Sunday, October 11, 2026

မြန်မာနိုင်ငံ၏ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးလမ်းခရီးနှင့် ရေရှည်တည်တံ့သော စွမ်းအင်မဟာဗျူဟာ

ကောင်းပြည့်

မိမိတို့နိုင်ငံ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလမ်းခရီးတွင် လျှပ်စစ်ကဏ္ဍသည် အသက်သွေးကြောကဲ့သို့ အလွန်အမင်းအရေးပါလျက်ရှိကာ ရေရှည်တည်တံ့သော စွမ်းအင်လိုအပ်ချက်များကို ဖြေရှင်းရာတွင် ရေအားလျှပ်စစ်ကဏ္ဍသည် အသင့်တော်ဆုံးနှင့် အကောင်းဆုံးသော မဟာဗျူဟာမြောက် အဖြေတစ်ခုအဖြစ် ခိုင်မာစွာရပ်တည်လျက်ရှိပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့် တာဝန်ယူချိန်မှစတင်၍ “တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရရှိရေး” နှင့် “ဖွံ့ဖြိုးတိုးတက်မှုရရှိရေး”ဆိုသည့် ဦးစားပေး ရည်မှန်းချက်နှစ်ရပ်ကို အရှိန်အဟုန်မြှင့် ဖော်ဆောင် လျက်ရှိရာတွင် ဤစွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုသည် အဓိက မောင်းနှင်အားတစ်ခုအဖြစ် အခိုင်အမာ တည်ရှိနေပါသည်။

ဟန်ချက်ညီညီဖော်ဆောင်သွားရန် အထူးပင်လိုအပ်

နိုင်ငံတစ်ဝန်းရှိ စက်မှုဇုန်ကြီးများ၊ အသေးစား နှင့် အလတ်စားလုပ်ငန်းငယ်များအပြင် ပြည်သူ တစ်ရပ်လုံး၏ နေ့စဉ်ဘဝလှုပ်ရှားမှုများအတွက် တည်ငြိမ်ပြီး လုံလောက်သော လျှပ်စစ်စွမ်းအင်ကို အပြည့်အဝဖြည့်ဆည်း ပေးနိုင်ရေးသည် လက်ရှိအချိန်တွင် မြန်မာနိုင်ငံရင်ဆိုင်ကျော်ဖြတ်ရမည့် အဓိကကျပြီး အရေးအကြီးဆုံး စိန်ခေါ်မှုတစ်ရပ် ဖြစ်နေပေရာ ဤမဟာဗျူဟာမြောက် လိုအပ်ချက်များကို ဉာဏ်ပညာရှိရှိဖြင့် ဟန်ချက်ညီညီ ဖော်ဆောင်သွားရန် အထူးပင် လိုအပ်ပါသည်။

နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထု၏ လူနေမှုအဆင့်အတန်း မြင့်မားစေရေးအတွက် လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေးက အလွန်အရေးကြီးပါသည်။

ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများသည် ရေရှည်စဉ်ဆက်မပြတ် ဓာတ်အားထုတ်လုပ်ရန် အရေးကြီးသဖြင့် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကာ ဧရာဝတီမြစ်ကြီးပေါ်တွင်လည်း ဓာတ်အားပေးစက်ရုံများ တည်ဆောက်နိုင်ရေး လေ့လာမှုလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်နေရမည် ဖြစ်ပါသည်။ ထို့ပြင် မြစ်ဆုံစီမံကိန်းအပါအဝင် လျှပ်စစ်စီမံကိန်းများကို ဆောလျင်စွာ အကောင် အထည်ဖော်နိုင်ပါက နိုင်ငံတော်အတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားများကို အပြည့်အဝဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပြီး ပြည်သူလူထု၏ လူမှုစီးပွားဘဝအဆင့်အတန်း မြင့်မားစေမည်ဖြစ်ပါသည်။

နိုင်ငံတော်အတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားများကို ရရှိနိုင်မည့် နည်းလမ်းမျိုးစုံဖြင့် ရှာဖွေရာတွင် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ် အားပေးလုပ်ငန်းနှင့် နျူကလီးယားစွမ်းအင်သုံး လုပ်ငန်းများကိုပါ ထည့်သွင်း စဉ်းစား လျက်ရှိကြောင်း သိရပါသည်။ ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ရရှိရေးစီမံချက် ပြည့်မီစေရန် အတွက် ၆၆၀ မဂ္ဂါဝပ်အထိ ထွက်ရှိမည့်၊ သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုကို အနည်းဆုံးဖြစ်စေမည့် အဆင့်မြင့်ပညာသုံး ကျောက်မီးသွေးဓာတ်အားပေး စက်ရုံကိုငါးနှစ်အတွင်း အဆင့်လိုက် တည်ဆောက် သွားမည့်အပြင် နျူကလီးယားစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးကိုလည်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိ ရပါသည်။

နိုင်ငံတော်၏ စက်မှုလက်မှုကဏ္ဍ သိသာထင်ရှားစွာ မြင့်မားလာစေရန်နှင့် မြို့ပြဒေသများ သာမက ဝေးလံခေါင်သီသော ကျေးလက်ဒေသများပါ ကျယ်ကျယ်ပြန့်ပြန့် ဖွံ့ဖြိုးတိုးတက်လာစေရန် အတွက် သန့်ရှင်းပြီး စွမ်းအားပြည့်ဝသော လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေးမှာ မရှိမဖြစ်လိုအပ်ချက်တစ်ခု ဖြစ်လာပါသည်။ စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမရှိဘဲ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော်ရန် မဖြစ်နိုင်ပါ။ သဘာဝ ပတ်ဝန်းကျင်နှင့်ကိုက်ညီပြီး ပြန်လည်ပြည့်ဖြိုးမြဲ ဖြစ်သော ရေအားလျှပ်စစ်ကဲ့သို့သော စွမ်းအင်အရင်း အမြစ်များကို စနစ်တကျဖော်ထုတ်အသုံးချသွားခြင်းအားဖြင့် နိုင်ငံ၏ စီးပွားရေးတည်ငြိမ်မှုနှင့်ရေရှည် တိုးတက်မှုကို အဓိကကျောရိုးသဖွယ် အကောင်းဆုံးထောက်ပံ့ပေးနိုင်မည်ဖြစ်ပါသည်။

ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို အကောင်းဆုံးဦးတည်လျက်ရှိ

ထိုသို့ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ခေတ်မီအင်ဂျင်နီယာ နည်းပညာများ၊ အဆင့်မြင့်စံချိန်စံ ညွှန်းများနှင့် နိုင်ငံတကာ အတွေ့အကြုံများကို အပြည့်အဝအသုံးချနိုင်ရန်အတွက် မိတ်ဖက်နိုင်ငံ များနှင့် ကျွမ်းကျင်ပညာရှင်အဖွဲ့အစည်းများက နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ရေရှည် တည်တံ့ခိုင်မြဲမည့် အောင်မြင်သောစီမံကိန်းတစ်ခု ဖြစ်လာစေရန် ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို အကောင်းဆုံးဦး တည်လျက်ရှိပါသည်။

ဤကဲ့သို့သော ကြီးမားသည့် စွမ်းအင်စီမံကိန်း ကြီးများမှ အောင်မြင်စွာထွက်ရှိလာမည့် ဓာတ်အား များသည် နိုင်ငံတော်၏ ပြည်တွင်းစွမ်းအင်လုံခြုံရေးကို ရေရှည်ခိုင်မာစေမည့် အဓိက အုတ်မြစ်တစ်ခု အဖြစ်သို့ ရောက်ရှိစေမည်ဖြစ်ပါသည်။ စက်မှုဇုန်ကြီးများတွင် လျှပ်စစ်မီးပြတ်တောက်မှုမရှိဘဲ စဉ်ဆက်မပြတ်ချောမွေ့စွာ လည်ပတ်လာနိုင်ခြင်းအားဖြင့် ကုန်ထုတ်လုပ်မှုကဏ္ဍများ အရှိန်အဟုန်ဖြင့် မြင့်တက်လာကာ နိုင်ငံတကာ ဈေးကွက်များနှင့် ရင်ပေါင်တန်း ယှဉ်ပြိုင်နိုင်စွမ်းများကိုပါ အပြည့်အဝ ပိုင်ဆိုင်လာစေမည် ဖြစ်ပါသည်။

ထို့ပြင် ကျေးလက်ဒေသများအထိပါ လျှပ်စစ်မီးကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးပေးနိုင်ခြင်းဖြင့် ပြည်သူတစ် ရပ်လုံး၏ နေ့စဉ်လူမှုဘဝ အရည်အသွေးများ မြင့်မားလာကာ ပညာရေး၊ ကျန်းမာရေးနှင့် ခေတ်မီနည်းပညာသုံး စီးပွားရေးလုပ်ငန်းများကို ပိုမိုကျယ်ပြန့်စွာ တိုးချဲ့ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါသည်။

စီမံကိန်းကို ဒေသတွင်းနိုင်ငံများနှင့် ရေရှည်အကျိုးတူ ပူးပေါင်းတည်ဆောက်ခြင်းသည် နိုင်ငံ တော်အတွက် နိုင်ငံခြားဝင်ငွေများကို တိုးမြှင့်ရှာဖွေ ပေးနိုင်ရုံသာမက နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ ကိုပါ ဖိတ်ခေါ်နိုင်သည့် အလားအလာကောင်းများကို ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။ အိမ်နီးချင်း မိတ်ဖက် နိုင်ငံများနှင့် နည်းပညာ၊ အရင်းအနှီးနှင့် ဈေးကွက်များကို အနီးကပ်ချိတ်ဆက် ဆောင်ရွက်ခြင်းအားဖြင့်နိုင်ငံ၏ စီးပွားရေးအခြေခံ အဆောက်အအုံများကို ခေတ်မီဆန်းသစ်လာစေရန် အကောင်းဆုံး အထောက်အကူပြုမည်ဖြစ်ပါသည်။

ရေအားလျှပ်စစ်စီမံကိန်းများကို အကောင် အထည်ဖော်ရာတွင် စီမံကိန်းဧရိယာအတွင်းရှိ ဒေသခံပြည်သူများ၏ အကျိုးစီးပွားနှင့် လူမှုဖူလုံရေးကို ဦးစားပေးလုပ်ဆောင်ခြင်းသည် ရေရှည်တည်တံ့ ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအကျဆုံးသော အုတ်မြစ်တစ်ခုဖြစ်ပါသည်။ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကြောင့် ဒေသခံပြည်သူများအထူးသဖြင့် ကချင်ပြည်နယ်အတွက် ခေတ်မီအဆောက် အအုံများ၊ လမ်းပန်းဆက်သွယ်ရေး၊ သန့်ရှင်းသော သောက်သုံးရေ၊ လျှပ်စစ်မီး၊ ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ အခြေခံအဆောက်အအုံများ ပါဝင်ကောင်းမွန်သည့် ပြန်လည်နေရာချထားရေးအစီအမံများကို အပြည့်အဝခံစား ရရှိစေမည်ဖြစ်ပါသည်။

“အကျိုးတူပူးပေါင်းဆောင်ရွက်မှု”စနစ်များ ဖော်ထုတ်ကျင့်သုံးသွားမည်

ထို့ပြင် ဒေသခံတို့၏ ရိုးရာအသက်မွေး ဝမ်းကျောင်းလုပ်ငန်းများကို လေးစားတန်ဖိုးထား သည့်အပြင် ခေတ်မီစိုက်ပျိုးမွေးမြူရေးနှင့် အသက် မွေးဝမ်းကျောင်းသင်တန်းများကိုပါ ပံ့ပိုးဖန်တီးပေး ခြင်းဖြင့် ဒေသခံတို့၏ လူမှုဘဝလုံခြုံရေးနှင့် အနာဂတ်အတွက် ခိုင်မာသောအာမခံချက်များကို အပြည့်အဝ ဖော်ဆောင်ပေးနိုင် မည်ဖြစ်ပါသည်။ စီမံကိန်းမှ ရရှိလာမည့် အကျိုးအမြတ်များနှင့် လျှပ်စစ်စွမ်းအင်များကို ဒေသခံပြည်သူများက ဦးစားပေး ခံစားခွင့်ရရှိစေမည့် “အကျိုးတူပူးပေါင်းဆောင်ရွက်မှု” စနစ်များကို ရှင်းလင်းခိုင်မာစွာ ဖော်ထုတ်ကျင့်သုံးသွားမည် ဖြစ်ပြီး ဝင်ငွေအချို့ကို ဒေသတွင်း ရေရှည်ဖွံ့ဖြိုးရေး ရန်ပုံငွေများအဖြစ် သတ်မှတ်ကာ ဒေသခံများ၏ လူမှုဖူလုံရေးနှင့် မျိုးဆက်သစ်လူငယ်များအတွက် ပညာရေးရန်ပုံငွေများတွင် ပြန်လည်ရင်းနှီးမြှုပ်နှံပေး နိုင်မည်ဖြစ်ပါသည်။

ဧရာဝတီမြစ်ဆုံစီမံကိန်း အောင်မြင်စေရန်အတွက် လွတ်လပ်သော ပညာရှင်များ၏ သိပ္ပံ နည်းကျ သုံးသပ်ချက်များနှင့် ပြည်သူလူထုအကြား ပွင့်လင်းမြင်သာစွာ တိုင်ပင်ဆွေးနွေးမှုများကို စနစ်တကျအကောင် အထည်ဖော်ရန် နိုင်ငံတော်က အလေးထား ဆောင်ရွက်လျက်ရှိပါသည်။

စီမံကိန်းဧရိယာ၏ တည်နေရာအနေအထား၊ ဘူမိဗေဒဆိုင်ရာ အချက်အလက်များနှင့် သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ သက်ရောက်မှုများကို ဘက်လိုက်မှုကင်းစင်သော ပြည်တွင်း၊ ပြည်ပ ဘူမိဗေဒပညာရှင်များ၊ သဘာဝပတ်ဝန်းကျင် ကျွမ်းကျင်သူများနှင့် လွတ်လပ်သော သုတေသီများ ပါဝင်သည့်အဖွဲ့စုံတို့က သိပ္ပံနည်းကျ တိကျသေချာ စွာဖြင့် စိစစ်လေ့လာဆန်းစစ်နိုင်ရေး အခိုင်အမာ လုပ်ဆောင်ထားပြီး ဖြစ်ပါသည်။

ထို့ပြင် ဒေသတွင်း တည်ရှိသည့် မြစ်ကြီးနား တက္ကသိုလ်မှ ဘူမိဗေဒပညာရှင်များ၊ သုတေသီများနှင့် ပညာရှင်အဖွဲ့အစည်းများအနေဖြင့်လည်း ဒေသန္တရဘူမိဗေဒဆိုင်ရာ အချက်အလက်များ၊ ရေမြေအနေ အထားနှင့် သဘာဝပတ်ဝန်းကျင် သက်ရောက်မှု လေ့လာဆန်းစစ်ရေးလုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းပါဝင်လျက်ရှိရာ ဒေသ အခြေပြု သိပ္ပံနည်းကျ သုတေသနလုပ်ငန်းများနှင့် စိစစ်သုံးသပ်ချက်များအတွက် အဓိကကျသော အသိပညာအထောက်အကူပြု အခန်းကဏ္ဍမှ အခိုင် အမာ ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။

ထို့အတူ စီမံကိန်းနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို သက်ဆိုင်သူအားလုံးထံသို့ ပွင့်လင်းမြင်သာစွာ ချပြခြင်းနှင့် ဒေသခံပြည်သူများ၊ ရပ်မိရပ်ဖများနှင့် အရပ်ဘက်အဖွဲ့အစည်းများ ပါဝင်သော လူထုတွေ့ဆုံဆွေးနွေးပွဲများ ကျင်းပခြင်းဖြင့် ပြည်သူလူထု၏ သံသယများကို ထိရောက်စွာ ဖြေလျှော့ပေးလျက်ရှိပါသည်။ ဤကဲ့သို့ အားလုံးပါဝင်သည့် ပွင့်လင်းမြင်သာသော ဆွေးနွေးတိုင်ပင်မှုစနစ်ကို ကျင့်သုံးခြင်းအားဖြင့် စီမံကိန်းအတွက် အကောင်းဆုံးသော သင့်မြတ်သည့် သဘောတူညီ ချက်များကို ရရှိစေနိုင်မည်ဖြစ်ပါသည်။

 

နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကိုပါ ဆွဲဆောင်လာနိုင်မည်

ကြီးမားသော စွမ်းအင်မဟာစီမံကိန်းကြီးများကို အကောင်အထည်ဖော်ခြင်းသည် မြန်မာနိုင်ငံ၏ ခေတ်မီဖွံ့ဖြိုး တိုးတက်ရေး လမ်းခရီးနှင့် ရေရှည် တည်တံ့သော စွမ်းအင်မဟာဗျူဟာ၏ တစ်စိတ် တစ်ပိုင်းအဖြစ် နိုင်ငံတော်၏ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးရုံသာမက ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အတွက် အခြားသော နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ ကိုပါ ဆွဲဆောင်လာနိုင်မည်ဖြစ်ပါသည်။

လျှပ်စစ်စွမ်းအင် အရင်းအမြစ်များ ခိုင်မာစွာ တည်ရှိနေခြင်းသည် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံ သူများအတွက် အဓိကကျသော အခြေခံအုတ်မြစ် ဖြစ်သည့်အလျောက် စက်မှုဇုန်အသစ်များ တည်ထောင်ခြင်း၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများနှင့် နည်းပညာအခြေခံလုပ်ငန်းများ တိုးချဲ့လာခြင်းတို့ကို ဖြစ်ပေါ်စေကာ နိုင်ငံတကာရင်းနှီး မြှုပ်နှံမှုများကို ကျယ်ကျယ်ပြန့်ပြန့် ဝင်ရောက်လာစေရန် အထောက်အကူပြုမည်ဖြစ်ပါသည်။

ထိုကဲ့သို့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများနှင့် စွမ်းအင်ထုတ်လုပ်မှုလုပ်ငန်းများ တိုးပွားလာခြင်း ကြောင့် နိုင်ငံတော်အတွက် ဘက်စုံမှအကျိုးကျေးဇူးများ ဖြစ်ထွန်းလာစေပြီး နိုင်ငံတော်၏ဘဏ္ဍာငွေနှင့် ဝင်ငွေတိုးတက်မှုကို တိုက်ရိုက်အထောက်အကူပြု စေမည်ဖြစ်ပါသည်။ စီမံကိန်းများမှ ရရှိလာမည့် အခွန်အကောက်များ၊ ဝင်ငွေခွဲဝေမှုများနှင့် စီးပွား ရေးလုပ်ငန်းများ တိုးချဲ့လာမှုတို့ကြောင့် နိုင်ငံတော်၏ ဘတ်ဂျက်ဝင်ငွေများ သိသာထင်ရှားစွာ တိုးတက်လာမည်ဖြစ်ကာ တိုင်းပြည်တည်ဆောက်ရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် ဒေသန္တရ ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ငွေကြေးအရင်းအနှီးများကို ပိုမိုတိုးမြှင့်သုံးစွဲနိုင်မည် ဖြစ်ပါသည်။

နိုင်ငံတော်အစိုးရ၏ ဦးစားပေးရည်မှန်းချက် နှစ်ရပ်ဖြစ်သည့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို လက်တွေ့ဘဝတွင် အမှန်တကယ် အောင်မြင်ဖြစ်ထွန်းလာစေရန် အတွက် စီးပွားရေးနှင့် စွမ်းအင်ဆိုင်ရာ အောင်မြင်တိုးတက်မှုများမှာ အဓိက မောင်းနှင်အားပင်ဖြစ်ပါသည်။ တည်ငြိမ်လုံလောက်သောစွမ်းအင်စနစ်၊ စဉ်ဆက်မပြတ်ဝင်ရောက်လာမည့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများနှင့် နိုင်ငံတော်ဝင်ငွေတိုးတက်မှုတို့ ဟန်ချက်ညီညီ ပေါင်းစပ်သွားခြင်းအားဖြင့် နိုင်ငံတော်၏ မျှော်မှန်းချက်ပန်း တိုင်များကို အပြည့် အဝအကောင်အထည်ဖော်နိုင်မည်ဖြစ်ပါသည်။ ထိုမှတစ်ဆင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွား ဘဝများကို အဆင့်အတန်းမြင့်မားစွာဖြင့် ရေရှည် တည်တံ့ခိုင်မြဲသောအနာဂတ်ဆီသို့ အောင်မြင်စွာ ပို့ဆောင်ပေးနိုင်မည်ဖြစ်ပါသည်။

သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်များကို အထူးစာနာထောက်ထား

နိဂုံးချုပ်အားဖြင့် ဆိုရသော် နိုင်ငံတော်အနေဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မလွဲမသွေ လိုအပ်လျက်ရှိ သော စွမ်းအင်လိုအပ်ချက်များကို ဖြည့်ဆည်းပေးရေးနှင့်နိုင်ငံ၏ အသက်သွေးကြောဖြစ်သည့် ဧရာဝတီမြစ်ဝှမ်းဒေသ၏ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်များကို အထူးစာနာထောက်ထားကာ နောင်လာမည့် မျိုးဆက်သစ်တို့အတွက် အမွေအနှစ်တစ်ရပ်အဖြစ် အလေးထားကာကွယ် စောင့်ရှောက်ရေး ဟူသော ရည်မှန်းချက်နှစ်ရပ်ကို တစ်သားတည်းဖြစ်စေကာ ဟန်ချက်ညီညီ ထင်ဟပ်မိ လျက်အစဉ်တစိုက်မူ ဝါဒချမှတ် အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိပါသည်။

အထူးသဖြင့် ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ်စီမံ ကိန်းကဲ့သို့သော မဟာစီမံကိန်းကြီးများကို ရှုမြင်သုံးသပ် ရာတွင် နိုင်ငံတော်၏ အနာဂတ်အကျိုးစီးပွား၊ ပြည်သူတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အကျိုးဆက်များကို ဘက်ပေါင်းစုံမှ စေ့စေ့စပ်စပ် ခြုံငုံသုံးသပ်လျက် စဉ်းစားတွေးခေါ်ကာ အမြော်အမြင်ကြီးမားစွာဖြင့် ဦးဆောင်အကောင်အထည်ဖော်လျက်ရှိပေသည်။

သို့ဖြစ်ပါ၍ အားလုံးပါဝင်သည့် ပွင့်လင်းမြင်သာသော ဆွေးနွေးတိုင်ပင်မှုများ၊ ခေတ်မီနည်းပညာသုံး ပတ်ဝန်းကျင်ကာကွယ်မှုများနှင့် တရားမျှတသောအကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများကို ခိုင်မာစွာ အခြေခံလျက် နိုင်ငံနှင့်ပြည်သူ နှစ်ဦးနှစ်ဖက်လုံးအတွက် ရေရှည်အကျိုးဖြစ်ထွန်းစေမည့် ခေတ်မီ ဖွံ့ဖြိုးတိုး တက်ရေးလမ်းခရီးနှင့် ရေရှည်တည်တံ့သော စွမ်းအင်မဟာဗျူဟာကို ဖော်ဆောင်နိုင်ရန်အတွက် ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်မဟာစီမံကိန်းကြီးကို ပြည်သူလူထုတစ်ရပ်လုံး၏ အကျိုးစီးပွားကို အမှန်တကယ်ရှေးရှုလျက် အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်သွားကြပါစို့ဟု လေးနက်စွာ တိုက်တွန်းအပ်ပါသည်။ ။

No comments:

Post a Comment