်နှင့် လူမျိုးအမည်ရှိရုံမျှဖြင့် မလုံလောက်ဘဲ ကိုယ်ပိုင်ဘာသာစကားနှင့်စာပေပါ ခိုင်ခိုင်မာမာရှိမှသာ အမျိုးသားရေးလက္ခဏာပြည့်စုံမည်ဖြစ်ပါသည်။ ထိုသို့ ကိုယ်ပိုင်ဘာသာစကားနှင့် စာပေမရှိပါက လူမျိုးတစ်မျိုးကို အပြင်ပန်းရုပ်ရည် သွင်ပြင်လက္ခဏာတစ်ခုတည်းအပေါ်၌သာ အခြေခံ၍ ခွဲခြားသတ်မှတ်ရသကဲ့သို့ ဖြစ်နေမည်ဖြစ်ပြီး ကမ္ဘာ့အလယ်တွင် ဂုဏ်ငယ်ရမည်ဖြစ်ပါသည်။ ကိုယ်ပိုင်စာပေနှင့် ဘာသာစကားရှိမှသာ ကမ္ဘာ့အလယ်တွင် ဝင့်ထည်တင့်တယ်နိုင်မည်ဖြစ်ပါသည်။
ကျောက်စာ၊ မင်စာမှသည် ဒီဂျစ်တယ်စာဆီသို့
မိမိတို့ဘိုးဘွားများ ထိန်းသိမ်းလက်ဆင့်ကမ်းခဲ့သော စာပေအမွေအနှစ်များသည် ခေတ်အဆက်ဆက် ပြောင်းလဲမှုများစွာကို ဖြတ်သန်းလာခဲ့ရပါသည်။ ရှေးဦးစွာ ခိုင်ခံ့တည်တံ့စေရန် ကျောက်သားပြင်ပေါ်တွင် ထွင်းထုရေးသားခဲ့ကြသည့် ကျောက်စာခေတ်၊ စေတီပုထိုးနံရံများပေါ်တွင် မင်ဖြင့် ရေးခြယ်မှတ်တမ်းတင်ခဲ့ကြသည့် မင်စာခေတ်၊ ကြေးခေါင်းလောင်းကြီးများပေါ်တွင် ရေးထိုးမှတ်တမ်းတင်ခဲ့ကြသည့် ခေါင်းလောင်းစာခေတ်တို့မှသည် ထန်းရွက်ပေရွက်ပေါ်တွင် ကညစ်ဖြင့်ရေးခြစ်ရသော ပေစာနှင့် ခေါက်သိမ်းအသုံးပြုရသော ပုရပိုက်စာခေတ်သို့ အဆင့်ဆင့် တိုးတက်ပြောင်းလဲလာခဲ့ပါသည်။
ထို့နောက် စက်မှုနည်းပညာထွန်းကားလာသည်နှင့်အမျှ ခဲစာလုံးများဖြင့် စာစီရိုက်နှိပ်သည့် ပုံနှိပ်စာခေတ်သို့ ရောက်ရှိခဲ့ပြီး လူအများစုအနေဖြင့် စာပေဗဟုသုတများကို ကျယ်ကျယ်ပြန့်ပြန့် ဖတ်ရှုလေ့လာနိုင်ခဲ့ကြပါသည်။ ယနေ့ ၂၁ ရာစုတွင်မူ ကွန်ပျူတာနှင့် စမတ်ဖုန်း မျက်နှာပြင်များပေါ်တွင် ဖတ်ရှုရေးသားနိုင်သည့် ဒီဂျစ်တယ်စာခေတ်သို့ ကူးပြောင်းရောက်ရှိနေပြီဖြစ်သည်။ ဤဒီဂျစ်တယ်ခေတ်တွင် မိမိတို့၏ကိုယ်ပိုင်စာပေနှင့် ဘာသာစကား ဆက်လက်ရှင်သန်ဖွံ့ဖြိုးစေရန်အတွက် ခေတ်မီဉာဏ်ရည်တုနည်းပညာ (AI) သည် အရေးပါသော ပေါင်းကူးတံတားတစ်စင်းဖြစ်လာပါသည်။
ရှေးဟောင်းစာပေ အမွေအနှစ်များကို AI ဖြင့် ဒီဂျစ်တယ်အသွင်ပြောင်းခြင်း
ကျောက်စာ၊ မင်စာ၊ ပေစာနှင့် ပုရပိုက်စာများပေါ်တွင် မှတ်တမ်းတင်ထားသည့် ရှေးဟောင်းသမိုင်းကြောင်း၊ ပိဋကတ်၊ ဆေးကျမ်း၊ ဓမ္မသတ်နှင့် စာပေအနုပညာအမွေအနှစ်များသည် ရာသီဥတုဒဏ်၊ ပိုးမွှားအန္တရာယ်နှင့် နှစ်ကာလကြာမြင့်မှုတို့ကြောင့် ဆွေးမြည့်ပျက်စီးမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရပါသည်။
နိုင်ငံတကာ ယဉ်ကျေးမှုထိန်းသိမ်းရေးလုပ်ငန်းများတွင် စံပြအဖြစ် အသုံးပြုနေသည့် နည်းလမ်းမှာ AI စာလုံးဖတ်စနစ် (AI-powered OCR) ဖြစ်ပါသည်။ ရှေးဟောင်းကျောက်စာ၊ မင်စာနှင့်ပေစာများကို ဓာတ်ပုံရိုက်ယူပြီး AI စနစ်ဖြင့် ဖတ်ရှုစေခြင်းအားဖြင့် မှေးမှိန်ပျက်စီးနေသော ရှေးဟောင်းအက္ခရာစာလုံးများကို ပြန်လည်ဖော်ထုတ်နိုင်သကဲ့သို့ ဒီဂျစ်တယ်စာသားအဖြစ်သို့ အလိုအလျောက်ပြောင်းလဲသိမ်းဆည်းနိုင်ပြီဖြစ်သည်။ ထို့ပြင် ရှေးဟောင်းဝေါဟာရ အသုံးအနှုန်းများကို ခေတ်သစ်စကားပြေအဖြစ်သို့ AI အကူအညီဖြင့် ဘာသာပြန်ဆိုပေးနိုင်သဖြင့် မျိုးဆက်သစ်လူငယ်များ အလွယ်တကူ လေ့လာဖတ်ရှုနိုင်မည်ဖြစ်ပါသည်။
ဒီဂျစ်တယ်ခေတ်တွင် ကိုယ်ပိုင်ဘာသာစကား ဝင့်ထည်စေရေး
ယနေ့ခေတ်တွင် မည်သည့်ဘာသာစကားမဆို
အင်တာနက်နှင့် AI စနစ်များပေါ်တွင် အသုံးပြုနိုင်စွမ်းမရှိပါက ခေတ်နောက်ကျကျန်ရစ်ခဲ့မည်ဖြစ်သည်။
ကမ္ဘာပေါ်ရှိ ဘာသာစကားပေါင်း ၆၀၀၀ ကျော်အနက် အနည်းငယ်မျှသာ AI စနစ်များတွင် ကျယ်ကျယ်ပြန့်ပြန့်
ပါဝင်နိုင်သေးသည့် အခြေအနေတွင် မိမိတို့၏ကိုယ်ပိုင်ဘာသာစကားကို AI စနစ်များက နားလည်တတ်ကျွမ်းပြီး
အသုံးပြုနိုင်အောင် လေ့ကျင့်သင်ကြားပေးရန် အလွန်အရေးကြီးပါသည်။
စံပြအသုံးချပုံစံအနေဖြင့် မိခင်ဘာသာစကားကို AI အသံမှတ်မိစနစ် (Speech-to-Text) နှင့် အလိုအလျောက် ဘာသာပြန်စနစ် (Machine Translation) များတွင် ထည့်သွင်းတည်ဆောက်နိုင်ခြင်းဖြင့် မိမိတို့၏ စာပေနှင့်ယဉ်ကျေးမှု ဗဟုသုတများကို ကမ္ဘာသုံးဘာသာစကားများသို့ တိကျစွာဘာသာပြန်ဆိုဖြန့်ဝေနိုင်သကဲ့သို့ နိုင်ငံတကာမှ ခေတ်မီသိပ္ပံနှင့် နည်းပညာပညာရပ်များကိုလည်း မိခင်ဘာသာစကားဖြင့် အလွယ်တကူ ဖတ်ရှုလေ့လာနိုင်မည်ဖြစ်သည်။ ယင်းသည် ကိုယ်ပိုင်ဘာသာစကား၏ တန်ဖိုးနှင့် အသုံးဝင်မှုကို ဒီဂျစ်တယ်ခေတ်နှင့်အညီ မြှင့်တင်ပေးခြင်းပင်ဖြစ်ပါသည်။
တိုင်းပြည်၏အမွေအနှစ်ဖြစ်သော တိုင်းရင်းသားစာပေနှင့် ဘာသာစကားများ ထိန်းသိမ်းရေး
ပြည်ထောင်စုနိုင်ငံတစ်နိုင်ငံအနေဖြင့်
ရုံးသုံးစာပေ၊ ဘာသာစကား ခိုင်ခိုင်မာမာ ရှင်သန်နေသကဲ့သို့ တိုင်းရင်းသားလူမျိုးအသီးသီး၏
ကိုယ်ပိုင်စာပေ၊ ဘာသာစကားနှင့် အက္ခရာများသည်လည်း တိုင်းပြည်၏တန်ဖိုးမဖြတ်နိုင်သော
ယဉ်ကျေးမှုအမွေအနှစ်များဖြစ်ကြပါသည်။ ဤတိုင်းရင်းသားစာပေနှင့် ဘာသာစကားများ မပျောက်ပျက်အောင်
ထိန်းသိမ်းရာတွင် ဉာဏ်ရည်တုနည်းပညာသည် အကောင်းဆုံး အထောက်အကူပြုနိုင်ပါသည်။
တိုင်းရင်းသားအက္ခရာများကို ဒီဂျစ်တယ်ယူနီကုတ် (Unicode) စနစ်တွင် စံချိန်စံညွှန်းနှင့်အညီ ထည့်သွင်းခြင်း၊ ရိုးရာပုံပြင်၊ စကားပုံနှင့် သမိုင်းမှတ်တမ်းများကို AI ဖြင့် ဒီဂျစ်တယ်မှတ်တမ်းတင် သိမ်းဆည်းခြင်းတို့ကို ဆောင်ရွက်နိုင်ပါသည်။ ထို့ပြင် တိုင်းရင်းသားဘာသာစကားအချင်းချင်းနှင့် ရုံးသုံးမြန်မာဘာသာစကားတို့အကြား တိုက်ရိုက်ဘာသာပြန်ပေးမည့် AI အသံနှင့် စာသားဘာသာပြန်စနစ်များ တည်ဆောက်ခြင်းဖြင့် မျိုးဆက်သစ်လူငယ်များ မိမိတို့၏စာပေနှင့် ယဉ်ကျေးမှုကို အလွယ်တကူလေ့လာနိုင်ပြီး တိုင်းပြည်၏အမွေအနှစ်များလည်း ကမ္ဘာတည်သရွေ့ ဆက်လက်ရှင်သန်နေမည်ဖြစ်ပါသည်။
လက်တွေ့အကောင်အထည်ဖော်ရာတွင် သတိပြုရမည့်အချက်များ
စာပေနှင့် ဘာသာစကားထိန်းသိမ်းရေးတွင် ဉာဏ်ရည်တုနည်းပညာကို လက်တွေ့အကောင်အထည်ဖော်အသုံးပြုရာ၌ အရေးကြီးသောအချက်နှစ်ရပ်ကို အလေးထားဆောင်ရွက်ရန်လိုအပ်ပါသည်။ ပထမအချက်အနေဖြင့် AI စနစ်များသည် မိခင်ဘာသာစကားနှင့် တိုင်းရင်းသားဘာသာစကားများကို သဒ္ဒါနည်းကျ မှန်ကန်စွာနားလည်တတ်ကျွမ်းစေရန်အတွက် စာပေအချက်အလက်များ၊ အဘိဓာန်များနှင့် အသံဖိုင်များ စနစ်တကျစုဆောင်းတည်ဆောက်ခြင်းကို ဦးစားပေးလုပ်ဆောင်ရမည်ဖြစ်ပါသည်။
ဒုတိယအချက်အနေဖြင့် AI နည်းပညာဖြင့် ဘာသာပြန်ဆိုခြင်းနှင့် စာပေဖန်တီးခြင်းများပြုလုပ်ရာတွင် စနစ်၏မှားယွင်းခန့်မှန်းမှုကြောင့် ဝေါဟာရအနက်အဓိပ္ပာယ်များ လွဲမှားခြင်းနှင့် ဘာသာစကား၏မူလအနှစ်သာရ ပျက်ယွင်းခြင်းမဖြစ်စေရန် ဘာသာဗေဒနှင့် စာပေပညာရှင်များက အမြဲတမ်းကြီးကြပ်စိစစ် အတည်ပြုပေးရမည်ဖြစ်ပါသည်။
အနှစ်ချုပ်အားဖြင့်ဆိုရသော် ကိုယ်ပိုင်ဘာသာစကားနှင့် စာပေဟူသည် လူမျိုးတစ်မျိုး၏ဝိညာဉ်နှင့် အမျိုးသားရေးဂုဏ်သိက္ခာပင်ဖြစ်ပါသည်။ နိုင်ငံနှင့် လူမျိုးအမည်ရှိရုံမျှသာမက ကိုယ်ပိုင်ဘာသာစကားနှင့် စာပေပါပြည့်စုံမှသာ အပြင်ပန်းရုပ်ရည်သွင်ပြင်လက္ခဏာထက် ကျော်လွန်သော ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားသည့် လူမျိုးတစ်မျိုးအဖြစ် ကမ္ဘာ့အလယ်တွင် ဝင့်ထည်တင့်တယ်စွာ ရပ်တည်နိုင်မည်ဖြစ်ပါသည်။
ကျောက်စာ၊ မင်စာ၊ ပေစာ၊ ပုရပိုက်စာနှင့် ပုံနှိပ်စာခေတ်အဆက်ဆက်ကို ဖြတ်သန်းလာခဲ့သော မိမိတို့၏ စာပေယဉ်ကျေးမှုအမွေအနှစ်များ ကို ယနေ့ “ဒီဂျစ်တယ်စာခေတ်” တွင်လည်း ခေတ်မီဉာဏ်ရည်တုနည်းပညာနှင့် ဟန်ချက်ညီညီ ပေါင်းစပ်ထိန်းသိမ်းမြှင့်တင်ခြင်းဖြင့် အနာဂတ်မျိုးဆက်သစ်များထံ ဆက်လက်လက်ဆင့်ကမ်းနိုင်ရေး အမျိုးသားစာဆိုကြီး ဆရာဇော်ဂျီ၏ “သင်၏ မျိုးသား၊ စာစကားလည်း၊ ကြီးပွားတက်မြင့်၊ ကျန်ကောင်းသင့်၏” ဟူသော တိုက်တွန်းနှိုးဆော်ချက်နှင့်အညီ ဝိုင်းဝန်းကြိုးပမ်းကြရမည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။
ကိုးကား
Recommendation
on the Ethics of Artificial Intelligence, UNESCO, 2021.
No comments:
Post a Comment