Wednesday, October 7, 2026

မြို့ပြဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ဖြေရှင်းကြရမည့် အစိုင်အခဲစွန့်ပစ်ပစ္စည်းနှင့် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ

 







သစ်တောမောင်

အစိုင်အခဲစွန့်ပစ်ပစ္စည်းများ

၂၁ရာစုတွင် ကမ္ဘာတစ်ဝန်း၌ မြို့ပြစနစ်များအရှိန်အဟုန်ဖြင့်ဖွံ့ဖြိုးတိုးတက်လာပြီး လူနေမှုအဆင့်အတန်း တိုးတက်လာသည်နှင့်အမျှ ထိုဖွံ့ဖြိုးမှု၏နောက်ဆက်တွဲအဖြစ် ကြီးမားသောပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုတစ်ခုပေါ်ပေါက်လာခဲ့ပါသည်။ ယင်းမှာ ပတ်ဝန်းကျင်ညစ်ညမ်းမှုပြဿနာဖြစ်ပြီး အထူးသဖြင့် “အစိုင်အခဲစွန့်ပစ်ပစ္စည်းများ(Solid Waste)နှင့် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ”ဖြင့် မြို့ပြညစ်ညမ်းလာမှု ဖြစ်ပါသည်။

မြို့ပြဖွံ့ဖြိုးတိုးတက်လာခြင်းသည် လူနေမှုအဆင့်အတန်း၊ စီးပွားရေးလုပ်ငန်းများနှင့် ဝန်ဆောင်မှုများ တိုးတက်လာစေသကဲ့သို့ အစိုင်အခဲစွန့်ပစ်ပစ္စည်းများ၊ ပလတ်စတစ်စွန့်ပစ်ပစ္စည်းများစုပုံ များပြားလာမှုနှင့်အတူ ရေထု၊ လေထု၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုများကိုလည်း တစ်ပြိုင်နက်ဖြစ်ပေါ်စေနိုင်ပါသည်။ ကမ္ဘာတစ်ဝန်းတွင် အစိုင်အခဲစွန့်ပစ်ပစ္စည်းထွက်ရှိမှုမှာ ၂၀၂၃ ခုနှစ်တွင် တစ်နှစ်လျှင် ၂ ဒသမ ၁ ဘီလီယံတန်ခန့် ရှိခဲ့ပြီး လက်ရှိလုပ်ငန်းစဉ်များ၊ လက်ရှိနှုန်းအတိုင်းဆက်လက်သွားပါက ၂၀၅၀ ပြည့်နှစ်တွင် ၃ ဒသမ ၈ ဘီလီယံတန်အထိ တိုးပွားလာနိုင်သည်ဟု ကုလသမဂ္ဂပတ်ဝန်းကျင်ဆိုင်ရာအစီအစဉ်(UNEP)၏ Global Waste Management Outlook 2024 တွင် ခန့်မှန်းဖော်ပြထားပါသည်။

ထို့ကြောင့် စွန့်ပစ်ပစ္စည်းပြဿနာသည် “မြို့သန့်ရှင်းရေး”ပြဿနာတစ်ခုသာဟု သာမန်ရှုမြင်သဘောထားရုံဖြင့်မရတော့ဘဲ ပတ်ဝန်းကျင်၊ ပြည်သူ့ကျန်းမာရေး၊ ရာသီဥတုပြောင်းလဲမှု၊ သဘာဝဂေဟစနစ်နှင့်လူမှုစီးပွားရေးတို့နှင့်ဆက်စပ်နေသော ပြဿနာကြီးတစ်ရပ်အဖြစ်ရှုမြင်ပြီး စနစ်တကျ ဖြေရှင်းဆောင်ရွက်ရန် လိုအပ်လာပါသည်။

ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ

မြို့ပြများမှထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများအနက် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများက အထူးအရေးကြီးသောပြဿနာ ဖြစ်လာပါသည်။ ပလတ်စတစ်သည် ပေါ့ပါးခြင်း၊ ဈေးနှုန်းသက်သာခြင်း၊ အသုံးပြုရလွယ်ကူခြင်းတို့ကြောင့် အစားအသောက်ထုပ်ပိုးမှု၊ ရေသန့်ဘူး၊ ပလတ်စတစ်အိတ်၊ စားသောက်ကုန်ထုပ်ပိုးမှု၊ အိမ်သုံးပစ္စည်းများ စသည်တို့တွင် အလွန်ကျယ်ပြန့်စွာ အသုံးပြုနေခြင်းဖြစ်ပါသည်။ တစ်ခါသုံး ပလတ်စတစ်များသည် အသုံးပြုချိန်တိုသော်လည်း စွန့်ပစ်ပြီးနောက် ပတ်ဝန်းကျင်အတွင်း အချိန်ကြာမြင့်စွာ တည်ရှိနိုင်သောကြောင့် အထူးစိုးရိမ်ရသည့် စွန့်ပစ်ပစ္စည်းအမျိုးအစား ဖြစ်လာပါသည်။

စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့အစည်း (OECD) ၏ Global Plastics Outlook အစီရင်ခံစာအရ ကမ္ဘာ့ပလတ် စတစ်ထုတ်လုပ်မှုသည် ၂၀၀၀ ပြည့်နှစ်တွင် တန်ချိန် ၂၃၄ သန်းမှ ၂၀၁၉ ခုနှစ်တွင် တန်ချိန်သန်း ၄၆၀ အထိ နှစ်ဆနီးပါးတိုးလာခဲ့ပါသည်။ ထိုကာလအတွင်း ပလတ်စတစ်စွန့်ပစ်ပစ္စည်းမှာ ၁၅၆ သန်းတန်မှ ၃၅၃ သန်းတန်အထိ နှစ်ဆကျော်တိုးမြင့်လာခဲ့ပါသည်။ ထိုအခြေအနေအတိုင်း ဆက်လက်သွားပါက ကမ္ဘာ့ပလတ်စတစ် စွန့်ပစ်ပစ္စည်းထွက်ရှိမှုသည် ၂၀၆၀ ပြည့်နှစ်တွင် တန်ချိန် ၁ ဒသမ ၀၁၄ ဘီလီယံအထိ တိုးမြင့်လာနိုင်သည်ဟု OECD က ခန့်မှန်းထားပါသည်။

စွန့်ပစ်ပစ္စည်းထွက်ရှိသည့် အရင်းအမြစ်များ

မြို့ပြနှင့်စက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ အစိုင်အခဲစွန့်ပစ်ပစ္စည်းများနှင့် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများထွက်ရှိသည့် အရင်းအမြစ်များမှာလည်း ပိုမိုများပြားလာပါသည်။ နေအိမ်များ/အိမ်ထောင်စုများ၊ စီးပွားရေးနှင့်ဝန်ဆောင်မှုလုပ်ငန်းများ၊ စက်ရုံနှင့်အလုပ်ရုံများ၊ ဆောက်လုပ်ရေးနှင့် ဖြိုဖျက်ရေးလုပ်ငန်းများ၊ ဆေးရုံနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများသည် စွန့်ပစ်ပစ္စည်းများထွက်ရှိသော အဓိကအရင်းအမြစ်များ ဖြစ်ပါသည်။

အများဆုံးတွေ့ရသည့် စွန့်ပစ်ပစ္စည်းများမှာ စားကြွင်းစားကျန်များ၊ စက္ကူ၊ ကတ်ထူပုံးများ၊ အထည်ဟောင်းများ၊ ဖန်ဘူး၊ ဖန်ခွက်များ၊ တစ်ခါသုံးပလတ်စတစ်အိတ်များ၊ ပလတ်စတစ်ဘူးများ၊ စားသောက်ကုန်ထုပ်ပိုးသည့် ပလတ်စတစ်ခွံများ၊ အိမ်သုံးပလတ်စတစ်ပစ္စည်းဟောင်းများ၊ ရေသန့်ဘူးများ၊ ဆပ်ပြာ/ခေါင်းလျှော်ရည်ဘူးများ၊ အရက်/ဘီယာပုလင်းနှင့်ဘူးများ၊ ကုန်ထုတ်လုပ်မှုအဆင့်ဆင့်မှ ထွက်ရှိသည့် ဓာတုပစ္စည်းများ၊ အနည် အနှစ်များ၊ အဆိပ်အတောက်များနှင့် အဆီများပါဝင်သည့် ရေဆိုးများ၊ တည်ဆောက်ခြင်းနှင့် ဖြိုဖျက်ခြင်းတို့မှ ထွက်ရှိသည့် အုတ်ခဲ၊ ကွန်ကရစ်စ၊ သဲ၊ ကျောက်၊ သတ္တု၊ သစ်သားနှင့် မှန်စများ၊ ဂွမ်း၊ ပတ်တီး၊ ဆေးဘူးခွံများ၊ စက္ကူထုပ်များ၊ တစ်ခါသုံး ဆေးထိုးပြွန်များ၊ ပိုက်ပျော့များ၊ သွေးအိတ်/ပုလင်းများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးခြံများမှ သီးနှံ ရိတ်သိမ်းပြီး ကျန်ရှိသည့် ရိုးပြတ်များ၊ သစ်သီးခွံများ၊ အော်ဂဲနစ်စွန့်ပစ်ပစ္စည်းများ စသည်တို့ဖြစ်ပါသည်။

၂၀၂၄ ခုနှစ် အာဆီယံမြို့ကြီးကိုးမြို့ကို လေ့လာထားသည့်စာတမ်းတွင် စွန့်ပစ်ပစ္စည်းထွက်ရှိနှုန်းသည် လူတစ်ဦးမှ တစ်ရက်လျှင် ၀ ဒသမ ၆၃ ကီလို ဂရမ်မှ ၁ ဒသမ ၃၅ ကီလိုဂရမ်အတွင်းရှိသည်ဟု ဆိုပါသည်။ အကြမ်းဖျင်းအားဖြင့် အာဆီယံမြို့ကြီးတစ်မြို့တွင် အစိုင်အခဲစွန့်ပစ်ပစ္စည်း တစ်ရက်လျှင် တန်ချိန် ၂,၀၀၀ မှ ၁၅,၀၀၀ အထိရှိပြီးပလတ်စတစ် စွန့်ပစ်ပစ္စည်းသည် တစ်ရက်လျှင် တန်ချိန် ၂၀၀ မှ ၂,၀၀၀ အထိ ရှိနိုင်ပါသည်။ လူဦးရေ၊ ဝင်ငွေ၊ စားသုံးမှုပုံစံနှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှုအပေါ်တွင်မူတည်ပြီး မြို့တစ်မြို့နှင့်တစ်မြို့ ကွာခြားနိုင်ပါသည်။

မြန်မာနိုင်ငံအမျိုးသားအဆင့်စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုမဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ် (၂၀၁၈-၂၀၃၀)ဖော်ပြချက်အရ ရန်ကုန်မြို့မှ စွန့်ပစ်ပစ္စည်း တစ်ရက်လျှင် တန် ၂,၀၀၀ ခန့်၊ မန္တလေးမြို့မှ တစ်ရက်လျှင် ၉၅၅ တန်ခန့်နှင့် နေပြည်တော်မှ တစ်ရက်လျှင် တန် ၂၀၀ ခန့် ထွက်ရှိနိုင်ကြောင်း ခန့်မှန်းထားပါသည်။ ၂၀၂၅ ခုနှစ်တွင် ရန်ကုန်နှင့်မန္တလေးမြို့ကြီးများ၌ လူတစ်ဦးမှ တစ်ရက်လျှင် စွန့်ပစ်ပစ္စည်း ၀ ဒသမ ၈ ကီလိုဂရမ် ထွက်ရှိကြောင်း ခန့်မှန်းထားပါသည်။ အာဆီယံ၏ ဆဋ္ဌမမြောက် ပတ်ဝန်းကျင်ဆိုင်ရာအစီရင်ခံစာ (Sixth State of the Environment)တွင် ဖော်ပြထားသော ၂၀၁၀ ပြည့်နှစ် အခြေခံအချက်အလက်အရ မြန်မာနိုင်ငံ ၏ ပလတ်စတစ်စွန့်ပစ်ပစ္စည်းမှာ တစ်နှစ်လျှင် တန်ချိန် ၁ ဒသမ ၃၇ သန်းရှိပြီး တစ်ဦးလျှင် တစ်ရက် ၀ ဒသမ ၀၇ ကီလိုဂရမ်ခန့်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

အစိုင်အခဲစွန့်ပစ်ပစ္စည်းနှင့် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ၏ ကဏ္ဍအသီးသီးအပေါ် သက်ရောက်မှုများ

အစိုင်အခဲစွန့်ပစ်ပစ္စည်းနှင့် ပလတ်စတစ် စွန့်ပစ်ပစ္စည်းများ၏ ကဏ္ဍအသီးသီးအပေါ် သက်ရောက်မှုများကို အဓိကအားဖြင့် အောက်ဖော် ပြပါအတိုင်း တွေ့ရှိနိုင်ပါသည်-

၁။      ကျန်းမာရေးထိခိုက်စေခြင်း။ အစိုင်အခဲစွန့်ပစ် ပစ္စည်းများကို စနစ်တကျသိမ်းဆည်းခြင်း၊ ခွဲခြားခြင်းနှင့် စွန့်ပစ်ခြင်းမပြုပါက လေ၊ ရေ၊ မြေဆီလွှာနှင့် အစားအစာတို့မှတစ်ဆင့် လူ့ကျန်းမာရေးကို ထိခိုက် နိုင်ပါသည်။ စနစ်တကျစီမံထားရှိမှုမရှိသည့် စွန့်ပစ်ပစ္စည်းများမှ အန္တရာယ်ရှိသောဓာတုပစ္စည်းများ ထွက်ရှိခြင်း၊ သောက်သုံးရေအရင်းအမြစ်များကို ညစ်ညမ်းစေခြင်းနှင့် ခြင်၊ ယင်၊ ကြွက်အစရှိသည့် ရောဂါသယ်ဆောင်နိုင်သည့် သတ္တဝါများပေါက်ပွားနိုင်သည့် ပတ်ဝန်းကျင်ဖန်တီးပေးခြင်းတို့ကိုဖြစ်စေ နိုင်ပါသည်။ ပလတ်စတစ်များ ပတ်ဝန်းကျင်တွင် ပျက်စီးခွဲထွက်လာသောအခါ မိုက်ခရိုပလတ်စတစ်များနှင့် အလွန်သေးငယ်သော ပလတ်စတစ်အမှုန်များ ဖြစ်ပေါ်နိုင်ပြီး အသက်ရှူလမ်းကြောင်း၊ နှလုံးနှင့် သွေးကြောစနစ်၊ အူလမ်းကြောင်းဆိုင်ရာတို့ကို ထိခိုက်စေနိုင်ပါသည်။

၂။       လေထုညစ်ညမ်းခြင်း။ အစိုင်အခဲစွန့်ပစ်ပစ္စည်းနှင့် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ၏ ပြဿနာများအနက် အန္တရာယ်အရှိဆုံးတစ်ခုမှာ အမှိုက်မီးရှို့ခြင်း ဖြစ်ပါသည်။ ပလတ်စတစ်၊ ရော်ဘာ၊ အော်ဂဲနစ်စွန့်ပစ်ပစ္စည်းနှင့် အခြားအမှိုက်များကို ရောနှောမီးရှို့သည့်အခါ အလွန်သေးငယ်သောအမှုန်အမွှားများနှင့် အခြားအန္တရာယ်ရှိသော လေထုညစ်ညမ်းပစ္စည်းများထွက်ရှိပြီး ချောင်းဆိုးခြင်း၊ အရေပြားယားယံခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်စေပါသည်။

၃။      ရေထု၊ မြေဆီလွှာနှင့် မြစ်ချောင်းများညစ်ညမ်းခြင်း။ ပလတ်စတစ်အိတ်၊ ရေဘူး၊ အစားအသောက် ထုပ်ပိုးပစ္စည်းများသည် မြို့ပြရေမြောင်းများမှတစ်ဆင့် ချောင်းများ၊ မြစ်များနှင့် ပင်လယ်ထဲသို့ ရောက်ရှိနိုင်ပါသည်။ OECD ၏ ၂၀၁၉ ခုနှစ် ကမ္ဘာလုံး ဆိုင်ရာ အချက်အလက်အရ ပလတ်စတစ်စွန့်ပစ်ပစ္စည်း ၃၅၃ သန်းတန်ထွက်ရှိခဲ့ပြီး တန်ချိန် ၂၂ သန်း ခန့်သည် ပတ်ဝန်းကျင်ထဲသို့ ယိုစိမ့်မှုဖြစ်ခဲ့ပါသည်။ ပလတ်စတစ်သည် သဘာဝအတိုင်းလွယ်ကူစွာဆွေးမြည့်ပျက်စီးသွားခြင်းမရှိဘဲ အချိန်ကြာမြင့်စွာတည်ရှိနိုင်သောကြောင့် ပတ်ဝန်းကျင်တွင်စုပုံလာပြီး အချိန်ကြာလာသည်နှင့်အမျှ အရွယ်အစားသေးငယ်လာပြီး မိုက်ခရိုပလတ်စတစ်များအဖြစ် မြေဆီလွှာနှင့်ရေထုညစ်ညမ်းမှုကို ဖြစ်စေပါသည်။ အမှိုက်နှင့် စွန့်ပစ်ပစ္စည်းများကို လေဟာပြင်တွင် စွန့်ပစ်ထားပါက မိုးရေစိမ့်ဝင်ခြင်းမှတစ်ဆင့် မြေဆီ လွှာနှင့် မြေအောက်ရေသို့ ညစ်ညမ်းပစ္စည်းများ ရောက်ရှိနိုင်ကာ အပင်ကြီးထွားမှုနှင့် မြေဆီလွှာထုတ်လုပ်နိုင်စွမ်းကို ထိခိုက်စေနိုင်ပါသည်။

၄။      ရေကြီးရေလျှံဖြစ်စေခြင်း။ မြို့ပြများတွင် တစ်ခါ သုံး ပလတ်စတစ်အိတ်များနှင့် အခြားပေါ့ပါးသောအမှိုက်များသည် လေ၊ မိုးရေနှင့် ရေစီးကြောင်းများမှတစ်ဆင့် ရေနုတ်မြောင်းစနစ်ထဲသို့ လွယ်ကူစွာရောက်ရှိနိုင်ပါသည်။ ပလတ်စတစ်အိတ်များ၊ ရေသန့်ဘူးများ၊ စားသောက်ကုန်ထုပ်ပိုးများ၊ အခြားပေါ့ပါးသောအမှိုက်များ ရေမြောင်းများတွင်စုပုံလာပါက မိုးရေစီးဆင်းမှုကို အဟန့်အတားဖြစ်စေပြီး ရေတက် မြန်ခြင်း၊ လမ်းများရေကြီးခြင်းနှင့် ရေမြောင်းများပိတ်ဆို့စေပြီး ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။

၅။      ရေနေသတ္တဝါနှင့် ဇီဝမျိုးစုံမျိုးကွဲများအပေါ် သက်ရောက်ခြင်း။ ပလတ်စတစ်အမှိုက်များသည် ရေနေသတ္တဝါများက စားခြင်း၊ မျိုချခြင်း၊ ပလတ်စတစ်အတွင်းပိတ်မိခြင်း၊ ရှုပ်ထွေးရစ်ပတ်ခြင်း၊ နေထိုင်ရာပတ်ဝန်းကျင်ပျက်စီးခြင်း၊ အစားအစာကွင်းဆက်ထဲသို့ ပလတ်စတစ်အမှုန်အမွှားများ ဝင်ရောက်ခြင်းဖြင့် ရေနေသတ္တဝါများအပေါ် ဆိုးကျိုး သက်ရောက်မှုများ၊ အန္တရာယ်များ ဖြစ်စေနိုင်ပါသည်။

၆။      ရာသီဥတုပြောင်းလဲမှုဖြစ်စေခြင်း။ အစိုင်အခဲစွန့်ပစ်ပစ္စည်းများတွင် ပါဝင်သော အော်ဂဲနစ် စွန့်ပစ် ပစ္စည်းများသည် အမှိုက်ပုံများတွင် အောက်ဆီဂျင်မရှိသောအခြေအနေ၌ ဆွေးမြည့်ရာမှ မီသိန်း(CH4) ထွက်ရှိနိုင်ပါသည်။ စနစ်တကျစီမံခန့်ခွဲခြင်းမရှိသောအမှိုက်များသည် မှန်လုံအိမ်ဓာတ်ငွေ့နှင့်အဆိပ်အတောက်ဖြစ်စေသော ဓာတုပစ္စည်းများ ထုတ်လွှတ်နိုင်ပြီး ရာသီဥတုပြောင်းလဲမှုကို ဖြစ်ပေါ်စေပါသည်။

၇။     စီးပွားရေးအပေါ်သက်ရောက်ခြင်း။ ကုလသမဂ္ဂပတ်ဝန်းကျင်ဆိုင်ရာအစီအစဉ် (UNEP) ၏ ၂၀၂၄ ခုနှစ် အစီရင်ခံစာအရ ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ့အမှိုက်စီမံခန့်ခွဲမှု၏ တိုက်ရိုက်ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၂၅၂ ဘီလီယံခန့်ရှိခဲ့ပါသည်။ ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ ကျန်းမာရေးထိခိုက်မှုနှင့် ရာသီဥတုပြောင်းလဲမှုတို့၏ မသိသာသော ကုန်ကျစရိတ်များကိုပါထည့်သွင်းတွက်ချက်ပါက အမေ ရိကန်ဒေါ်လာ ၃၆၁ ဘီလီယံခန့်အထိ ရှိခဲ့ပါသည်။ လက်ရှိအတိုင်းဆက်လက်သွားပါက ၂၀၅၀ ပြည့်နှစ်တွင် နှစ်စဉ်ကုန်ကျစရိတ်သည် အမေရိကန်ဒေါ်လာ ၆၄၀ ဒသမ ၃ ဘီလီယံအထိ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားပါသည်။

အစိုင်အခဲစွန့်ပစ်ပစ္စည်းနှင့် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကို စီမံခန့်ခွဲခြင်း

အစိုင်အခဲစွန့်ပစ်ပစ္စည်းများနှင့် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကို သမားရိုးကျပုံစံဖြင့် ဖြေရှင်းခြင်းထက် ဘက်စုံစွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုနည်းလမ်းဖြင့် အောက်ဖော်ပြပါချဉ်းကပ်မှုများဖြင့် ဖြေရှင်းပါက ပိုမို ထိရောက်အောင်မြင်နိုင်မည် ဖြစ်ပါသည် -

၁။      အရင်းအမြစ်မှစ၍ လျှော့ချခြင်းနှင့် ပြန်လည်အသုံးပြုခြင်း။ စွန့်ပစ်ပစ္စည်းပြဿနာကို ဖြေရှင်း ရာတွင် ထွက်ရှိလာမှသိမ်းဆည်းခြင်းထက် စွန့်ပစ်ပစ္စည်းစတင်ထွက်ရှိမှုပမာဏကို လျှော့ချခြင်းသည် အထိရောက်ဆုံးနည်းလမ်းဖြစ်ပါသည်။

  • ပြန်လည်အသုံးပြုနိုင်သော စတီး/ဖန်ဘူးများ၊ ထမင်းချိုင့်၊ အထည်အိတ်များကို အစားထိုးအသုံးပြုခြင်းဖြင့် တစ်ခါသုံး ပလတ်စတစ် သုံးစွဲမှု လျှော့ချခြင်း၊ ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်နှင့် သဘာဝအတိုင်း ဆွေးမြည့်လွယ်သော Biodegradable ပစ္စည်းများကို ထုပ်ပိုးမှု များတွင် အစားထိုးပစ္စည်းများအဖြစ် ပြောင်းလဲအသုံးပြုခြင်း၊ ကုန်ပစ္စည်း ထုတ်လုပ်သူများအနေဖြင့် ထုပ်ပိုးမှုအလွှာများကို အနည်းဆုံးဖြစ်အောင် ဒီဇိုင်းထုတ် ခြင်းနှင့် ပြန်လည်ဖြည့်တင်းသည့် စနစ် များကို ကျင့်သုံးခြင်း။

၂။       စွန့်ပစ်ပစ္စည်း ခွဲခြားစွန့်ပစ်ခြင်းနှင့် ပြန်လည် ပြုပြင်ထုတ်လုပ်ခြင်း။ စွန့်ပစ်ပစ္စည်းများကို အမျိုး အစားအလိုက် စနစ်တကျခွဲခြားစွန့်ပစ်ခြင်းသည် ပြန်လည်အသုံးပြုနိုင်စွမ်းကို မြှင့်တင်ပေးပါသည်။

  • စားသောက်ကုန်၊ ဟင်းသီးဟင်းရွက် အကြွင်းအကျန်များစသည့် ဆွေးမြည့်လွယ်သော အမှိုက်များ၊ ပလတ်စတစ်ဘူး၊ စက္ကူ၊ ဖန်၊ သတ္တုစသည့် ပြန်လည်ပြုပြင် ထုတ်လုပ်နိုင်သော စွန့်ပစ်ပစ္စည်းများ၊ ဘက်ထရီ၊ လျှပ်စစ်ပစ္စည်း၊ ဆေးဝါးနှင့် ဆေးရုံသုံး စွန့်ပစ်ပစ္စည်းများစသည့် ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများ၊ ပြန်လည်ပြုပြင်ထုတ်လုပ်မရသည့် စွန့်ပစ်ပစ္စည်းများဟူ၍ အရင်းအမြစ်များကို ခွဲခြား စွန့်ပစ်ခြင်း။
  • သန့်စင်ပြီး ပလတ်စတစ်များကို အရည်ကျို၍ ပလတ်စတစ်စေ့များ ပြန်လည်ပြုလုပ်ကာ အိမ်သုံးပစ္စည်း၊ ပိုက်လိုင်းနှင့် အထည်အလိပ်များအဖြစ် ပလတ်စတစ်ပြန်လည် ထုတ်လုပ်ခြင်း၊ ဇီဝနည်းဖြင့် ဆွေးမြည့်နိုင်သောအမှိုက်များမှ ဇီဝမြေဩဇာပြုလုပ်ခြင်း၊ စားသောက်ကုန်နှင့် စိုက်ပျိုးရေး စွန့်ပစ်ပစ္စည်းများကို သဘာဝမြေဩဇာပြုလုပ်ခြင်း သို့မဟုတ် ဇီဝဓာတ်ငွေ့အဖြစ် ပြောင်းလဲအသုံးပြုခြင်း။

၃။      အဆင့်မြင့်နည်းပညာသုံး ဖြေရှင်းနည်းများ။ ပြန်လည်ပြုပြင်ထုတ်လုပ်ရန် ခက်ခဲသော စွန့်ပစ် ပစ္စည်းများကို စွမ်းအင်နှင့် ဆောက်လုပ်ရေးပစ္စည်းများအဖြစ် ပြောင်းလဲခြင်းဖြစ်ပါသည်။

  • ပြန်လည်အသုံးပြု၍မရသော စွန့်ပစ်ပစ္စည်းများကို စနစ်တကျအပူချိန်မြင့် မီးရှို့ပြီးရရှိလာသော အပူစွမ်းအင်မှတစ်ဆင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကို အောက်ဆီဂျင်မရှိသောအခြေအနေတွင် အပူပေးချေဖျက်၍ လောင်စာဆီအဖြစ်ပြောင်းလဲခြင်း၊ သန့်စင်ထားသော ပလတ်စတစ်အစများကို ကတ္တရာနှင့်ရောစပ်၍ ပလတ်စတစ်ကတ္တရာလမ်းများခင်းခြင်း သို့မဟုတ် ပလတ်စတစ်အမှိုက်များကို ဘူးအတွင်းဖိသိပ်ထည့်သွင်း၍ Ecobricks များအဖြစ် ဆောက်လုပ်ရေး လုပ်ငန်းများတွင် ထည့်သွင်းအသုံးပြုခြင်း။

၄။      မူဝါဒ၊ စီမံခန့်ခွဲမှုနှင့် အသိပညာပေးခြင်း။ နည်းပညာအပြင် အုပ်ချုပ်ရေးနှင့် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုသည် လွန်စွာအရေးပါဝင်ပါသည်။

  • ပလတ်စတစ်ထုတ်လုပ်သည့် ကုမ္ပဏီများ/လုပ်ငန်းများအနေဖြင့် ယင်းတို့၏ ထုတ်ကုန်များနှင့်ပတ်သက်၍ စတင်ထုတ်လုပ်ချိန်မှ အသုံးပြုပြီးစီး၍ စွန့်ပစ်သည်အထိ ပတ်ဝန်းကျင်ထိခိုက်မှုအနည်းဆုံးပုံစံဖြင့် တာဝန်ယူဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် စည်းကမ်းများ၊ ငွေကြေးနှင့်တာဝန်ယူမှုမူဝါဒများ သတ်မှတ်ပေးခြင်းဖြင့် ထုတ်လုပ်သူက တာဝန်ယူဖြေရှင်းဆောင်ရွက်ရမည့် သတ်မှတ်ချက် (Extended Producer Responsibility - EPR) ဆောင်ရွက်ခြင်း၊ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများကို ဒဏ်ကြေးသတ်မှတ်ခြင်း၊ ပလတ်စတစ်အိတ်များအတွက် အခွန်သို့မဟုတ် အိတ်ဖိုး သီးသန့်ကောက်ခံခြင်း၊ စွန့်ပစ်ပစ္စည်းများကို စနစ်တကျစွန့်ပစ်စနစ်နှင့် ဒဏ်ကြေးသတ်မှတ်ခြင်း၊ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များမရှိသော/မှတ်ပုံတင်ထားခြင်း မရှိသော စွန့်ပစ်ပစ္စည်းကောက်ယူသူများကို စနစ်တကျအသိအမှတ်ပြု၍ လုံခြုံရေးနှင့် ကျန်းမာရေးအတွက်အကာအကွယ်ပေးခြင်း၊ စွန့်ပစ်ပစ္စည်းစုဆောင်းမှုကွန်ရက်တွင် ထည့်သွင်းခြင်း၊ စေတနာ့ဝန်ထမ်းနှင့် အလွတ်သဘောအမှိုက်ကောက်သူများကို ပံ့ပိုးခြင်း၊ ကျောင်းများ၊ ရပ်ကွက်များနှင့် လူမှုကွန်ရက်များမှတစ်ဆင့် အမှိုက်ခွဲခြားစွန့်ပစ်သည့် အလေ့အထကို ငယ်စဉ်ကတည်းက ပျိုးထောင်ပေးခြင်း၊ ပြည်သူလူထုအသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်ခြင်း။

စွန့်ပစ်ပစ္စည်းမှသည် အရင်းအမြစ်များဆီသို့

ကုလသမဂ္ဂပတ်ဝန်းကျင်ဆိုင်ရာအစီအစဉ်(UNEP)၏ လေ့လာချက်အရ ပတ်လည်စီးပွားရေးစနစ်(Circular Economy) အခြေခံစွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုကို ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးနိုင်ပါက ၂၀၅၀ ပြည့်နှစ်တွင် တစ်နှစ်လျှင် အသားတင်စီးပွားရေးအကျိုးအမြတ် အမေရိကန်ဒေါ်လာ ၁၀၈ ဒသမ ၅ ဘီလီယံအထိ ရရှိနိုင်မည်ဟု ခန့်မှန်းထားပါသည်။

အတူတကွ စုပေါင်းအသုံးပြုခြင်း၊ ပြန်လည်အသုံးပြုခြင်း၊ ပြင်ဆင်မွမ်းမံခြင်း၊ ပြုပြင်ခြင်း၊ ပြန်လည်ပြုပြင်ထုတ်လုပ်ခြင်း စသည်တို့ကိုအခြေခံသော စွန့်ပစ်ပစ္စည်းအားလုံးကို ပြန်လည်အသုံးပြုသည့် ပတ်လည်စီးပွားရေးစနစ် ချဉ်းကပ်မှုသည် စွန့်ပစ်ပစ္စည်းတိုးပွားမှုကို ထိန်းချုပ်နိုင်ပြီး စီးပွားရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးကျေးဇူးများကို ရရှိစေနိုင်မည်ဖြစ်ပါသည်။

ထို့ကြောင့် စွန့်ပစ်ပစ္စည်းများ/အမှိုက်များကို ဖယ်ရှားစွန့်ပစ်ရမည့် စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းများ၊ ကုန်ကျစရိတ်များအဖြစ်သာ ရှုမြင်သဘောမထားဘဲ ထုတ်ကုန်များအတွက် ကုန်ကြမ်းအရင်းအမြစ်များအဖြစ်ရှုမြင်ပြီး ပြောင်းလဲဆောင်ရွက်နိုင်ရန် ကြိုးစားဆောင်ရွက်ခြင်းဖြင့် စီးပွားရေးဖွံ့ဖြိုးမှုနှင့်အတူ ရေရှည်တည်တံ့သော မြို့ပြဖွံ့ဖြိုးတိုးတက်မှုကို ရရှိနိုင်မည်ဖြစ်ပါသည်။     ။

ကိုးကား

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ၂၀၂၀။ မြန်မာနိုင်ငံအမျိုးသားအဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ် (၂၀၁၈-၂၀၃၀)။

United Nations Environment Programme (UNEP), 2024. Global Waste Management Outlook 2024: Beyond an Age of Waste - Turning Rubbish into a Resource. Nairobi.

Organization for Economic Co-operation and Development (OECD), 2022. Global Plastics Outlook: Economic Drivers, Environmental Impacts and Policy Options. Paris.

Association of Southeast Asian Nations (ASEAN), 2024. Sixth ASEAN State of the Environment Report. Jakarta.

No comments:

Post a Comment