Thursday, October 22, 2026

အရည်အသွေးဖြင့်ကျော်ကြား ကမ္ဘာ့အကောင်းဆုံးဆန်ဆုရ မြန်မာ့ပေါ်ဆန်း

စိုက်မွေးဆည်

ကမ္ဘာ့ဆန်စျေးကွက်၏ အထွတ်အထိပ်ပြိုင်ပွဲကြီးဖြစ်သော ကမ္ဘာ့အကောင်းဆုံးဆန်ပြိုင်ပွဲတွင် ထိုင်းနိုင်ငံ၏ ဂျက်စမင်ဆန်၊ အိန္ဒိယ၏ ဘာစမာတီနှင့် ဗီယက်နမ်၏ ST25 ဆန် စသည့်ထိပ်တန်းဆန်များကို ကျော်ဖြတ်ကာ ကမ္ဘာ့အကောင်းဆုံးဆန်ဆု နှစ်ကြိမ်နှင့် တတိယဆုတစ်ကြိမ် ဆွတ်ခူးရရှိခဲ့ဖူးသည့် မြန်မာ့ပေါ်ဆန်းမွှေး ဆန်သည် နိုင်ငံတကာစင်မြင့်ထက်တွင် မြန်မာ့ဂုဏ်ကို ဆောင်နိုင်ခဲ့သည့် အဖိုးတန်ရတနာတစ်ပါးဖြစ်ပါသည်။

ပေါ်ဆန်းမွှေးသည် မြန်မာနိုင်ငံအတွင်းရှိ အခြားသော ဆန်အမျိုးအစားအားလုံးထက် အရည်အသွေး၊ အနံ့နှင့်အရသာပိုင်းတွင် သိသာထင်ရှားစွာ သာလွန်ကောင်းမွန်နေသည့်အတွက် ကမ္ဘာ့အဆင့်မီ ဆန်ကောင်းအဖြစ် ရပ်တည်နေခြင်းဖြစ်သည်။ သာမန်မျက်စိဖြင့်ကြည့်လျှင် တိုတုတ်လုံးဝန်းသော ပုံသဏ္ဌာန်သာရှိသည့် ပေါ်ဆန်းဆန်၏နောက်ကွယ်တွင် လူသိနည်းလှသည့် ထူးခြားဆန်းပြားသော သဘာဝလျှို့ဝှက်ချက်များနှင့် စိတ်ဝင်စားဖွယ် ရေမြေဗီဇအကြောင်းအရာများစွာ ကိန်းအောင်းလျက်ရှိနေပါသည်။

ပေါ်ဆန်းဆန်ကို ချက်ပြုတ်လိုက်သည့်အခါ အလျားလိုက် နှစ်ဆ၊ သုံးဆနီးပါးအထိ ရှည်ထွက်လာသည့် ထူးခြားသောဗီဇ၊ စားသုံးသူတိုင်းကို စွဲမက်စေသည့် နူးညံ့မှုနှင့်တင်းရင်းမှုမျှတခြင်း အချိုးအစား၊ စနစ်တကျသိုလှောင်ပါက နှစ်ရှည်လများအထိ အနံ့မပျက်ဘဲ မွှေးရနံ့ကို ထိန်းထားနိုင်သည့်သဘာဝနှင့် စိုက်ပျိုးသည့် ရေမြေဒေသအလိုက် အရည်အသွေးပြောင်းလဲသွားတတ်ခြင်းတို့သည် အခြားဆန်များထက် ထူးခြားသည့် ဝိသေသလက္ခဏာများဖြစ်သည်။ ထို့အပြင် မြန်မာ့ရေမြေ ဒေသခံရိုးရာမျိုးစစ်စစ်ဖြစ်ခြင်းအပါအဝင် စိတ်ဝင်စားဖွယ်ကောင်းလှသည့် သဘာဝလျှို့ဝှက်ချက် အဓိကငါးချက်ရှိနေပါသည်။

ဆန်သားရှည်ထွက်လာသည့် ဗီဇ

ပေါ်ဆန်းဆန်၏ ပထမဆုံးနှင့် အံ့ဩစရာအကောင်းဆုံး လျှို့ဝှက်ချက်မှာ ချက်ပြုတ်လိုက်သည့်အခါ သာမန်ဆန်များကဲ့သို့ ဘေးတိုက်ပွပြီး ဖောင်းကားမသွားဘဲ အလျားလိုက် နှစ်ဆ၊ သုံးဆ နီးပါးအထိ ရှည်ထွက်လာသည့် ထူးခြားသော သဘာဝဗီဇရှိနေခြင်းဖြစ်သည်။ အလျားလိုက် ရှည်ထွက်ခြင်းသည် ဆန်စေ့အတွင်းရှိ ကစီဓာတ်ဆဲလ်များက ရေနှင့်အပူရှိန်ကို စနစ်တကျစုပ်ယူပြီး အပေါ်အောက်လမ်းကြောင်းအတိုင်းသာ ဆန့်ထွက်စေရန် မျိုးရိုးဗီဇက ထိန်းချုပ်ထားခြင်းကြောင့်ဖြစ်သည်။ ထိုသို့ ထူးထူးခြားခြား ရှည်ထွက်သွားသော်လည်း ဆန်စေ့များ ကျိုးကျေပျက်စီးသွားခြင်းလုံးဝမရှိဘဲ လှပသေသပ်သည့် ပုံသဏ္ဌာန်တည်ရှိနေခြင်းမှာ ထူးကဲသောအရည်အသွေးဖြစ်သည်။

တောင်သူလယ်သမားများအနေဖြင့် ပေါ်ဆန်း၏ ဆန်သားရှည်ထွက်လာမှု ဗီဇကိုထိန်းသိမ်းနိုင်ရန် စပါးရိတ်သိမ်းချိန်နှင့် အခြောက်ခံသိုလှောင်ချိန်များတွင် ဆန်စေ့အတွင်းပိုင်း အက်ကွဲကြောင်းများမဖြစ်ပေါ်စေရန် စနစ်တကျဆောင်ရွက်ရမည်ဖြစ်ပါသည်။

ပျော့ပျောင်းနူးညံ့ပြီး စေးကပ်မနေဘဲ ခပ်ဖွယ်ဖွယ်ဖြစ်ခြင်း

ပေါ်ဆန်းဆန်တွင် အမိုင်လို့စ်ဓာတ်သည် အလယ်အလတ်အဆင့် (၂၁ ရခိုင်နှုန်းမှ ၂၄ ဒသမ ၉ ရာခိုင်နှုန်း) သာပါဝင်သဖြင့် ချက်ပြုတ်ပြီးသောအခါ ‘အပျော့အမာ မျှတမှု’ ရှိသည့် အလွန်ထူးခြားသော အနေအထားကိုရရှိစေပါသည်။ ကမ္ဘာကျော် ထိုင်းဂျပ်စမင်ဆန်သည် ယင်းဓာတ်ပါဝင်မှုနည်းလွန်းသဖြင့် အလွန်စေးကပ်၍ ပျော့အိအိဖြစ်နေပြီး သာမန်ဆန်ကြမ်းများမှာမူ ထိုဓာတ်ပါဝင်မှုများလွန်းသဖြင့် အေးသွားပါက မာကြောသွားတတ်ပါသည်။ ပေါ်ဆန်းမွှေးမှာမူ ကစီဓာတ်အချိုးအစားကွက်တိ မျှတနေခြင်းကြောင့် ပူပူနွေးနွေးအချိန်တွင် နူးညံ့ပျော့ပျောင်းနေရုံသာမက အေးသွားသည့်တိုင်အောင် မာကြောမသွားဘဲ တင်းတင်းရင်းရင်းနှင့် ဝါး၍အလွန်ကောင်းမွန်သော အနေအထားတွင်ရှိနေပါသည်။

ဤအရည်အသွေးကို ရရှိရန်အတွက် စပါးနှံများ ရင့်မှည့်ချိန်တွင်ရှိရမည့် ပတ်ဝန်းကျင်အပူချိန်၊ နေရောင်ခြည်၊ စိုထိုင်းဆအခြေအနေများနှင့်စိုက်ပျိုးသည့် မြေဆီလွှာတွင် အာဟာရဓာတ် လုံလောက်မှုတို့သည် အလွန်အရေးကြီးပါသည်။ အထူးသဖြင့် စပါးမရိတ်သိမ်းမီ ရေထုတ်ချိန်နှင့် အခြောက်ခံစနစ် မမှန်ကန်ပါက ဆန်၏ပျော့ပျောင်းမှု အရည်အသွေးကို ထိခိုက်စေနိုင်ပါသည်။ တောင်သူလယ်သမားများအနေဖြင့် စပါးနှံများ အောင်မြင်ရင့်မှည့်ချိန်တွင် ရေသွင်းရေထုတ်နှင့် အစိုဓာတ်ထိန်းသိမ်းခြင်းလုပ်ငန်းများကို အထူးဂရုပြုဆောင်ရွက်ရပါမည်။

မွှေးရနံ့ဗီဇနှင့် ရေရှည်သိုလှောင်နိုင်စွမ်း

ပေါ်ဆန်းဆန်၏ အဓိကသော့ချက်မှာ သင်းပျံ့သည့် ‘မွှေးရနံ့’ရှိခြင်းနှင့် ယင်းရနံ့ကို နှစ်ရှည်လများအထိ ထိန်းထားနိုင်သည့် ထူးခြားသော သိုလှောင်နိုင်စွမ်းပင်ဖြစ်ပါသည်။ ပေါ်ဆန်းဆန်တွင် အခြားဆန်များထက် ထူးကဲသော မျိုးရိုးဗီဇ (Os2AP gene) ပါရှိပြီး ၎င်းဗီဇက ဆန်စေ့အတွင်း သင်းပျံ့မှုရှိသောမွှေးရနံ့ 2AP ဒြပ်ပေါင်းများကို သဘာဝအတိုင်း ထုတ်လုပ်ပေးပါသည်။ အထူးသဖြင့် ‘ပေါ်ဆန်းကြီး’ ကဲ့သို့သော ရာသီစပါးမျိုးများသည် စပါးကြိတ်ခွဲမှုစနစ်နှင့် သိုလှောင်မှုမှန်ကန်ပါက ရိတ်သိမ်းပြီး နှစ်နှစ်ခန့်အထိတိုင်အောင် မွှေးရနံ့လုံးဝပျက်ပြယ်မသွားခြင်းမှာ အလွန်အဖိုးတန်လှသော ထူးခြားသည့် သဘာဝလက္ခဏာရပ်ပင်ဖြစ်ပါသည်။

တောင်သူလယ်သမားများအနေဖြင့် ဤမွှေးရနံ့အစွမ်းကို အပြည့်အဝထိန်းသိမ်းနိုင်ရန် ရိတ်သိမ်းချိန် လွန်နည်းပညာများကို စနစ်တကျလိုက်နာဆောင်ရွက်ရပါမည်။ ရိတ်သိမ်းချိန် နောက်ကျခြင်း၊ နေပူရှိန်ပြင်းပြင်းတွင် အချိန်ကြာမြင့်စွာ အခြောက်ခံခြင်း၊ အစိုဓာတ်များလွန်းသောနေရာများတွင် သိုလှောင်ခြင်းတို့သည် ဆန်စေ့အတွင်းရှိ မွှေးရနံ့များကို လွင့်ပြယ်ဆုံးရှုံးစေနိုင်ပါသည်။ စပါးကို အချိန်မှန်ရိတ်သိမ်းခြင်းနှင့် အစိုဓာတ် (၁၃ ရာခိုင်နှုန်းမှ ၁၄ ရာခိုင်နှုန်း)အတွင်းရှိစေရန် စနစ်တကျအခြောက်ခံ သိုလှောင်ခြင်းလုပ်ငန်းများကို အထူးအလေးထားဆောင်ရွက်ရပါမည်။

ရေမြေဒေသအစွဲပြု အရည်အသွေးရှိခြင်း

ပေါ်ဆန်းဆန်သည် စိုက်ပျိုးသည့် ရေမြေဒေသနှင့် ရာသီဥတုပေါ်တွင်မူတည်၍ ဆန်၏အရည်အသွေးများ သိသာစွာ ကွာခြားသွားတတ်ပါသည်။ ပေါ်ဆန်းကို မည်သည့်ဒေသတွင်မဆို စိုက်ပျိုး၍ရသော်လည်း ၎င်း၏ထူးကဲသော အရည်အသွေးကိုမူ အပြည့်အဝမရရှိနိုင်ပေ။ မြန်မာနိုင်ငံတွင် မိုးကောင်းသောက်ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် ဆည်ရေသောက် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်တို့သည် ပေါ်ဆန်းအတွက် အကောင်းဆုံးရေမြေများရှိကြသည့်အတွက် ၎င်းဒေသများတွင် စိုက်ပျိုးသည့် ပေါ်ဆန်းဆန်များတွင် ထူးခြားသည့် သဘာဝလက္ခဏာရပ်များ ပြည့်ဝနေခြင်းဖြစ်သည်။

ပေါ်ဆန်း၏ အရည်အသွေးအဆင့်အတန်းကို ရေရှည်ထိန်းသိမ်းနိုင်ရန် စိုက်နည်းစနစ်၊ ပြုစုစောင့်ရှောက်မှုမှာ လွန်စွာအရေးကြီးလှပါသည်။ မိမိတို့ဒေသထွက် ပေါ်ဆန်းဆန်၏ အဖိုးတန်လှသော ရေမြေဂုဏ်သတင်းကို ကာကွယ်ရန်နှင့် နိုင်ငံတကာဈေးကွက်အထိ တန်ဖိုးမြှင့်တင်နိုင်ရန်အတွက် မျိုးသန့်စပါးကိုသာ ရွေးချယ်စိုက်ပျိုးရန်နှင့် ဒေသအလိုက် ထွက်ရှိသည့်ဆန်အရည်အသွေးကို တစ်ပြေးညီဖြစ်အောင် စနစ်တကျထိန်းသိမ်းထုတ်လုပ်ကြရမည်။

မြန်မာမျိုးရင်းစစ်စစ်ဖြစ်ခြင်း

ပေါ်ဆန်းဆန်သည် ခေတ်သစ်စပါးများကဲ့သို့ မျိုးကူးစပ်ထားခြင်းမဟုတ်ဘဲ မြန်မာ့ရေမြေတွင် သဘာဝအလျောက် ရာစုနှစ်ချီရှိနေခဲ့သည့် ‘ဒေသမျိုးရင်း’ ဖြစ်သည်။ ဒေသမျိုးရင်းဆိုသည်မှာ စတင်ပေါက်ဖွားရာ မူလဇာစ်မြစ်တစ်ခုတည်းကိုသာ ဆိုလိုခြင်းမဟုတ်ဘဲ ဒေသတစ်ခု၏ ရေမြေရာသီဥတုနှင့်ကိုက်ညီအောင် တောင်သူလယ်သမားများကိုယ်တိုင် နှစ်ပေါင်းများစွာ စနစ်တကျ မျိုးရွေးချယ်ပြီး ရိုးရာအတိုင်း စိုက်ပျိုးထိန်းသိမ်းလာခဲ့သည့် ဗီဇခိုင်မာသောမျိုးစစ်စစ်ဖြစ်သည်။ ဤထူးခြားသော သဘာဝဗီဇကြောင့် ပေါ်ဆန်းသည် စိုက်ပျိုးသည့် ဒေသ၏ရာသီဥတု၊ မြေဆီလွှာနှင့် ပိုးမွှားရောဂါဒဏ်များကို သဘာဝအတိုင်းခံနိုင်ရည်ရှိအောင် အလိုအလျောက် ကျင့်သားရနေပြီး ဓာတုပစ္စည်းများအသုံးပြုခြင်းထက် သဘာဝမြေဆီလွှာကို ပိုမိုနှစ်သက်ကာ မိမိဒေသအလိုက် သီးခြားအရသာနှင့်မွှေးရနံ့ကို အပြည့်အဝပေးစွမ်းနိုင်ခြင်းဖြစ်ပါသည်။

တောင်သူလယ်သမားများအနေဖြင့် မိမိတို့စိုက်ပျိုးနေသော ပေါ်ဆန်းစပါးသည် ကမ္ဘာတွင် ရှားပါးလှသည့် ရိုးရာဒေသမျိုးစစ်စစ်ဖြစ်သည်ကို နားလည်ပြီး တန်ဖိုးထားတတ်ရန်လိုအပ်ပါသည်။ ခေတ်သစ်မျိုးစပ်စပါးများသည် ကာလတိုအတွင်း အထွက်နှုန်းကောင်းမွန်နိုင်သော်လည်း ပေါ်ဆန်းကဲ့သို့ ရေမြေနှင့်တစ်သားတည်းဖြစ်ပြီး အရသာနှင့်အနံ့ပိုင်းတွင် ရေရှည်ဗီဇခိုင်မာမှုမျိုးမရှိကြပါ။ သို့ဖြစ်ရာ ပေါ်ဆန်း၏အဖိုးတန်လှသော ရိုးရာဒေသမျိုးစရိုက်လက္ခဏာများ မျိုးဆက်တစ်ဆက်မှတစ်ဆက်သို့ ပြောင်းလဲပျက်စီးမသွားစေရန်အတွက် မျိုးသန့်ထိန်းသိမ်းခြင်းလုပ်ငန်းစဉ်များကို စနစ်တကျ လိုက်နာဆောင်ရွက်ပြီး မိမိတို့၏သဘာဝအမွေအနှစ် မျိုးစေ့စစ်စစ်ကို ရေရှည်ကာကွယ်စောင့်ရှောက်သွားကြရပါမည်။

အရည်အသွေးမြင့် ပေါ်ဆန်းစိုက်ပျိုးနည်း

အရည်အသွေးကောင်းမွန်သော ပေါ်ဆန်းကိုရရှိရန်အတွက် စိုက်ပျိုးမည့်မျိုးနှင့်ကိုက်ညီသော ရေ၊ မြေ၊ ရာသီဥတုနှင့် စိုက်ပျိုးနည်းစနစ်များကို မှန်ကန်စွာရွေးချယ်ရန်လိုအပ်ပါသည်။ စိုက်ပျိုးမည့် မြေအမျိုးအစားအနေဖြင့် မြေနုကျွန်းမြေ၊ မြစ်ဝကျွန်းပေါ် နုန်းမြေ၊ ရေထိန်းနိုင်သော လယ်မြေနိမ့်ပိုင်းနှင့် ရေသွင်းရေထုတ်ထိန်းချုပ်နိုင်သော မြေပြန့်လယ်မြေများဖြစ်ရမည်။ ပေါ်ဆန်း၏ အဓိကလက္ခဏာဖြစ်သော အမွှေးနံ့မှာ မျိုးဗီဇတစ်ခုတည်းကြောင့်မဟုတ်ဘဲ စိုက်ပျိုးချိန်အတွင်း အပူချိန်၊ ရေသုံးစွဲမှုနှင့် နေရောင်ခြည်ရရှိမှုတို့အပေါ်တွင်လည်း များစွာမူတည်နေပါသည်။ အထူးသဖြင့် စပါးစေ့ဖြည့်တင်းချိန်ကာလတွင် နေ့အပူချိန် ၂၂ ဒီဂရီစင်တီဂရိတ်နှင့် ညအပူချိန် ၁၇ ဒီဂရီစင်တီဂရိတ်ရှိခြင်းသည် အမွှေးနံ့ကိုဖြစ်ပေါ်စေသည့် 2AP ဒြပ်ပေါင်းထုတ်လုပ်မှုအတွက် အသင့်တော်ဆုံးဖြစ်ပြီး အပူချိန်မြင့်မားပါက အမွှေးနံ့လျော့နည်းသွားတတ်သဖြင့် စိုက်ချိန်နှင့်မျိုးကို အထူးဂရုစိုက်ရမည်။ အမွှေးနံ့များမပျောက်ပျက်ဘဲ ရေရှည်ထိန်းသိမ်းနိုင်ရန်အတွက် ဆန်၏ အစိုဓာတ်ကို ၁၂ ရာခိုင်နှုန်းအောက်ထားကာ အပူချိန် ၁၅-၂၅ ဒီဂရီစင်တီဂရိတ်ခန့်ရှိသော အေးမြခြောက်သွေ့သည့်နေရာတွင် လေလုံအိတ်များဖြင့် စနစ်တကျသိုလှောင်ရမည်။

ပေါ်ဆန်းဆန်သည် သာမန်စားသုံးရန် ဆန်မျှသာမဟုတ်ဘဲ အံ့ဩဖွယ်ရာ သဘာဝလျှို့ဝှက်ချက်များစွာ ကိန်းအောင်းနေသည့် မြန်မာ့မြေ၏ဂုဏ်ယူဖွယ်ရာ ရတနာတစ်ပါးဖြစ်ပါသည်။ ချက်ပြုတ်လိုက်သည့်အခါ အလျားလိုက် သုံးဆနီးပါးအထိ ရှည်ထွက်သွားသည့် ထူးခြားသောဗီဇ၊ စားသုံးသူတိုင်း စွဲမက်ရသည့် အပျော့အမာမျှတမှု၊ နှစ်ရှည်လများအထိ ထိန်းထားနိုင်သော မွှေးရနံ့နှင့်ဒေသအလိုက် ထူးကဲလှသည့် ရေမြေဂုဏ်သတင်းတို့ကြောင့် ပေါ်ဆန်းသည် ကမ္ဘာ့ဆန်စင်မြင့်ထက်တွင် ကမ္ဘာ့ထိပ်တန်းဆန်များကို ကျော်ဖြတ်ကာ နှစ်ကြိမ်တိုင်တိုင် သရဖူဆောင်းနိုင်ခဲ့ခြင်းဖြစ်ပါသည်။

သို့ဖြစ်ရာ ထူးကဲသော မျိုးရိုးဗီဇနှင့်အရည်အသွေးများကို ရေရှည်တည်တံ့စေရန်အတွက် စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ၊ နည်းပညာပံ့ပိုးပေးမည့် စိုက်ပျိုးရေးပညာရှင်များနှင့် ပြည်တွင်း ပြည်ပ စားသုံးသူပြည်သူလူထုအားလုံးက တစ်ဦးတစ်ယောက်ချင်းစီအလိုက် တန်ဖိုးထားထိန်းသိမ်း စောင့်ရှောက်သွားကြရမည်ဖြစ်ပါသည်။ မိမိတို့အားလုံးညီညွတ်စွာဖြင့် ပေါ်ဆန်း၏မူလအရည်အသွေးနှင့် မျိုးသန့်မှုကို စနစ်တကျ ကာကွယ်ထိန်းသိမ်းမြှင့်တင်သွားကြခြင်းဖြင့် မြန်မာ့ပေါ်ဆန်းမွှေးဆန်သည် ကမ္ဘာ့အဆင့်မီဆန်အဖြစ် ရာစုနှစ်ပေါင်းများစွာတိုင်အောင် ဆက်လက်မွှေးပျံ့ တောက်ပနေမည်မှာ ဧကန်မလွဲပင်ဖြစ်ပါတော့သည်။ ။

No comments:

Post a Comment