အရိပ်စစ်
တန်ဆောင်မုန်းလဟုဆိုလိုက်သည်နှင့် ရိုးရာဓလေ့၏ အလှတရားများဖြင့် ခြယ်မှုန်းထားသော မြန်မာနိုင်ငံ၏ မြတ်နိုးစရာ၊ ကြည်နူးစရာ၊ ခုံမင်စရာများဖြင့် ပြည့်နှက်နေသည့် လတစ်လကို ပြေးမြင်မိကြမည်ဖြစ်ပါသည်။ ဤလသည် ဘာသာတရားတစ်ခု၏ ရိုးရာအမွေအနှစ်နှင့် လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကိုယှဉ်တွဲ၍ မီးမောင်းထိုးပြထားသောလလည်း ဖြစ်ပါသည်။
ပါဠိစာပေများ၌
တန်ဆောင်မုန်းလကို “မာသေသု သရဒံ ရမဏိယံ”ဟု ရေးသားဖွဲ့ဆိုခဲ့ပါသည်။
ယင်း၏အဓိပ္ပာယ်မှာ
လတကာတို့တွင် တန်ဆောင်မုန်းလသည် မွေ့လျော်ဖွယ်ကောင်းသည် ဟူ၍ဖြစ်ပါသည်။ ထို့ပြင်
လောကနီတိကျမ်း၌လည်း “မယားတို့တွင် အဆင်းလှသောမယားသည်မြတ်၏။ သားတို့တွင်
အကြီးဆုံးသားသည် မြတ်၏။ အရပ်မျက်နှာတို့၌ မြောက်အရပ်သည်မြတ်၏။ ထို့အတူ
ဥတုကာလတို့၌လည်း တန်ဆောင်မုန်းလသည် မြတ်၏” ဟု ဖော်ပြထားပါသည်။
တန်ဆောင်မုန်းလကို
ပုဂံခေတ်ကျောက်စာများတွင် “တန်ဆောင်မှုန်” ဟု ဖော်ပြထားပါသည်။
အင်းဝခေတ်သို့ရောက်သောအခါ၌ ‘တန်ဆောင်မုန်း’ ဟု ရေးသားခဲ့ကြသည်ကို လေ့လာသိရှိရပါသည်။
တန်ဆောင်မုန်းဟူသော ဝေါဟာရသည် တန်ဆောင်နှင့် မုန်းကို ပေါင်းစပ်ထားခြင်းဖြစ်ပါသည်။
‘တန်ဆောင်’သည် “မီးရှူးမီးတိုင်၊ ဆီမီး” ဟု အနက်ပြန်နိုင်ပြီး ‘မုန်း’မှာ
“တောက်ပခြင်း၊ ထွန်းညှိခြင်း” ဟု ဆိုလိုပါသည်။ ထို့ကြောင့် တန်ဆောင်မုန်းလသည်
ဆီမီးတန်ဆောင် ထွန်းပြောင်သောလဟု အဓိပ္ပာယ်ရပါသည်။ ဝေါဟာရလိနတ္ထိဒီပနီကျမ်းတွင်မူ လှေသင်းအတွင်းဝန်
ဦးခြိမ့်က “အမိုက်အမှောင်ကို မီးရှူးတန်ဆောင်ဖြင့် ဖျောက်လွှင့် သောလ” ဟု
ဖွင့်ဆိုထားပါသည်။
တန်ဆောင်မုန်းလတွင်
ဆီးနှင်း၊ မြူတိမ်၊ မီးခိုးဟူသော လေထုညစ်ညမ်းမှုကင်းစင်၍ ကောင်းကင်ပေါ်ရှိ နက္ခတ်တာရာအားလုံးကို
မြင်တွေ့နိုင်သောကြောင့် နက္ခတ်သဘင်ပွဲ ကျင်းပကြသောလလည်း ဖြစ်ပါသည်။ ဤလ၌ ရက်ပေါင်း
၃၀ ရှိပြီး နာရီအားဖြင့် နေ့နာရီမှာ ၂၈ နာရီဖြစ်၍ ညနာရီမှာ ၃၂ နာရီရှိသောကြောင့်
တန်ဆောင်မုန်းလသည် နေ့တာတို၍ ညတာရှည်သောလဖြစ်ပါသည်။
ဖုံးတုန်း
လုံးတုန်း တန်ဆောင်မုန်း
တန်ဆောင်မုန်းလကို
ဗေဒင်အခေါ်အားဖြင့် ဗြိစ္ဆာရာသီဟု ဆိုကြပါသည်။ ဗြိစ္ဆာရာသီ၏ အဓိပ္ပာယ်မှာ
ကင်းမြီးကောက်ဖြစ်ပြီး ကင်းမြီးကောက်တို့ နှစ်သက်သောရာသီဟု ဆိုလိုပါသည်။ ဤလတွင်
စန်းဟုခေါ်သော ငွေလမင်းသည် ကြတ္တိကာနက္ခတ်နှင့် ယှဉ်ပြိုင်ထွန်းပပြီး ကျီးတာရာပေါ်ထွန်းသော
အခါသမယလည်းဖြစ်ပါသည်။ ကင်းဝန်မင်းကြီး၏ “ခဝဲပွင့်ချိန်ခင်းကထိန်”ဟု အစချီထားသော
သံပေါက်လင်္ကာအရ တန်ဆောင်မုန်းလ၏ ရာသီပန်းမှာ ခဝဲပန်းဖြစ်ပါသည်။
တန်ဆောင်မုန်းလရောက်လျှင် တောင်သူများ စိုက်ပျိုးထားသောစပါးနှံပင်များနှင့်
ဆက်စပ်၍ “ဖုံးတုန်း လုံးတုန်း တန်ဆောင်မုန်း” ဟု ဆိုရိုးရှိပါသည်။ စပါးခင်းများ၌
စပါးနှံ (စပါးဖုံး) များ စတင်ထွက်ပေါ်လာခြင်းကို ဆိုလိုခြင်းဖြစ်ပါသည်။
စပါးနှံများ နို့ရည်ဖြည့်တင်းလာသည်နှင့် မကြာမီစပါးသစ်များ
ထွက်ပေါ်လာတော့မည်ဖြစ်ပါသည်။ ထို့ကြောင့် တန်ဆောင်မုန်းလကို “တောင်သူ ရွှင်ပြုံးတန်ဆောင်မုန်း”ဟုလည်း
ဆိုကြပါသည်။
ဆေးပေါင်းခသည့်လ
တန်ဆောင်မုန်းလပြည့်ည၌
မဲဇလီဖူးသုပ်စားသောဓလေ့မှာ ယနေ့ထိတိုင်ရှိနေပါသေးသည်။ “တန်ဆောင်မာသ၊ ဆေးပေါင်းခသည့်၊
ပင်များမင်းမည်၊ မဲဇလီ”ဆိုသည့်အတိုင်း တန်ဆောင်မုန်းလတွင် မဲဇလီသည်
ဆေးဖက်အဝင်ဆုံးအပင်ဖြစ်ပါသည်။ အထူးသဖြင့် မျက်စိအားကောင်းသည်ဟု ယူဆကြသည်။
ထို့ကြောင့် တန်ဆောင်မုန်းလပြည့် နေ့၌ မဲဇလီဖူးများ သုပ်စားလေ့ရှိကြသည်။
ကြတ္တိကာနက္ခတ်နှင့် စန်းယှဉ်သောတန်ဆောင်မုန်း လပြည့်ညတွင် ဆေးပင်အပေါင်းကိုစောင့်သော
နတ်အပေါင်းတို့သည် မဲဇလီပင်စောင့်နတ်ကို တညီတညွတ်တည်း အခစားရောက်လာကြသည်ဟု
ဆိုကြပါသည်။ ထို့ကြောင့် တန်ဆောင်မုန်းလပြည့်ည၌ ဆေးပေါင်းခသောအပင်ဖြစ်သည်ဟု
ယုံကြည်ချက်များရှိကြပါသည်။
ဆီမီးပွဲတော်
တန်ဆောင်မုန်းလပြည့်ညသည်
အခြားသော လပြည့်ညများထက် အတောက်ပဆုံး၊ အထွန်းလင်းဆုံး၊
အပြည့်ဝဆုံးသောညတစ်ညဖြစ်ပါသည်။ ဤလတွင် ဆီမီးပွဲတော်ကိုလည်း စည်ကားသိုက်မြိုက်စွာ
ကျင်းပလေ့ရှိကြပါသည်။ ယင်းဆီမီးထွန်းပွဲတော်ကို ရှေးမြန်မာတို့သည်
ကြတ္တိကာနက္ခတ်ကို ပူဇော်သောအားဖြင့် ထွန်းညှိသည်ဟုဆိုကြ၏။ ကြတ္တိကာ
နက္ခတ်၏အစောင့်သည် အဂ္ဂိဒေဝမီးနတ်ဖြစ်သည်။
အချို့ကလည်း
ဤဆီမီးထွန်းပွဲတော်သည် တာဝတိံသာနတ်ပြည်ရှိ ဆံတော်ဓာတ်ကိန်းဝပ်ရာ
စူဠာမဏိစေတီတော်ကို ရည်စူးပူဇော်ခြင်းဟု ဆိုကြ၏။ ထို့ပြင် ယင်းပွဲတော်သည်
မဟာပိန္နဲနတ်ကို ပူဇော်ခြင်းဟုလည်း အဆိုရှိကြပြန်သည်။ မည်သို့ပင်ဆိုစေကာမူ လူအများသည်
ရည်ရွယ်ချက်အမျိုးမျိုး၊ ဆန္ဒအသွယ်သွယ်၊ အတွေးအဖုံဖုံတို့ဖြင့်
တန်ဆောင်မုန်းလပြည့်ည၌ ဆီမီးများထွန်းညှိပူဇော်လျက်ရှိကြသည်ကို တွေ့မြင်ရပါသည်။
ပံ့သကူပစ်ပွဲ
ပံ့သကူပစ်သည့်
အလေ့အထကို တန်ဆောင်မုန်းလပြည့်နေ့တွင် ပြုလုပ်လေ့ရှိကြသည်။ မြန်မာနိုင်ငံ၌ ပံ့သကူပစ်ပွဲသည်
ပုဂံခေတ်ကတည်းက ရှိခဲ့သော ပွဲတော်တစ်ခုဖြစ်ကြောင်း သင်ကြီးညောင်အုပ်ကျောက်စာတွင်
ရေးသားဖော်ပြထားပါသည်။ ပံ့သကူပစ်ခြင်း၏ ရည်ရွယ်ချက်နှင့် အနှစ်သာရမှာ
မိမိလှူဒါန်းလိုသော လှူဖွယ်ပစ္စည်းများကို အယုတ်၊ အလတ်၊ အမြတ်မရွေးမည်သူမဆို
ရရှိစေလိုခြင်းပင်ဖြစ်ပါသည်။ သို့သော် ယနေ့မျက်မှောက်ကာလ၌ ပြုလုပ်နေကြသော ပံ့သကူပစ်ပွဲသည်
ရှေးယခင်အခါက ပြုလုပ်ခဲ့သော ပံ့သကူပစ်ပွဲနှင့် များစွာကွဲပြားလျက်ရှိသည်ကို တွေ့ရပါသည်။
လူအချို့သည် ကားထဲမှနေ၍ ကားလမ်းမပေါ်သို့ ငွေစက္ကူများကို ကြဲချခြင်း၊ လူသွားလမ်းများပေါ်သို့
ငွေစက္ကူများကို ကြဲချခြင်းတို့ပြုလုပ်သည့်အတွက် ယာဉ်တိုက်ခံရမှုများဖြစ်ပွားကာ
ထိခိုက်ဒဏ်ရာရရှိရုံသာမက အသက်အန္တရာယ် သေဆုံးစေသည်အထိ ဖြစ်ပျက်မှုများမှာ လွန်စွာဝမ်းနည်း
စရာကောင်းလှပါသည်။ သို့ပါ၍ တန်ဆောင်မုန်းလပြည့်ည၌ ကားလမ်းမများနှင့် လူအများသွားလာနေကြသည့်
လမ်းမကြီးများတွင် ငွေစက္ကူများကြဲချခြင်းကို ဆင်ခြင်သင့်သည်ဟု ယူဆမိပါသည်။
ကထိန်အလှူပွဲ
တန်ဆောင်မုန်းလတွင်
မြန်မာနိုင်ငံတစ်ဝန်းလုံး၌ ယနေ့ထိတိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပကြသော ရိုးရာဓလေ့ပွဲတော်တစ်ခုမှာ
ကထိန်အလှူပွဲဖြစ်ပါသည်။ ကထိန်သည် “ကထိန” ဟူသော ပါဠိကို မြန်မာမှုပြုကာ မြန်မာဝေါဟာရဖြင့်
အသုံးပြုထားခြင်းဖြစ်ပါသည်။ ကထိန်၏အနက် အဓိပ္ပာယ်မှာ မြဲမြံခိုင်မာခြင်း၊
တာရှည်တည်တံ့ခြင်းဟု ဆိုလိုပါသည်။ ဂေါတမမြတ်စွာဘုရားရှင် လက်ထက်တော်အခါက ပါလေယျဝိုင်းသား
ဘဒ္ဒဝဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ကထိန်ခင်းခြင်းပေါ်ပေါက်ခဲ့၏။ ကထိန်အလှူကို မြတ်စွာဘုရားရှင်ကိုယ်တော်တိုင်
ခွင့်ပြုတော်မူခဲ့ခြင်းဖြစ်ပါသည်။ ကထိန်အလှူသည် သီတင်းကျွတ်လပြည့်
ကျော်တစ်ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ ကထိန်ခင်းခြင်းကို ကျင်းပကြရပါသည်။
ကထိန်သင်္ကန်းသည်
သံဃာ့ဂုဏ်ကိုအာရုံပြု၍ လှူဒါန်းရသောသင်္ကန်းဖြစ်ပါသည်။ ကထိန်ခင်းခြင်းကို
ရဟန်းတော်များသာ ဆောင်ရွက်ကြရသည်။ ကထိန်အလှူရှင်များက ကထိန်လျာသင်္ကန်းကို
လှူရုံသာ လှူဒါန်းရ၏။ ပုဂ္ဂိုလ်ကိုစွဲ၍ မလှူဒါန်းရချေ။ တစ်ထည်ကိုသာ ကထိန်သင်္ကန်းအဖြစ်
ရည်စူး၍ လှူဒါန်းရပါသည်။ ထိုသင်္ကန်းကို ဉတ်ကမ္မဝါဖတ်၍ ကထိန်ခင်းရမည့်
ရဟန်းသံဃာတော်ကို အပ်နှင်းရသည့်အတွက်ကြောင့် ဉတ်သင်္ကန်းဟု ခေါ်ကြပါသည်။ ကထိန်သင်္ကန်း
အလှူသည် တစ်နှစ်တွင် တစ်လ၊ တစ်လတွင် တစ်ရက်၊ တစ်ရက်တွင် တစ်ကျောင်း၊ တစ်ကျောင်းတွင်
တစ်ပါးသာလှူဒါန်းရသော ထူးခြားလေးနက်လှသည့် ကာလဒါနအလှူမျိုးဖြစ်ပါသည်။
ကထိန်သင်္ကန်းလှူဒါန်းရခြင်းဖြင့်
သွားလေရာအရပ်၌ ဘေးအန္တရာယ်ကင်းခြင်း၊ မိမိပိုင်ဆိုင်သော ပစ္စည်းဥစ္စာများကို ရန်သူမျိုးငါးပါး
မဖျက်ဆီးနိုင်ခြင်း၊ စားကောင်းသောက်ဖွယ်များပေါ၍ အဆိပ်မသင့်ခြင်း၊
မိမိပိုင်ပစ္စည်းများကို မေ့လျော့နေခဲ့သော်လည်း မဆုံးရှုံးရခြင်း၊ ပစ္စည်းဥစ္စာ
အစုလိုက် အပုံလိုက် ရရှိစေခြင်းနှင့် ရုပ်ဆင်းအင်္ဂါချောမောလှပစေခြင်း
စသည့်အကျိုးကျေးဇူးများကို ခံစားရရှိစေနိုင်ပါသည်။
မသိုးသင်္ကန်းရက်လုပ်ပူဇော်
တန်ဆောင်မုန်းလ၏
နောက်ထပ်ထူးခြားသော ရိုးရာဓလေ့ပွဲတော်တစ်ခုမှာ မသိုးသင်္ကန်း
ရက်လုပ်ပူဇော်ပွဲဖြစ်ပါသည်။ မသိုးသင်္ကန်းကို တန်ဆောင်မုန်းလဆန်း (၁၄) ရက်နေ့
နေဝင်ချိန်မှ စတင်ရက်လုပ်ပြီး နောက်ရက်မကူးစေဘဲ တစ်ရက်အတွင်း အပြီးရက်လုပ်ကြရသည်။
ရက်လုပ်ပြီးသော သင်္ကန်းကို ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဆက်ကပ်လှူဒါန်းပူဇော်ကြ၏။ နေ့မကူး
ရက်မကူးစေဘဲ တစ်ရက်အတွင်း အပြီးရက်လုပ်ပူဇော်ရသည့် သင်္ကန်းဖြစ်သောကြောင့်
မသိုးသင်္ကန်းဟု ခေါ်ဆိုကြခြင်းဖြစ်ပါသည်။
မြတ်စွာဘုရားရှင်လက်ထက်တော်အခါက
မိထွေးတော်မဟာပဇာပတိဂေါတမီသည် နန်းတော်အတွင်း၌ ရက်ကန်းစင်များဆောက်လုပ်၍ ကထိန်သင်္ကန်းလျာ
ရက်လုပ်ယှဉ်ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ပါသည်။ ကိုယ်တိုင်ပါဝင်ရက်လုပ်သလို
ရက်လုပ်သူများကိုလည်း ဆုများချီးမြှင့်ပေးပါသည်။ ထို့ပြင် မြတ်စွာဘုရားကိုလည်း သင်္ကန်းလျာပိတ်ချော
တစ်ထည်ရက်လုပ်လှူဒါန်းသည်ဟု ဥပရိပဏ္ဏသ အဌကထာ ဒက္ခိဏဝိဘင်ဂသုတ်တော်၌ ဖော်ပြထားပါသည်။
ဤသည်ကို
ပမာပြု၍ မြန်မာနိုင်ငံတွင်လည်း တန်ခိုးကြီးဘုရားများ၌ မသိုးသင်္ကန်းကို အသင်းအဖွဲ့လိုက်
ရက်ကန်းစင်များဖြင့် အပြိုင်အဆိုင်ရက်လုပ်ပူဇော်နေကြသည်မှာ ကောင်းမြတ်သော
အစဉ်အလာတစ်ရပ်ဖြစ်သလို မွန်မြတ်သည့်ဓလေ့တစ်ခုလည်းဖြစ်ပါသည်။
သာမညဖလသုတ္တန်
တန်ဆောင်မုန်းလပြည့်နေ့၏
ညချမ်းအခါ၌ မြတ်စွာဘုရားရှင်က “သာမညဖလသုတ္တန်” ဒေသနာတော်ကို အဇာတသတ်မင်းအား
ဟောကြားတော်မူခဲ့ပါသည်။ အဇာတသတ်မင်းသည် ထိုတရားတော်ကို နာကြားပြီးနောက်
အိပ်မပျော်သည့်ရောဂါဆိုးကြီး လုံးဝပျောက်ကင်းသွားပါသည်။ ထို့ကြောင့်
တန်ဆောင်မုန်းလပြည့်နေ့ကို သာမညဖလအခါတော်နေ့ဟုလည်း ခေါ်ဆိုကြပါသည်။ “သာမညဖလ” ၏
အဓိပ္ပာယ်မှာ ရဟန်းပြုခြင်း၏ အကျိုးဟု ဆိုလိုပါသည်။
အချုပ်အားဖြင့်ဆိုရလျှင်
တန်ဆောင်မုန်းလသည် ရိုးရာပွဲတော်များစုံလင်သောကြောင့် မြန်မာလူမျိုးများအဖို့
ကုသိုလ်ကောင်းမှုများဖြင့် ထုံမွမ်းနေသည့်အတွက်
လွန်စွာမွေ့လျော်ဖွယ်ကောင်းလှပါသည်။ ဤကဲ့သို့ရိုးရာဓလေ့နှင့်အညီ ကျင်းပသော
ပွဲတော်များ၌ ပါဝင်ဆင်နွှဲခွင့်ရကြသည့်အတွက် များစွာကြည်နူးမိသလို ဂုဏ်ယူစရာလည်း
ကောင်းလှပါသည်။ သို့ဖြစ်ပါ၍ တန်ဆောင်မုန်းလသည် ဗုဒ္ဓဘာသာလူမျိုးများအတွက်
တန်ဖိုးမဖြတ်နိုင်သည့် ပစ္စုပ္ပန်၊ သံသရာနှစ်ဖြာသောကောင်းကျိုးကို
ပေးစွမ်းနိုင်သည့် ထူးခြားလေးနက်သောလတစ်လဖြစ်ကြောင်း ဆင်ခြင်သုံးသပ်မိပါသည်။
။

No comments:
Post a Comment